တရုတ်ပြည်မှာ သိပ်ထင်ပေါ်စွာမနေတတ်ခဲ့လို့ လူသိနည်းတဲ့ ဘီလျံနာကြီး 'ကြူး' ဟာ ထုံးတမ်းစဉ်လာအရ ဥရောပကုမ္ပဏီတွေကြီးစိုးတဲ့ ဖက်ရှင်စီးပွားလောကက ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတွေနဲ့ယှဉ်ပြိုင်တဲ့ တရုတ်ကုမ္ပဏီကို ဦးဆောင်နေပြီး ယင်းမှာဖက်ရှင်လောကအတွက်ကြီးမားတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ အသက် ၁၇ နှစ်အရွယ်က 'ရီ' အထည်စက်ရုံတစ်ရုံမှာ အလုပ်သင်အဖြစ်စလုပ်ခဲ့တဲ့ 'ကြူး' ဟာ ပြင်သစ်ဖက်ရှင်ကုမ္ပဏီ sMcp နဲ့ ဗြိတိန်မှ Aquascutum တို့အပါအဝင် ဥရောပအဆင့်မြင့်ဖက်ရှင် လုပ်ငန်းအတော်များများကို ဒေါ်လာတွေဘီလီယံပေါင်းများစွာပေးပြီး သိမ်းပိုက်ထားသူပါ။
အရပ်မြင့်မြင့်အနက်ရောင်ဝတ်စုံဝတ်ပြီး အနီရောင်လည်စည်းစည်းထားတဲ့ 'ကြူး' က LVMH လို ကြီးမားတဲ့ ကုမ္ပဏီမျိုး ချက်ချင်းဖြစ်ဖို့မလွယ်ပေမယ့် ရှန်ဒေါင်ရီကုမ္ပဏီမှာ အဲဒီရည်ရွယ်ချက်ရှိတယ်လို့ဆိုပါတယ်။
''LV (Louis Vuitton) ဟာ နတ်ဘုရားဆန်တဲ့ ကမ္ဘာကျော်စီးပွားရေးလုပ်ငန်းကြီးဖြစ်ပါတယ်။ ကျွန်တော်တို့အတွက် LV က နမူနာစံပြပါ။ ကျွန်တော်တို့ သူ့လိုဖြစ်ဖို့ဝေးသေးပေမယ့် အဲဒါဟာ ကျွန်တော်တို့ရဲ့ အနာဂတ်စိတ်ကူးပါ'' လို့ ၁၉၅၈ ခုနှစ်ဖွား 'ကြူး' က ဟောင်ကောင်မှာ ကျင်းပတဲ့အဆင့်မြင့်အဝတ်အထည်လုပ်ငန်း အစည်းအဝေးမှာပြောခဲ့ပါတယ်။
''အဲဒီလိုဖြစ်ဖို့ ငါးနှစ်ကြာမလား၊ ဆယ်နှစ်ကြာမလား ဒါမှ ပိုတော်တဲ့အဖွဲ့၊ ဒါမှမဟုတ် နောက်မျိုးဆက်တစ် ဆက်လိုအပ်မလားဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။ ဒါဟာ သိပ်အရေးကြီးတဲ့ စီမံကိန်းနဲ့စိန်ခေါ်မှုဖြစ်ပါတယ်။ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူများ စိတ်ကူး စိတ်သန်း တွေကို လေ့လာသူများဆည်းပူးရမယ်၊ အတုခိုးရမယ်၊ ဒါမှမဟုတ် စိတ်ကူးတွေကို ငှားရမ်းရမယ်'' လို့ သူကပြောပါတယ်။
'ကြူး' က ရှန်ဒေါင်ရီကုမ္ပဏီဟာ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်မယ့်လက္ခဏာရှိတဲ့ ဖက်ရှင်ရေစီးအသစ်ဖော်ဆောင်မယ့် စံချိန်မီကုန်စည်တွေကို ဆက်လက်ဝယ်ယူသွားမှာဖြစ်ပေမယ့် လူပြိန်းကြိုက် 'နေ့မြင်ညပျောက်' ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကိုတော့ သိပ်စိတ်မဝင်စားဘူးလို့ ပြောပါတယ်။ 'ရှန်ဒေါင်ရီ' မှာ ဖက်ရှင်တံဆိပ်တွေအတွက် ခိုင်မာပြီးတိကျစေ့စပ်တဲ့ လိုအပ်ချက်တွေနဲ့ ဗျူဟာကျတဲ့နေရာယူမှုရှိပါတယ်။
''မြင့်မားတဲ့အရည်အသွေး၊ တိုးတက်မှုနဲ့ ဈေးနှုန်းသတ်မှတ်မှုအနေအထားနဲ့ အံဝင်တဲ့တံဆိပ်တွေကို ကျွန်တော်တို့အမြဲစောင့်ကြည့်လေ့လာနေပါတယ်'' လို့ 'ကြူး' က ပြောပါတယ်။ ရှန်ဒေါင်ရီကုမ္ပဏီနဲ့ 'ကြူး' တို့ဟာ ကြီးမားပေမယ့် အရှိန်နှေးကွေးတဲ့ တရုတ်ပြည်ရဲ့အဝတ်အထည်ဈေးကွက်ကို ပစ်မှတ်ထားဖို့ ကုန်စည်တွေကို ကူညီချင်ပါတယ်။ အဲဒီဈေးကွက်ဟာ ၂၀၂၂ ခုနှစ်ကျရင် လက်ရှိပမာဏရဲ့ ၁၀ ရာခိုင်နှုန်းအဖြစ် ယွမ် ၂ .၂ ထရီလီယံ (ဒေါ်လာ ၃၁၆ .၀၅ ဘီလီယံ) တိုးတက်လာမယ်လို့ သုတေသနလုပ်ငန်း Euromonitor က ခန့်မှန်းထားပါတယ်။ အဲဒီအဆင့်ရောက်ဖို့ ရှန်ဒေါင်ရီကုမ္ပဏီအနေနဲ့ အချက်အလက်များများနဲ့ အွန်လိုင်းစတိုးတွေလို ဈေးဝယ် သူဦးရေတိုးပွားရယူဖို့ ကြိုးစားရမယ်လို့ ဆိုပါတယ်။
ရှန်ဒေါင်ရီကုမ္ပဏီက ဖက်ရှင်လုပ်ငန်းဘက်ဦးလှည့်ခြင်းဟာ Fosun International လို ဧရာမစုပေါင်း ကုမ္ပဏီကြီးတွေအပါအဝင် တရုတ်ကုမ္ပဏီကြီးတွေရဲ့ ပိုမိုကျယ်ပြန့်လာတဲ့လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ အဲဒါက ဖက်ရှင်လုပ်ငန်းရောင်းဝယ်မှုပြုလုပ်ခြင်းကို တိုးမြှင့်ပေးဖွယ်ရှိပါတယ်။ တစ်ချိန်က အစိုးရပိုင်အထည်စက်လုပ်ငန်းဖြစ်တဲ့ ရှန်ဒေါင်ရီကို လွန်ခဲ့တဲ့ အနှစ် ၂၀ က အစိုးရရဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုအဖြစ် ပုဂ္ဂလိကပိုင်ပြုလုပ်ခဲ့ပါတယ်။ ရှန်ဒေါင်ရီဟာ ၂၀၁၀ ပြည့်နှစ်မှာ တခြားကုမ္ပဏီတွေဝယ်ယူမှုကို စတင်ခဲ့ပြီး ဂျပန်ကုမ္ပဏီ Renown ကအစ ဟောင်ကောင်အခြေစိုက် Trinity Group နဲ့ Lycra တို့လို အထည်လုပ်ငန်းတွေအထိ ဝယ်ယူခဲ့ပါ တယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၈၄ နိုင်ငံမှာ ရုံးခွဲတွေရှိတဲ့ ရှန်ဒေါင်ရီရဲ့ နှစ်စဉ်ရောင်းရငွေဟာ ယွမ်ငွေဘီလီယံ ၂၀ ကျော်တယ်လို့ 'ကြူးယာဖု' က ပြောပါတယ်။
Qiu Yafu နှင့် Shandong Ruyi ကုမ္ပဏီနောက်ကြောင်း
အထည်ထုတ်လုပ်ရေးကုမ္ပဏီ Shandong Ruyi ရဲ့ ဥက္ကဋ္ဌကြီး ကြူးယာဖုဟာ အရှုံးပေါ်နေတဲ့စက်ရုံကို R&D (သု တေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး) ကိစ္စဇောင်းပေးပြီး Hugo Boss နဲ့ Armani တို့အပါအဝင် ကမ္ဘာကျော်တန်ဖိုးကြီး ဖက်ရှင်ကုမ္ပဏီတွေကို အဆင့်မြင့် အကောင်းစားပိတ်စတွေ ပေးသွင်းခြင်းအထိ လုပ်ဆောင်ကာ တိုးတက်ဖွံ့ဖြိုးအောင် ပြောင်းလဲပေးခဲ့ပါတယ်။
သူဟာ ရှန်ဒေါင်ရီကုမ္ပဏီအနေနဲ့ SMCP ၊ Bally ၊ Aquascutum ၊ Gieves & Hawkes နဲ့ Renown စတဲ့ ကမ္ဘာကျော်ပြည်ပကုမ္ပဏီတွေကို ဝယ်ယူဖို့ ဦးဆောင်ခဲ့ပါတယ်။
တရုတ်ပြည်၊ ရှန်ဒေါင်ပြည် နယ်၊ ကျီနင်းမြို့ ဇာတိဖြစ်သူ 'ကြူး' ဟာ ၁၉၇၅ ခုနှစ်က အစိုးရသိုးမွေးစက် ရုံရှန်ဒေါင်ရီမှာ နည်းပညာရှင်အဖြစ် အမှုထမ်းပြီး ၁၉၉၃ ခုနှစ်မှာ ရှီယန်း ပိုလီတက္ကနစ်တက္ကသိုလ်မှ စီးပွားရေး စီမံခန့်ခွဲမှုဘွဲ့ရရှိကာ ဆင်းဟွာတက္ကသိုလ်မှ အမ်ဘီအေဘွဲ့တက်ယူခဲ့ပါတယ်။ သူဟာ မကြာခင် ရှန်ဒေါင်ရီစက်ရုံမှာ လက်ထောက်မန်နေဂျာဖြစ်လာပြီး ယင်းစက်ရုံရဲ့အထည်တွေကို သုတေသနပြုဖို့နဲ့ဖွံ့ဖြိုးစေဖို့ ရင်းနှီးမြှုပ်နှံခဲ့ကာ Hugo Boss နဲ့ Arnani တို့လို ကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီတွေအတွက် ပိတ်စတွေ ပေးသွင်းပါတယ်။ ရှန်ဒေါင်ရီစက်ရုံဟာ ပြည်တွင်းပြိုင် ဘက်အတော်များများကို သိမ်းပိုက်ပြီးနောက် တရုတ်ပြည်ရဲ့အကြီးမားဆုံး အဝတ်အထည်ထုတ်လုပ် ရေးကုမ္ပဏီ ဖြစ်လာပါတယ်။ ယင်းဟာ ကုန်ကြမ်းများ၊ စိုက်ပျိုးမွေးမြူရေး၊ အထည်ထုတ်လုပ်ငန်းနဲ့ အဝတ်အစားတွေ ဒီဇိုင်းထုတ်လုပ် ရောင်းချဖြန့်ဖြူးရေးတို့ကို လုပ်ကိုင်ပါတယ်။
'ကြူး' ရဲ့ ရည်ရွယ်ချက်က ဧရာမကမ္ဘာကျော်ဖက်ရှင်ကုမ္ပဏီကြီးကို တည်ထောင်ဖို့ဖြစ်ပါတယ်။ ရှန်ဒေါင်ရီ ၂၀၁၀ မှာ အခြေခံဂျပန်ဖက်ရှင်ကုမ္ပဏီ Renown ရဲ့ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လ မှာ ဗြိတိန်အဝတ်အထည်ကုမ္ပဏီ Aquascutum ကို ဒေါ်လာ ၁၁၇ သန်းဖြင့် ဝယ်ယူပါတယ်။ ၂၀၁၇ ခုနှစ်မှာ ပြင်သစ်ကုမ္ပဏီ SMCP ကို ပေါင်စတာလင် ၁.၁၅ ဘီလီယံဖြင့်ဝယ်ပြီး အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီပြောင်းပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ JAB ဦးပိုင်ကုမ္ပဏီလက်အောက်ခံ Bally ရဲ့ ရှယ်ယာအများစုကို ဝယ်ယူပါတယ်။ ဆာဖီးလစ်ဂရင်းရဲ့ Arcadia Co. ကို ရှန် ဒေါင်ရီလက်ထဲရောင်းချမယ်ဆိုတဲ့ သတင်းကတော့ ကောလာဟလသာဖြစ်သွားပါတယ်။
SMCP ရဲ့ စီအီးအိုဒင်နီယယ်လာလွန်းက ရှန်ဒေါင်ရီရဲ့ရင်းနှီးမြှုပ်နှံမှုဟာ အထူးသဖြင့် အာရှတိုက် အပါအဝင် ပြည်ပနိုင်ငံများမှ SMCP ကို တိုးတက်စေဖွယ်ရှိတယ်လို့ပြောပါတယ်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လမှာ အမျိုးသားဝတ်စုံကုမ္ပဏီ Bagir ရဲ့ ရှယ်ယာ ၅၄ ရာခိုင်နှုန်းကို ရှန်ဒေါင်က ဒေါ်လာ ၁၆ .၅ သန်းဖြင့် ဝယ်ယူခဲ့ပါ တယ်။
ရှန်ဒေါင်ရီစီးပွားရေးအုပ်စုဟာ ၂၀၁၇ ခုနှစ် တရုတ်ပြည်ရဲ့အကြီးမားဆုံး အထည်အလိပ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ဝင်ငွေအများဆုံးအဆင့်မြင့်ဖက်ရှင်ကုမ္ပဏီပေါင်း ၂၀ စာရင်းထဲမှာလည်း ပါဝင်ပါတယ်။ ရှန်ဒေါင်ရီဟာ ချည်မျင်၊ ပိတ်စ၊ ကုန်ကြမ်း၊ ဆေးဆိုးခြင်း၊ ရက်လုပ်ခြင်း၊ ချုပ်လုပ်ခြင်း၊ ထုတ်လုပ်ခြင်းတွေပါဝင်တဲ့ ကွင်းဆက်အဝတ်အထည်လုပ်ငန်းလုပ် ခြင်းကို အဓိကဇောင်းပေးလုပ်ကိုင်ပါတယ်။ ယင်းရဲ့လုပ် ငန်းခွဲတွေဟာ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဗြိတိန်၊ ဂျာမနီနဲ့ အီတလီနိုင်ငံတွေမှာ ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာ ရှန် ဒေါင်ရီနည်းပညာအုပ်စုက အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံးစက်ရုံအဖြစ် အာကင်ဆောပြည်နယ်က ရုပ်မြင်သံကြားစက်ရုံဟောင်းတစ်ရုံကို ဒေါ်လာသန်း ၄၁၀ အကုန်ခံကာ ပြုပြင်မွမ်းမံပြီး အသုံးပြုပါတယ်။ ရှန်ဒေါင်ရီဟာ အာကင်ဆောပြည်နယ်မှာ နှစ်စဉ်ထွက်သမျ ဝါဂွမ်းအားလုံးနီးပါးကို ဝယ်ယူလိမ့်မယ်လို့ ခန့်မှန်းခံရပါတယ်။
Ref: Economist & Wiki
နိုင်သီဟ
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)