UNIQLO ဥရောပဈေးကွက်တွင်း ရပ်တည်ရန်ကြိုးစားနည်း

 

uniqlo_new

ဥရောပတစ်ခွင် ထပ်မံနေရာယူခြင်း

Uniqlo အမှတ်တံဆိပ်ပိုင်ရှင်ဖြစ်သည့် Fast Retailing အမည်ရှိ ကမ္ဘာ့တတိယအကြီးဆုံးအဝတ်အစားကုမ္ပဏီသည် ကမ္ဘာ့နံပါတ်နှစ် HennES & Mauritz ကုမ္ပဏီကို  H&M အပိုင်ဈေးကွက်ဖြစ်သော ဆွီဒင်တွင် ဩဂုတ် လ ၂၄ ရက်နေ့က ပထမဦးဆုံးဆိုင်ခွဲဖွင့်လှစ်လိုက်ခြင်းဖြင့် ဥရောပဈေးကွက်သို့ ထပ်မံတိုး၍ချင်းနင်းဝင်ရောက် စိန်ခေါ်လိုက်သည်။

          “ဒီလိုလုပ်တာဟာ ကမ္ဘာ့လုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုဖြစ်လာဖို့အတွက် ကြီးမားတဲ့ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ တဒါရှီယာနအိ (Tadashi Yanai) က ပြောသည်။ သူသည် ပုံမှန်အားဖြင့် ယင်း၏နွေရာသီကာလများကို ဟာဝိုင်အီတွင် ဩဂုတ်လလကုန်ပိုင်းအထိ အချိန်ကုန်ဆုံးစေလေ့ရှိသော်လည်း ယခုနှစ်တွင်မူ စတော့ဟုန်းမြို့တွင် နေထိုင်ပြီးဆိုင်သစ်ဖွင့်ပွဲအတွက် ပြင်ဆင်နေခဲ့သည်။

          ဆွီဒင်နိုင်ငံ၏ မြို့တော်စတော့ဟုန်းတွင် တစ်ထောင်ထက်မကသော လူအုပ်ကြီးက ဆိုင်သစ်ဖွင့်ပွဲတွင်တန်းစီဝင်ရောက်နေခဲ့ကြပြီး ဆွယ်တာအင်္ကျီတစ်ထည်ဝယ်ယူခဲ့သူ အသက်၂၀ အရွယ် ကောလိပ်ကျောင်းသူတစ်ဦးက “အသက်အရွယ်မရွေး ဘယ်သူမဆိုဝတ်နိုင်တဲ့ အဝတ်အစားအမယ်မျိုးစုံရနိုင်တဲ့အတွက် သဘောကျမိပါတယ်” ဟုပြောသည်။ 

          ဥရောပသည် Fast Retailing ၏ ယခုနောက်ပိုင်း အာရုံစိုက်ရာနေရာဖြစ်ကြောင်း အဆိုပါဆိုင်သစ်က ရှင်းလင်းစွာမီးမောင်းထိုးပြနေသည်။ ကုမ္ပဏီသည်ယမန်နှစ် ဆောင်းဦးရာသီတွင် ယင်း၏ပထမဦးဆုံးဆိုင်ခွဲကို Zara (ဇာရာ) အမှတ်တံဆိပ်ဖြင့် လူသိများသော ကမ္ဘာ့နံပါတ် တစ် အဝတ်အထည်ထုတ်လုပ်ရောင်းချသူ Inditex (အင်ဒီတက်စ်) အခြေစိုက်ရာ စပိန်နိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။

1

    Uniqlo အမှတ်တံဆိပ်သည် ယင်း၏ တစ်ကမ္ဘာလုံး ရောင်းချရငွေ စုစုပေါင်း၏ ၄ ရာခိုင်နှုန်းကိုသာ ဥရောပတွင် ရောင်းချနိုင်သေးသည်။ ထို့အပြင် Fast Retailing သည် ယင်းဒေသတွင် ခါးသီးသောအတွေ့အကြုံကိုကြုံဆုံခဲ့ဖူးသည်။ ကုမ္ပဏီသည် ယင်း၏ပထမဆုံး ပင်လယ်ရပ်ခြားဆိုင်ခွဲကို အင်္ဂလန်နိုင်ငံတွင် ၂၀ဝ၁ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး အမွေးပွအထည်ရောင်းချမှုတွင် တစ်ဟုန်ထိုးအောင်မြင်ခဲ့ကာ ဆိုင်ခွဲပေါင်း ၂၀ အထိ တိုးချဲ့ဖွင့်လှစ်ရောင်းချနိုင်ခဲ့သော်လည်း ၂၀ဝ၃ ခုနှစ်တွင်တည်နေရာ ၁၆ နေရာမှဆိုင်များကိုဆက်တိုက် အရှုံးပေါ်မှုများကြောင့် ပိတ်သိမ်းထားခဲ့ရသည်။

          “ကျွန်တော်တို့ဟာ စိတ်ကြီးဝင်ပြီး စိန်ခေါ်မှုတွေ ကို ပေါ့ပေါ့တန်တန်သဘောထားခဲ့တယ်” ဟု ယာနအိ က အတိတ်ကို ပြန်လည်စဉ်းစားသုံးသပ်ပြခဲ့သည်။ Fast Retailing သည် ၂၀၁၄ ခုနှစ်တွင် ဂျာမနီ နိုင်ငံတွင် ပထမဆုံးပွဲထွက်ခဲ့ပြီး ထိုအချိန်မှစပြီး ဥရောပ တွင် တဖြည်းဖြည်း ပို၍နေရာယူလာခဲ့သည်။ သို့သော် ဥရောပတွင် ဆိုင်ခွဲအရေအတွက်မှာ ဇူလိုင်လကုန်အထိ ၇၅ ဆိုင်မျှသာရှိနေသေးသည်။   သုံးပုံတစ်ပုံသော Uniqlo ဆိုင်များမှာ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နိုင်ငံ၊ ဟောင်ကောင်နှင့် တိုင်ဝမ် တို့တွင် တည်ရှိကြသည်။ ၁၈၆ ဆိုင်မှာ တောင်ကိုရီး ယားတွင်ရှိသည်။ ကုမ္ပဏီသည် ဩဂုတ်လတွင် ကုန်ဆုံးမည့်ရာသီနှစ်အတွက် စုစုပေါင်းရောင်းချငွေယန်းငွေ နှစ်ထရီလီယံ ကျော် (ဒေါ်လာ ၁၇.၉ ဘီလီယံ) ရောင်းချနိုင်ရန် မျှော်မှန်းထားသည်။ Uniqlo ၏ ဝင်ငွေအများစုကို အာရှဒေသမှ စုစည်းရရှိနေသည်။ သို့သော် ကမ္ဘာ့ဖက်ရှင်လောက၏အချက်အချာ ဖြစ်သော ဥရောပတွင် ခိုင်မာစွာတည်ထောင်ရပ်တည်နိုင် ခြင်းမှာ Fast Retailing အတွက် ကြီးပွားတိုးတက်မှုအဆင့်သစ်တစ်ခုသို့ တက်ရောက်ရန် အလွန်ပင်အရေးကြီးသော ခြေလှမ်းဖြစ်သည်။ 

           Fast Retailing သည် ယင်း၏အခြောက်မြန် အဝတ်အထည်များနှင့် အပူချိန်ထိန်းထားနိုင်သည့် အဝတ်အထည်များအပါအဝင် အခြားရောင်းကုန်ပစ္စည်းများ အပေါ်တွင်ယုံကြည်စိတ်ချမှုရှိသည်။ သို့သော် စိန်ခေါ်မှုမှာ ဥရောပရှိလူများကို Uniqlo အဝတ်အထည်များကို မြင်သာအောင်ပြနိုင်ရန်ဖြစ်ပြီး သို့မှသာထိုသူများသည် အဝတ်အထည်များကို ကောက်ယူကြည့်ရှုပြီး ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်နိုင်မည်ဖြစ်သည်။

3          Uniqlo သည် ဤသို့ကြိုးပမ်းအားထုတ်မှုပြုရန်အတွက် အလွန်ဩဇာရှိသောထောက်ခံအားပေးသူတစ်ဦးကို ရှာဖွေတွေ့ရှိထားရာ ယင်းမှာ တင်းနစ်အကျော်အမော် ရော်ဂျာဖက်ဒရယ် (Roger Federer) ဖြစ်သည်။ ထိုဆွစ်လူမျိုး အားကစားသမားသည်  Uniqlo ၏ အမှတ်တံဆိပ်သံတမန်တစ်ဦးဖြစ်လာခဲ့ပြီး ဇူလိုင်လတွင် ကျင်းပခဲ့သော ဝင်ဘယ်လ်တန်တင်းနစ်ပွဲစဉ်တစ်လျှောက် Uniqlo လိုဂို အမှတ်တံဆိပ်တပ်အားကစားဝတ်စုံကို ဝတ်ဆင်ပြိုင်ပွဲဝင်ခဲ့ရာ ယင်း၏ယခင်ဝတ်ဆင်နေကျဖြစ်သော  Nike အမှတ်တံဆိပ်မှ ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ 

          Fast Retailing သည် အစက်အပြောက်များနှင့် ဒီဇိုင်းပြုလုပ်ထားသော အမျိုးသမီးအဝတ်အထည်များဖြင့် လူသိများသည့် ဖင်လန်ဒီဇိုင်းလုပ်ငန်းအဖွဲ့ မာရီမက်ကို (Marimekko) နှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် Hermes ၏ ယခင်ဒီဇိုင်နာ  Christophe Lemaire  ဖြင့်လည်း ထုတ်ကုန်အသစ်များကို ပူးပေါင်းတီထွင်ထုတ်လုပ်ခဲ့သည်။

          စီးပွားရေးအနာဂတ်ဖြစ်နိုင်ခြေများကြောင့် Fast Retailing အတွက် ဥရောပတွင် ကြီးမားသောအောင်မြင်မှုရရှိရန် အခွင့်အလမ်းရှိနေသည်။ Inditex (အင်ဒီတက်စ်) သည် အလွန်ကောင်းမွန်စွာ လုပ်ငန်းစွမ်းဆောင်နေနိုင်သော်လည်း၊ H&M  (အိတ်ချ်အင်အမ်) ၏ ရောင်းအားမှာ ကျဆင်းနေပြီး ဝယ်ယူသုံးစွဲသူများက ဒီဇိုင်းနှင့်ပစ္စည်းအရည်အသွေးမှာ ဈေးနှုန်းနှင့်လျော်ကန်ကိုက်ညီခြင်းမရှိဟု တိုးမြင့်၍ ခံစားမိနေကြသည်။

          Uniqlo သည် ၁၉၉၀ ပြည့်နှစ်ကာလပိုင်းများတွင် အဝတ်အစားလုပ်ငန်းကြီးကို ဖြိုခွင်းပြိုကွဲစေခဲ့ပုံမှာ အဝတ်အထည်များကို ကန်ထရိုက်များမှတစ်ဆင့် ပြည်ပတွင်ထုတ်လုပ်စေခဲ့ပြီး ထုတ်ကုန်များကို မိမိကိုယ်ပိုင်ဆိုင်များတွင် ရောင်းချခြင်းအားဖြင့်ဖြစ်သည်။ အဆိုပါ ချဉ်းကပ်ပုံနည်းလမ်းအသစ်သည် အစဉ်အလာအတိုင်း အဝတ်အထည်များထုတ်လုပ်ပြီး ကုန်တိုက်ကြီးများတွင်တင်၍ ရောင်းချသူများကိုသာလွန်ကျော်ဖြတ်သွားစေရန် တွန်းပို့ပေးခဲ့သည်။

3

          သို့သော် ယနေ့ဒစ်ဂျစ်တယ်ခေတ်ကာလအတွင်း ရှေ့သို့ဆက်လက်လျှောက်လှမ်းရာတွင် အောင်မြင်မှုဆက် လက်ရရှိရန်အတွက် အာမခံချက်မရှိတော့ပေ။ အင်အားကြီးမားသော ပြိုင်ဘက်ကြီးများသာမက  ဝတ်ဆင်သုံးစွဲသူများသို့ တိုက်ရိုက်ရောင်းချပေးသည့် အမှတ်တံဆိပ်အသစ်များသည် အတည်တကျဆိုင်ဖွင့်လှစ်ရောင်းချခြင်းကိုရှောင်ရှားပြီး အွန်လိုင်းမှတစ်ဆင့် သီးသန့်ရောင်းချပေးခြင်းဖြင့် ကုန်ကျစရိတ်များသက်သာစေသည်။

          ဗြိတိသျှအမှတ်တံဆိပ်ဖြစ်သော ဘူးဟူး  (Boohoo) သည် အလျင်အမြန်ကြီးပွားတိုးတက်မှုကို ကြုံခဲ့ရ သော နမူနာတစ်ခုဖြစ်သည်။ ဖေဖော်ဝါရီလတွင်ကုန်ဆုံး ခဲ့သော ရာသီနှစ်တွင် အလုပ်လုပ်နေသော အဆိုပါကုမ္ပဏီ သည် ယင်းတစ်နှစ်အတွက် ၉၇ ရာခိုင်နှုန်းသော အရောင်းတိုးပွားလာခြင်းကို ပေါင်စတာလင်ငွေ ၅၇၉ သန်း (ဒေါ်လာ ၆၇၃ သန်း) ဖြင့် မှတ်တမ်းရေးသွင်းနိုင်ခဲ့သည်။ ထို့အတူ ဂျပန်နိုင်ငံတွင်လည်း အဝတ်အထည်လုပ်ငန်းကြီး တွင် စီးပွားရေးလုပ်ငန်းပုံစံငယ်အသစ်တစ်ခုပေါ်ပေါက်လာပုံမှာ အပျော်တမ်းအဆင့်ဝန်ဆောင်မှုလုပ်ငန်းများ သည် စက်ချုပ်အတတ်ကျွမ်းကျင်သူများဖြင့် တွဲဖက်ပေါင်းစပ်လုပ်ကိုင်လာကြခြင်းကြောင့် အဝတ်အထည် စီးပွားရေးလုပ်ငန်းကို မည်သူမဆိုဖွင့်လှစ်လုပ်ကိုင်လာနိုင် စေသည်။ ပစ္စည်းအမယ်တစ်မျိုးတည်းကို အရေအတွက် အနည်းငယ်သာ ထုတ်လုပ်ရောင်းချခြင်းဖြင့် အဝတ်အ ထည်ဈေးကွက်ဝန်းကျင်တွင် အောင်မြင်မှုရရန် ဝယ်ယူ အားပေးမှုများ ရရှိကောင်းရရှိနိုင်ပေသည်။

 

Allan Pyu