ဘယ်အချိန်မှာအလုပ်ထွက်သင့်သလဲ

တစ်ခါတစ်ရံမှာ လူဟာနေ့စဉ်လုပ်ငန်းဆောင်တာထဲနစ်မြုပ်နေပြီး အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်ဟာ သင့်အတွက် အခွင့်အလမ်းတွေရှိနေဆဲလား၊ ဒါမှမဟုတ် လမ်းဆုံးရောက်နေတဲ့အခြေအနေလား … လက်ရှိအလုပ်မှာ ဆက်နေသင့်လားမနေသင့်လား စသဖြင့် ဝေခွဲမရဖြစ်တတ်ပါတယ်။

လူတွေနဲ့ဆက်ဆံလုပ်ကိုင်နေရတဲ့အလုပ်တွေဖြစ်တာကြောင့် ဆက်သွယ်ပြောဆိုမှုပိုင်းက အဖုအထစ်တွေဆိုတာမျိုး၊ ငွေကြေးနဲ့ တစ်စုံတစ်ရာသော အမြတ်အစွန်းအတွက် အလေးထားရတဲ့ စီးပွားရေးတွေဖြစ်တဲ့အတွက် စိန်ခေါ်မှု၊ အခက်အခဲတွေ၊ ဖောက်သည်တွေရဲ့ Complaint တွေဆိုတာမျိုး … ကြီးကြီးသေးသေးရော အမျိုးအမည်ရောစုံလင်လှတဲ့ အမှားနဲ့ သင်ခန်းစာတွေဆိုတာမျိုးကလည်း မလွဲမသွေရှိနေမှာပါပဲ။

လူတိုင်းတော့ လက်ရှိအလုပ်တိုင်းမှာ ပျော်နေကြတာမဟုတ်ပေမယ့် နေ့စဉ်အလုပ်ခွင်ဟာ သင့်ကို စိတ်လှုပ်ရှား စိတ်ထက်သန်မှုနဲ့ စိတ်အားတက်ကြွမှု၊ အလုပ်လုပ်နေရတာကို လုပ်နေရမှန်းမသိ တစ်နေ့တာဟာ ပြည့်ဝသက်ဝင်နေမှုတွေ ပေးနိုင်နေရဲ့လားဆိုတာကိုတော့ ခဏရပ်တန့်စဉ်းစားကြည့်သင့်ပါတယ်။

အခက်အခဲနဲ့ တာဝန်ယူရမှုတွေတိုးလာတိုင်း နောက်ဆုတ်ထွက်ပြေးသင့်တယ်လို့ပြောနေတာမဟုတ်ပါဘူး။ လူတိုင်းက အလုပ်ဆိုတာကို ငွေကြေး၊ ရာထူး၊ ဘဝတိုးတက်ရာတိုးတက်ကြောင်း၊ မိမိရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဒိုးဆက်တစ်ခုချင်းဆီဆက်နေသလို လိုရာကိုဖြည့်ဖို့လိုလို့သာလုပ်နေကြတာပါ။ ဒီနေရာမှာ သင်ကပေးဆပ်ထားတဲ့ သင့်ရဲ့အချိန်၊ သင့်ရဲ့ ကာယ ဉာဏစွမ်းအားတွေ၊ စွမ်းအင်တွေနဲ့ စိတ်ရောလူပါ နှစ်မြှုပ်လုပ်ကိုင်နေရတာဖြစ်လို့ သင့်မှာလည်း ပြန်လိုချင်တဲ့အတိုင်းအတာတစ်ခု (ယထာဘူတကျကျ) ရှိသင့်ပါတယ်။

သင့်ရဲ့တစ်နေ့တာက သင့်တာဝန် သင့်အလုပ် ပိုကောင်းအောင်၊ အချိန်မီပြီးစီးအောင်နဲ့ အမှားကင်းနိုင်သမျှကင်းအောင်၊ သက်ဆိုင်သူဆီ ရလဒ်တွေကို အမှားကင်းကင်းအချိန်မှန်မှန်ပေးနိုင်အောင်၊ သင့်အလုပ်အကိုင်ပိုတိုးတက်လာအောင် အချိန်မျှဝေသုံးစွဲနိုင်ရပါမယ်။ ဒီလိုမဟုတ်ဘဲ သင်က ပေးရသလောက် သင့်အတွက်တိုးတက်မှုဘာမှမဖြစ်လာဘဲ စိတ်ဖိစီးမှုတိုး၊ ယုံကြည်စိတ်တွေကျလာရင်တော့ တစ်ခုခုမှားနေပါပြီ။

ခုကာလဟာ စီးပွားရေးအကြပ်အတည်းတွေ၊ မတည်ငြိမ်ခြင်းတွေရှိလို့ စိတ်ပိုင်းဆိုင်ရာအရ ၊ ရုပ်ပိုင်းဆိုင်ရာအရ၊ ကျန်းမာရေးအရ အဘက်ဘက်ထိခိုက်နေတဲ့ အလုပ်ဖြစ်ပေမယ့်လည်း ဖက်တွယ်ထားရမယ်ဆိုပြီး အယူအဆတွေလည်း မမှားနေသင့်တော့ပါဘူး။ ကိုဗစ်ကာလအတွင်း လူ့ဘ၀ဟာ ဘယ်လောက်တောင် ထိလွယ်ခိုက်လွယ်ရှိလဲဆိုတာကိုလည်း လူတိုင်းမျက်မြင်ကိုယ်တွေနဲ့ ကြုံတွေ့ခဲ့ပြီးပါပြီ။ မသေချာမရေရာတာတွေများပြားတဲ့ လူ့လောကကြီးမှာ သင့်အတွက် (စိတ်၊ ကိုယ်) အနုတ်လက္ခဏာမပြမယ့် ၊ သင့်နဲ့ လိုက်လျောညီထွေရှိမယ့် ပတ်ဝန်းကျင်ကောင်းကို သင့်အနေနဲ့ ဘယ်အချိန်မဆို (အချိန်အခါပေးတာနဲ့) ရွေးချယ်သင့်ပါတယ်။ သင့်ကိုသင်တန်ဖိုးထားတတ်တဲ့ အလေ့အထကိုမွေးပါ။ တတ်နိုင်သလောက် “ငွေကြေးကြောင့်” သက်သက်နဲ့ အစားထိုးမရမယ့်အရာတွေကို (စိတ်/ကိုယ်ကျန်းမာရေး) မလဲပါနဲ့။ သို့သော် ဘာပဲလုပ်လုပ် သင့်ဘက်က ခိုင်မာမှုရှိအောင်တော့ ကြိုတင်ပြင်ဆင်ပါ။ လက်လွတ်စပယ်မလုပ်ပါနဲ့။ Professional ဆန်ပါ။ တတ်နိုင်သမျှ ပြန်လည်ကုစားကြည့်ပါ … အဆုံးမှာ ထွက်မှဖြစ်ပါတော့မယ်ဆိုတဲ့အဖြေသာထွက်လာခဲ့ရင်တော့ စိတ်ပိုင်းဖြတ်ပြီး ထွက်သာထွက်လိုက်ပါ။

သင့်အလုပ်ကထွက်သင့်နေပြီဖြစ်ကြောင်း ပြသနေတဲ့ လက္ခဏာ ၅ ရပ်

၁ – သင်ကတိုးတက်ဖို့လိုချင်တယ်

သင်ဟာအလုပ်မှာ သင်ယူလေ့လာဖို့အတွက်အချိန်မရှိဘူး၊ နေ့စဉ်လုပ်ငန်းတွေထဲသာနစ်နေမယ်။ သင်ယူလေ့လာစရာအသစ်တွေထပ်မရှိတော့ဘူးလား။

လက်ရှိသင့်အလုပ်မှာ သင့်အနေနဲ့ထပ်တိုးတာဝန်ကြီးကြီးယူနိုင်တာမျိုးမရှိတော့ဘူးလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ အခွင့်အလမ်းပိုများပြီးနဲ့ အရွှေ့အပြောင်းပိုကောင်းကောင်းလုပ်နိုင်စေမယ့် အလုပ်နေရာသစ်ကိုရှာဖို့သင့်နေပါပြီ။ သင့်အနေနဲ့ ဒီရာထူးတစ်နေရာတည်းမှာ သင့်ကျွမ်းကျင်မှုတွေအရည်အချင်းတွေကို အစွမ်းကုန်ထုတ်သုံးပြီးပြီဆိုတဲ့အခါ … ရှေ့ဆက်ဖို့အချိန်ရောက်ပါပြီ။

ကုမ္ပဏီတစ်ခုမှာ ရာထူးထပ်မတက်နိုင်တော့ဘူးဆိုတာမျိုးက သင့်အနေနဲ့ ထပ်တိုးသင်ယူကာ ကျွမ်းကျင်မှုတွေထပ်ဖြည့်ဖို့ အခွင့်အလမ်းမရှိတော့ဘူးဆိုတဲ့သဘောပါပဲ။ ဝန်ထမ်းတစ်ယောက်အနေနဲ့သင့်ကို Skill တွေ ထပ်ဖြည့်ဖို့ အားမပေးတဲ့ လုပ်ငန်းရှင်မျိုးဆိုရင် သင့်ကိုလူများများနဲ့ထွက်တွေ့စေမယ့်၊ ဆွေးနွေးပွဲတွေတက်၊ ပညာရပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ် သင့်အတွက်ရော လုပ်ငန်းအတွက်ပါ အကျိုးရှိစေမယ့်အရာတွေကို မလုပ်စေဘူးဆိုရင် ဒါတွေလုပ်ခွင့်ပေးမယ့် ပံ့ပိုးပေးမယ့် လုပ်ငန်းရှင်ကိုရှာသင့်တဲ့အချိန် ရောက်ပါပြီ။

၂ – အထက်လူကြီး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်ယောက်နဲ့ ပြဿနာရှိနေတယ်

သင်ဟာ အလုပ်၊ တာဝန်နဲ့ပတ်သက်လို့ ကောင်းသထက်ကောင်းအောင် မွမ်းမံခြင်းတွေလုပ်နေရမယ့်အစား ဖြေရှင်းနေရတာ၊ ငြင်းခုံနေရတာ၊ တင်ပြနေရာတာတွေများနေတာလား။ အသစ်အသစ်တွေလုပ်နေရမယ့်အစား Coping Mechanism (ရင်ဆိုင်ဖြေရှင်းခြင်းယန္တရား) နဲ့သာ လည်ပတ်နေရတာပါလား။  

တကယ်လို့ သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေလောက်မယ့်အထိ သင့်မှာ အထက်လူကြီး သို့မဟုတ် ကြီးကြပ်ရေးမှူးတစ်ယောက်ယောက်နဲ့ ထိပ်တိုက်ဖြစ်ဖြစ်နေရတယ်ဆိုရင်လည်း ဒါက အလုပ်ထွက်ဖို့သင့်တဲ့အကြောင်းတွေထဲက တစ်ခုလို့ အကြမ်းအားဖြင့်ယူဆနိုင်ပါတယ်။

အတိအကျထွက်သင့်ပြီဆိုတာကတော့ ဒီလိုဖြစ်နေတဲ့အခြေအနေမှာ သင့်မှာရှိတဲ့ အထက်လူကြီးက သင့်အပေါ်မလေးမစားနဲ့ ဆက်ဆံတယ်၊ သင်လိုအပ်နေတဲ့အချိန်မှာ ကူညီဖို့မစဉ်းစားဘူး (ရေနစ်သူဝါးကူထိုးတယ်)၊ သင့်စွမ်းဆောင်ရည်ကိုသာ ဝေဖန်ပြစ်တင်တာ ကူညီပေးဖို့ ဘယ်တော့မှ မကမ်းလှမ်းဘူး၊ micromanage သိပ်လုပ်တယ်၊ ရှင်းရှင်းပြောရရင် သင်ကြိုးစားသမျှကို ဘယ်တော့မှ အသိအမှတ်မပြုဘူး … ဒီအချက်တွေထဲက ၃ ချက်လောက်နဲ့ ကိုက်နေပြီဆိုရင်တော့ သင်အလုပ်ထွက်သင့်တဲ့အချိန်ရောက်ပါပြီ။

သင်နဲ့ ကြီးကြပ်ရေးမှူးရဲ့ထိပ်တိုက်တွေ့မှုတွေကလည်း အလုပ်အတွက်ကြောင့်မဟုတ်ဘဲ လူကိုမကြိုက်လို့ သင့်ကိုရစ်နေတာမျိုး သင်နဲ့ပတ်သက်တာမှန်သမျှမခက်ခဲသင့်ဘဲ ခက်ခဲအောင်၊ အဆင့်တွေပိုများအောင်လုပ်နေတာမျိုးဆိုရင်တော့ သင့်အနေနဲ့လုပ်နိုင်တာက တစ်ခုပဲရှိပါတယ်။ ဒီအခြေအနေမှာ မူကဖြစ်နေတာမဟုတ်ဘဲ လူက ဖြစ်နေတာမို့ (သင့်လုပ်ငန်းရှင်ကလည်း မကူဘူးဆိုရင်) သင့်အနေနဲ့အလုပ်ပြောင်းလိုက်တာက ပိုကောင်းပါတယ်။

၃ – သင့်ကိုတန်ဖိုးမထားဘူး (အလေးမထားဘူး)

သင်လုပ်သမျှ၊ ကြိုးစားသမျှအရာမထင်ဘူးလို့ခံစားရတာလောက် ဆိုးရွားတဲ့ခံစားချက် အနည်းငယ်သာရှိပါတော့တယ်။ သင့်အလုပ်ဆင်းတိုင်း တော်လိုက်တာ၊ လုပ်တာအဆင်ပြေတယ်နော် စသဖြင့် ခြီးမွမ်းခံရဖို့ လိုချင်နေတာမဟုတ်ပါဘူး။ သင်လုပ်တဲ့အလုပ်က အရာရောက်တယ်၊ ထိရောက်မှုတစ်ခုရှိတယ်၊ စသဖြင့် လူတိုင်းက သေးသေးလေးပဲဖြစ်ဖြစ် အကောင်းပြောတာ၊ အသိအမှတ်ပြုပေးတာကိုလိုချင်ကြပါတယ်။ တချို့ကလည်း ဒီအသေးအမွှားအသိအမှတ်ပြုမှုလေးတွေဆီကနေ သူတို့အလုပ်အကိုင်ရဲ့ တန်ဖိုးရှိမှုကိုရယူတတ်ကြတာပါ။

ဒီအလုပ်မှာလုပ်နေရပေမယ့် သင့်ကိုယ်သင်ယုံကြည်မှုပိုမတက်လာဘူးဆိုရင် … အမြဲလို သင့်ကိုယ်သင်ယုံကြည်မှုအပြည့်နဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နိုင်နေရမယ့်အစား သံသယပိုများလာြခင်းနဲ့ စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာခဲ့ရင်တော့ ဒါတစ်ခုခုမှားနေပါပြီ။

တချို့ကျတော့လည်း လုပ်ခလစာကြောင့် သင့်ကိုတန်ဖိုးမထားဘူးလို့ခံစားနေရတာဖြစ်ကောင်းဖြစ်နိုင်ပါတယ် (လုပ်သလောက်တန်တန်ရာရာမရဘူးဆိုတဲ့အမြင်ပါ) ၊ ပြီးတော့ သင်အလုပ်လုပ်တာအဆင်ပြေကြောင်း ဘယ်တော့မှ အပြောမခံရတာ၊ ဒါမှမဟုတ် အမြဲ ကောင်းရာကောင်းကြောင်းဝေဖန်ပြုပြင်ပေးတာမဟုတ်ဘဲ မကောင်းတဲ့သဘောနဲ့သာ ဝေဖန်ပြစ်တင်ခံရတာကအမြဲလိုဖြစ်နေတာမျိုး။

အပေါ်မှာပြောထားသလိုမျိုးတွေ အမြဲလိုခံစားနေရတာဆိုရင်တော့ သင့်အနေနဲ့ သင့်ရဲ့ အလုပ်ရှင် (အကြီးဆုံးရာထူးရှိသူ)ကိုဖွင့်ပြောြပပါ။ အကြံဉာဏ်တောင်းပါ။ အဖြေက သင့်အတွက်အလုပ်မဖြစ်ဘူးဆိုရင်၊ သင့်ကိုတကယ်နားမလည် တန်ဖိုးမထားပေးနိုင်မှန်းသေချာရင်တော့ အလုပ်ထွက်ပါတော့။

၄ – သင်ဘယ်လိုမှ စိတ်အားတက်ကြွမှုရှိမလာဘူးဆိုရင်

ခဏတာကာလအပိုင်းအခြားအတွင်း စိတ်အားတက်ကြွမှုတွေ ကျဆင်းတာမျိုးရှိတတ်ပြီး အချိန်တန်တော့ သင်လည်းကြိုက်နှစ်သက်ပြီး အဆင်လည်းပြေနေတဲ့ ၊ အလားအလာကောင်းနဲ့ ပတ်ဝန်းကျင်ကောင်းရှိတဲ့ လုပ်ငန်းခွင်သာဆိုရင် ပြန်လည်တက်ကြွလာမှာပါပဲ။ ဒီလိုမှမဟုတ်ဘဲ အနားယူခြင်း၊ ပြောင်းလဲမှုတွေဖန်တီးခြင်း၊ မိမိစိတ်ကို အကောင်းဘက်ကလှည့်တွေးတတ်အောင် ပြောင်းလဲခြင်းအပါအဝင် သင်ယူလေ့လာမှုအသစ်ကအစ လုပ်ကြည့်ပေမယ့် ၊ သင့်ရဲ့ Mentor တွေဆီက အကြံဉာဏ်ယူပြုပြင်ပြောင်းလဲမှုတွေလုပ်တယ်ဆိုပေမယ့် သင်ဟာ စိတ်ဓာတ်ပြန်လည် တက်ကြွမလာတော့ပါဘူး။ နေ့စဉ်အလုပ်သွားဖို့အရေး ၊ အလုပ်ရောက်ပြန်တော့လည်း အလုပ်ဖြစ်အလုပ်ပြီးမြောက်ဖို့အရေး သင့်ကိုသင် တရွတ်ဆွဲခေါ်နေရပြီဆိုရင် သင်ဒီအလုပ်ကိုလွှတ်ချပြီး အသစ်ရှာဖို့လိုနေပါပြီ။

အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိတ်အဆက်ကျကျမဆက်ဆံနိုင်တာ၊ လက်ပန်းကျနေတာ၊ အလုပ်နဲ့ဘဝ ဘက်မညီမျှတာတွေကြောင့် စိတ်အားမတက်ကြွတာလည်းဖြစ်နိုင်ပါတယ်။ ဒါမျိုး အမြဲလိုလိုဖြစ်နေပြီဆိုရင်တော့ သင့်အလုပ်အချိန်ဇယားက ကျပ်လွန်းတာ၊ ဒါမှမဟုတ်လည်း သင့်လုပ်ငန်းခွင်က သင်နဲ့မသင့်လျော်တာမျိုးဖြစ်နေနိုင်ပါတယ်။

တစ်ခါတလေကျတော့လည်း ဘယ်အရာကြောင့်ရယ် motivate မဖြစ်တော့တာဆိုတာမျိုးထက် ကိစ္စအမျိုးမျိုးကြောင့် သင့်အနေနဲ့ အာရုံစိုက်မရတော့တာ၊ အလုပ်အတွက်အချိန်ပေးပြီး အားစိုက်ထုတ်ပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေလုပ်မရတော့တာမျိုးဖြစ်နိုင်ပါတယ်။ ဒါမျိုးတွေကလည်း အချက်ပြတွေပါပဲ သင်အလုပ်ထွက်သင့်နေပြီဆိုတာကို …

၅ – ဝန်ထမ်းအဝင်အထွက်ကြမ်းတဲ့ လုပ်ငန်းခွင်ထဲ သင်ရောက်နေတာလား

သင်လက်ရှိလုပ်နေတဲ့ လုပ်ငန်းခွင်ထဲမှာ လူသစ်တွေ မကြခဏ ဝင်လာတယ်၊ လူဟောင်းဆိုတာမကျန်တော့လောက်အောင်လည်း အလုပ်တွေ ခဏခဏထွက်ကြတာတွေ့ရတယ်ဆိုရင် ဒါက တစ်ခုခုတော့ ကုမ္ပဏီအတွင်းမှာ မှားနေပြီဆိုတဲ့အချက်ကို ပြသနေတာပါပဲ။ ဒါကြောင့် သင်လည်း အဲဒီလိုလုပ်ငန်းခွင်မှာ ရေရှည်ဆက်မနေသင့်ပါဘူး။

လူဝင်လူထွက်ကြမ်းတယ်ဆိုတာက ကုမ္ပဏီတွင်းယဉ်ကျေးမှုက ဖြစ်သင့်သလိုမဖြစ်နေတဲ့အချက်ကို ပြသနေတာပါပဲ။ မဟုတ်လည်း ကုမ္ပဏီက အလုပ်နဲ့လူအားမမျှဘဲ အမြဲတမ်း ဝန်ထမ်းတွေက အလုပ်တွေပိနေတော့ စိတ်ဖိစီးမှုတွေများပြီး အလုပ်အပေါ် စိတ်ကျေနပ်ချက်တွေမရှိတော့လို့ ထွက်ကြတာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအချက်ကိုတော့ သတိပေးချက်လို့မှတ်ယူပါ။

ပြီးတော့ သင့်ကုမ္ပဏီမှာ အလုပ်လာလျှောက်ဖို့ကိုသင်ကိုယ်တိုင်တောင် Recommend မလုပ်ချင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် ဒါက အလုပ်ထွက်သင့်တဲ့အချိန်လို့ သတ်မှတ်နိုင်ပါတယ်။

အလုပ်မထွက်ခင် လုပ်ကြည့်သင့်တဲ့အချက် ၃ ချက်

အလုပ်ထွက်တာကလွယ်ပါတယ်လို့ အများက၊ လူတိုင်းက ပြောကြပါတယ် … တကယ်တော့ မလွယ်ပါဘူး။ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ Professional ကျကျ အလုပ်ထွက်တယ်ဆိုတာ တကယ်တော့မလွယ်ပါဘူး။ ဒါကြောင့် ထွက်မယ်လို့ စိတ်ထဲ စဉ်းစားပြီးပေမယ့်လည်း သင့်အနေနဲ့ ဒီမှာဖော်ပြထားတဲ့အချက် ၃ ချက်ကို အရင်လုပ်ကြည့်စေချင်ပါတယ်။ ဒီအဆင့်မှာတင် အများစုပြေလည်သွားတယ်ဆို သင်အလုပ်မထွက်လည်းရပါပြီ။

၁- သင့်ရဲ့အဆင်မပြေမှုများတွက် အများကို အပြစ်မတင်ခင် သင့်ကိုယ်သင် ဒီအခြေအနေက ကျော်ဖြတ်ထွက်နိုင်ဖို့ ဘာလုပ်နိုင်သလဲဆိုတာမေးကြည့်ပါ။ သင့်ကိုယ်သင်သာ အာရုံစိုက်ပါ။ သင့်အနေနဲ့ ဒီဆက်ဆံရေးမှာ ပြန်ကုစားနိုင်တာကိုရှာပါ။ ဒီလိုသင်ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေမှာ သင့်ဘာသာသင်ထိန်းချုပ်နိုင်တာက  သင့်အပြုအမူ၊ သင့်အပြောအဆို၊ သင့်တုန့်ပြန်မှု၊ သင့်ခံစားချက် စတာတွေပဲရှိတာဖြစ်ပါတယ်။

၂ – တကယ်လို့ သင့်စိတ်အားတက်ကြွမှုမရှိခြင်း၊ သင့်အထက်လူကြီးနှင့်အဆင်မပြေခြင်းတွေအတွက် အလုပ်ထွက်ချင်တာသာဆိုရင်တော့ လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာ / ဆက်ဆံရေးမပြေလည်မှုတွေ/ အလုပ်တစ်ခုလုံးအတိုင်းအတာနဲ့ အဆင်မပြေမှုတွေကို နက်နက်နဲနဲခွဲခြမ်းစိပ်ဖြာလေ့လာကြည့်ပါ။ ဘာကြောင့်ဘာဖြစ်တယ်ဆိုတာကို သင်ရှာဖွေတွေ့နိုင်တယ်ဆိုရင် တတ်နိုင်သမျှ ဒီဖိစီးမှုအခြေအနေကနေ ကျော်ြဖတ်နိုင်အောင် ကြိုးစားကြည့်ပါ။ တခြားသူတွေဆီက အကြံပေးချက်တွေတောင်းပါ။ သင့်ဘက်က ပြုပြင်နိုင်တာကိုပြုပြင်ကြည့်ပါ။

၃ – သင့်အနေနဲ့ အလုပ်မှာ တိုးတက်စရာအခွင့်အလမ်းမရှိတော့ဘူးလို့ထင်တာမျိုးဆိုရင် သင့်ရဲ့ ဌာနဆိုင်ရာအကြီးအကဲ၊ သို့မဟုတ် HR ၊ သို့မဟုတ် သူဌေး စတဲ့သူတွေနဲ့ တွေ့ဆုံကာ သင့်ထင်မြင်ချက်၊ သင့်အနေအထား၊ သင်လိုလားတဲ့အရာကိစ္စ စတာတွေကို ပြောပြတိုင်ပင် တောင်းဆိုပါ၊ အကြံဉာဏ်ယူပါ။ သူတို့နဲ့ ပြောတဲ့အခါမှာလည်း လူချင်းတွေ့ဆုံနိုင်ဖို့သာအဓိကလုပ်ပါ။ Email / Text / Group Chat စတာတွေကတစ်ဆင့် မဆက်သွယ်ပါနဲ့။ သွားမတွေ့ခင်လည်း သင်မေးချင်တာ၊ ပြောချင်တာနဲ့ အကြံဉာဏ်လိုချင်တာတွေကို ကြိုတင်ပြင်ဆင်ယူသွားပါ။ ဒီလိုမေးလိုက်ချင်းအားဖြင့် သင့်ရဲ့အလုပ်ထွက်ဖို့ဆိုတဲ့ စဉ်းစားချက်က အတည်ဖြစ်သွားတာ၊ ဒါမှမဟုတ် သင့်ပြဿနာတွေ ဖြေရှင်းနိုင်မယ့်လမ်းတွေ့သွားပြီး အလုပ်ဆက်လုပ်ဖြစ်သွားတာဆိုတဲ့ ရလဒ် ၂ ခုထဲက တစ်ခုကို အတည်ပြုနိုင်ပါလိမ့်မယ်။

အလုပ်သစ်ရှာမယ်ဆိုရင် ကြိုတင်ပြင်ဆင်တဲ့အခါ သိထားရမယ့် အချက် ၉ ချက်

အပေါ်မှာဖော်ပြထားတဲ့အချက်တွေနဲ့ကိုက်ညီတယ်၊ အတည်ပြုကြည့်ပြီး ထွက်ဖို့လည်း သေချာသွားပြီဆိုရင်တော့ သင်အခွင့်အလမ်းသစ်တွေရှာရပါတော့မယ်။ အလုပ်ဟောင်းကနေလည်းထွက်ဖို့လုပ်ရပါတော့မယ်။ ဒီလိုအကူးအပြောင်းကာလတလျှောက် အဆင်ပြေချောမွေ့စေဖို့ လုပ်သင့်တာလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

သင်လိုချင်တဲ့ အလုပ်ကိုသတ်မှတ်ပါ

ပထမဆုံးကတော့ သင်လုပ်ချင်တဲ့ အလုပ်သစ်ကိုသတ်မှတ်တာပါပဲ။ သင်ဘာလိုချင်သလဲဆိုတာ ချရေးပါ။ အဲဒီလိုချင်တဲ့အချက်တွေနဲ့ သင့်လက်ရှိမထွက်ရသေးတဲ့အလုပ်ရဲ့ ဝိသေသလက္ခဏာတွေကို နှိုင်းယှဉ်ကြည့်ပါ။ သင်လိုချင်တဲ့အဲဒီအလုပ်ကိုရဖို့ သင်ဘာတွေလုပ်ရမလဲဆိုတဲ့ အဆင့်တွေသတ်မှတ်ပါ။ သင့်အနီးအနားပတ်ဝန်းကျင်က အလုပ်ခေါ်စာတွေမှာ သင်လိုချင်တဲ့အချက်တွေပါတဲ့ အလုပ်တွေကို ရှာကြည့်ပါ။ အဲဒီသင်လိုချင်တဲ့အလုပ်ကို ရဖို့ သူတို့က ဘယ်လို သတ်မှတ်ချက်တွေပေးထားသလဲဆိုတာကို အဓိကထားကြည့်ပါ။ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပါ။

အလုပ်လျှောက်လွှာပြင်ပါ

သင့်ရဲ့အလုပ်လျှောက်လွှာက သင့်လက်ရှိအလုပ်မှာလုပ်ထားတဲ့အချက်အလက်တွေ၊ သင့်Skill အသစ်တွေနဲ့ Uptodate ဖြစ်နေပါစေ။ သင်တက်ခဲ့ဖူးသမျှ ၊ လေ့လာခဲ့သမျှနဲ့ သင်ရရှိခဲ့တဲ့ ပညာရပ်ဆိုင်ရာအခွင့်အလမ်းတွေ ပါဝင်တာသေချာအောင်လုပ်ပါ။ နောက်ဆုံးလုပ်ခဲ့ဖူးတဲ့အလုပ်နဲ့ဆက်သွယ်ရမယ့်ဖုန်း ဘာညာကို အညွှန်းအရင် မဖြည့်လိုက်ပါနဲ့ဦး။ သင်တကယ်ထွက်မှာသေချာပြီး အလုပ်ထွက်စာတင်ပြီး၊ ခွင့်ပြုချက်တောင်းပြီးမှသာ ထည့်ပါ။

တတ်ကျွမ်းသူတွေကို သင့်ရဲ့အလုပ်လျှောက်လွှာကို ဖတ်ကြည့်အကဲဖြတ်ခိုင်းပါ။ ဒါမှ သင်လိုချင်တဲ့အလုပ်ကိုလျှောက်တဲ့အခါ impression ကောင်းကို လူမတွေ့ခင်ရနိုင်မှာပါ။  ဒီနေရာမှာ အဓိကရည်ရွယ်ချက်က သင်အလုပ်ထွက်တဲ့အခါ အဆင်သင့် အလုပ်အကိုင်အခွင့်အလမ်းသစ်ကို လျှောက်ထားနိုင်အောင် ကြိုတင်ပြင်ဆင်တာသာဖြစ်ပါတယ်။

ပိုက်ဆံကြိုစုပါ

နောက်အလုပ်တစ်ခု ရနှင့်ပြီးသားမရှိဘဲနဲ့ လက်ရှိအလုပ်ကထွက်မယ်ဆိုရင် အသုံးစရိတ်နည်းနိုင်သမျှနည်းအောင် လျှော့ပါ၊ အလုပ်ချက်ချင်းမထွက်လိုက်သေးဘဲ တော်တန်သလောက်လက်ထဲ ငွေရှိအောင်စုပါ။ အလုပ်ရှာဖြေခြင်းလုပ်ငန်းစဉ်ဟာ ထင်ထားတာထက် ကြာရှည်တတ်ပါတယ်။ ပြီးတော့ ချက်ချင်းနောက်အလုပ်တစ်ခုရပြီးထားတယ်ဆိုရင်တောင် လက်ထဲ ငွေအသုံးစရိတ်စုမိထားတာက သင့်အတွက်မမှားပါဘူး။ ကြားထဲ ဘာမဆိုဖြစ်နိုင်တာကြောင့်ရယ်၊ အလုပ်သစ်ဝင်ပြီးလည်း သင့်လခက ချက်ချင်းမရနိုင်သေးတာကြောင့်ရယ်ဖြစ်ပါတယ်။

Professional ဆန်ဆန် လက်ရှိအလုပ်ကထွက်ပါ

အလုပ်ထွက်မယ့်အကြောင်း လုပ်ငန်းခွင်စည်းကမ်းချက်တွေနဲ့အညီ ကြိုတင်အကြောင်းကြားပါ၊ လေးစားစွာနဲ့ သင့်တာဝန်တွေကို အဆုံးသတ် သပ်သပ်ရပ်ရပ်လုပ်ကိုင်ပေးပါ။ အလုပ်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်တလျှောက်မှာလည်း သင့်အနေနဲ့ (တလေးတစားနဲ့ ပြန်ဆက်ဆံချင်ကောင်းမှ ဆက်ဆံခံရလိမ့်မှာမှန်ပေမယ့်) အကောင်းမြင်စိတ်လက်ကိုင်ထားပြီး ၏သည်မရွေး အဆင်ပြေအောင် သပ်ရပ်ကောင်းမွန်စွာ လိုက်လုပ်ပေးပါ။

ရှိပြီးသား အဆက်အသွယ်တွေကို မပြတ်တောက်ပါစေနဲ့၊ တည်ငြိမ်ရင့်ကျက်ပါ

သင့်အနေနဲ့ အခုအလုပ်ဟောင်းက လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီနာမည်ကို သင့် resume မှာ နှစ်အနည်းငယ်ကြာအထိ ထည့်သုံးနေရပါဦးမယ်။ ဒါကြောင့် တတ်နိုင်သမျှ သင့်ဘက်က Professional ဆန်ဆန်နဲ့ လေးလေးစားစား အကောင်းဘက်ကတွေးပြီး သူတို့ဆီက အလုပ်ထွက်ပါ။ ဖြစ်သလိုမလုပ်ပစ်ခဲ့ပါနဲ့။

တတ်နိုင်သမျှစောစော အလုပ်ထွက်မယ့်အကြောင်း ကြိုတင်အသိပေးပါ

သင့်လက်ရှိအလုပ်ကထွက်ပါမယ့်အကြောင်းကို တတ်နိုင်သမျှစောစောအသိပေးပါ။ ပုံမှန်ဆိုရင်တော့ ၂ပတ်ကြိုအသိပေးရပါတယ်။ ဒါကလည်း သင့်ကုမ္ပဏီရဲ့ ပေါ်လစီနဲ့သာဆိုင်ပါ။ အဲဒီအတိုင်း လုပ်ပါ။ သင့်ကုမ္ပဏီနဲ့ သင့်အထက်လူကြီးကို သင့်နေရာအတွက် အစားထိုးလူသစ်ခန့်ဖို့ အချိန်ပိုပေးပြီး လေးစားမှုကိုပြသတာက သင့်အတွက် ကောင်းပါတယ်။ သင်ကိုယ်တိုင်လည်း အလုပ်သေချာလွှဲဖို့အချိန်ရပြီး ရှေ့ဆက်စိတ်ဖြောင့်ဖြောင့်နဲ့ အလုပ်သစ်ကို အာရုံစိုက်နိုင်စေပါလိမ့်မယ်။

သင့်အထက်လူကြီးကို အရင်ဆုံး (ထွက်မယ့်အကြောင်း) ပြောပါ

တရားဝင်အလုပ်ထွက်စာတွေဘာတွေ မတင်ခင်မှာ သင့်ရဲ့အထက်လူကြီးဆီက အချိန်တောင်း၊ သင့်အနေနဲ့ ဆုံးဖြတ်ချက်ဘယ်လိုချထားကြောင်း၊ အကြောင်းပြချက်တွေက ဘာဖြစ်ကြောင်း စသဖြင့် ရှင်းပြပါ။ မဖြစ်မနေ ဘာကြောင့်ထွက်သလဲ ပြောပြရမယ်ဆိုတာမျိုးမရှိပေမယ့် သင်ပြောပြနိုင်တာဆို ပြောြပလိုက်ပါ။ တတ်နိုင်ရင် အတူတွဲလုပ်သမျှကာလအတွက် သူ့ကိုကျေးဇူးတင်စကားဆိုပါ၊ စိတ်ထဲကလည်း တကယ်ကျေးဇူးတင်ပေးလိုက်ပါ။ သင့်အတွက် နစ်နာစရာမရှိပါဘူး။

တတ်နိုင်သမျှအကောင်းမြင်စိတ်ထားပေးပါ

သင့်အထက်လူကြီးနဲ့ ကုမ္ပဏီအပေါ် သင်ဘယ်လိုစိတ်ပဲရှိထားနေ ရှိထားနေ သင့်အချိန်အများစုကို ၊ စွမ်းအင်တွေ ၊ တတ်ကျွမ်းမှုတွေကို ကာလအပိုင်းအခြားတစ်ခုအထိ ပေးဆပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်ဖြစ်တာကြောင့် အဲဒီအပေါ်ပဲဖြစ်ဖြစ် နှစ်သက် နှစ်လိုမှုနဲ့ အလုပ်ကိုသိမ်းပါ။ ဒီလိုပြောလို့ ဟန်ဆောင်ခိုင်းတာမထင်ပါနဲ့ … သင့်အတွက် အကောင်းဖြစ်ခဲ့သမျှပြန်ပြောင်းမြင်ကြည့်ဖို့နဲ့ အလုပ်လွှဲတဲ့ကာလတလျှောက် အကောင်းမြင်စိတ်နဲ့ ကြည့်ဖို့ ပြောဖို့ လုပ်ကိုင်ဖို့ ဦးစားပေးစေချင်တာပါ။

နောက်အလုပ်သစ်အတွက် ပြင်ဆင်ပါ

အလုပ်ရှာဖွေနေတုန်းပဲဖြစ်ဖြစ်၊ အလုပ်ရပြီးချိန်ပဲဖြစ်ဖြစ်သင့်အနေနဲ့ သင်တန်းတို/ရှည် တစ်ခုလောက်ထပ်တက် ကျွမ်းကျင်မှုတိုးပွားအောင်၊ ပညာတိုးပွားအောင်လုပ်ပါ။ လုပ်ငန်းခွင်သစ်အတွက် အထောက်အကူဖြစ်စေမှာတွေကို လေ့လာပါ။ သင် သင်ယူခဲ့သမျှသင်ခန်းစာ (အလုပ်ဟောင်းက) တွေကို ပြန်လည်သုံးသပ်ဆန်းစစ်ပါ။ Dos & Don’ts တွေဆွဲထုတ်ပါ။ အကောင်းဆုံးသော မျှော်မှန်းချက်တွေနဲ့ တက်ကြွမှုအပြည့်နဲ့ ကြည်သာရှင်းလင်းသော အမြင်များနဲ့ အလုပ်သစ်ကို စတင်လုပ်ကိုင်ဖို့ ပြင်ဆင်ပါ။ အဆုံးတော့ သင့်အနေနဲ့ ထွက်ချင်တဲ့အလုပ်ကလည်း ထွက်ခဲ့ရပြီ၊ ဘဝအတွက် သင်ခန်းစာတွေနဲ့ အတွေ့အကြုံ၊ မိတ်ဆွေ၊ အဆက်အသွယ်လည်း ရတန်သလောက်ရခဲ့ပါပြီ။ လုပ်ချင်ကိုင်ချင်စိတ်အပြည့်နဲ့သာ ရှေ့ဆက်ပါတော့ လို့ပြောချင်ပါတယ်။

ဖြူလဲ့မွန်

Ref : coursera.org ၊ qz.com