အလုပ်တစ်ခုမှာ အတူတူလုပ်နေတဲ့သူအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိတဲ့အခါမှာ ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်ပါသလဲ။ (အလုပ်ရှင်နဲ့ ဝန်ထမ်းဆိုရင်ကော၊ ဘယ်လိုတွေ အကျိုးသက်ရောက်မှုရှိပါသလဲ) အလုပ်ကအတူတူ၊ သူငယ်ချင်းလည်းဖြစ်၊ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မူမရှိဘူးဆိုရင်တော့ အတိုဆုံးနဲ့ အလွယ်ဆုံး ပြောရရင် အကျိုးဆက်ကတော့ ဘယ်လိုကိစ္စမျိုးမှာမှ အောင်မြင်မှုရမှာ မဟုတ်ဘူး။ 'ပင်လယ်ထဲမှာ ရေရှိတယ်ဆိုရင်တောင်ပြေးကြည့် ပြီးမှ ယုံမယ် မသည်းအူ' သီချင်းဆိုခဲ့တဲ့ စာရေးသူတို့ အကြိုက်အဆိုကျော် ကိုသန်းလှိုင်ကို သတိရသလို (ဒေါ်) မာမာအေးရဲ့ 'ယုံတမ်းစကား'၊ ဟေမာနေဝင်းရဲ့ 'ယုံလား' သီချင်းတွေကိုလည်း မေးခွန်းရှင်ရဲ့ သူငယ်ချင်းကို ဆိုပြရမလားပဲ။ 'အလုပ်ရှင်နဲ့ ဝန်ထမ်းဆိုရင်တော့ ဘယ်လိုတွေ အကျိုးသက်ရောက်မှုရှိပါသလဲ' ဆိုတဲ့ ထပ်ဆင့်မေးခွန်းကို စောစောကလိုပဲ လိုရင်းတိုရှင်းပြောရရင် သူငယ်ချင်း အဖြစ်ထက် ပိုဆိုးမှာ သေချာတယ်။ သူငယ်ချင်း အချင်း အချင်းမို့လို့ တော်ရုံတန်ရုံ ခွင့်လွှတ်လို့ရပေမယ့် ပိုင်ရှင်နဲ့ အလုပ်သမားကတော့ ဆုံးရှုံးမှုတွေပိုများလာတော့မှာ အသေ အချာပဲလေ။ စာရေးသူအနေနဲ့ လေးလေးနက်နက်နဲ့ စေတနာ ထားပြောချင်တာက ယုံကြည်မှုမရှိလို့ ဖြစ်လာမယ့် အကျိုး ဆက်တွေထက် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိ လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို အလေးပေးပြော ချင်ပါတယ်။ တစ်ခါတုန်းက မြို့တစ်မြို့မှာ ဆရာဝန်တစ်ဦးနဲ့ သူ့တပည့်တစ်ဦးတို့ ဆေးခန်းထိုင်နေတယ်။ တစ်နေ့မှာ ဆရာဝန်က ဆေးကုရင်း သူ့တပည့်ကိုအော်ပြောလိုက်တယ်။ ''တပည့်ကြီးရေ ခြံထဲသစ်ရွက်ခြောက်တွေ လှည်းလိုက်ပါဦး ကွာ'' ''ဟာ... ဆရာရေ၊ သစ်ရွက်တွေက ပြန်ကြွေဦး မှာပဲဗျ၊ မလှည်းတော့ဘူး'' တဲ့။ မကြာခင် နေ့လယ်ထမင်းစားချိန်ရောက်တော့ ဆရာဝန်က သူ့တပည့်ကို မခေါ်တော့ဘဲ ထမင်းစားဖို့ အပြင်ထွက်သွားတယ်။ ''ဆရာရေ၊ ထမင်းစားထွက်တာ တပည့်ကြီးကို ဘာလို့မခေါ်တာလဲဗျ''။ ''ဟာကွာ စားမနေစမ်းပါနဲ့တော့ တပည့်ကြီးရာ မင်းပြန်ဆာမှာပဲလေကွာ'' တဲ့။ ဒါက ဘာပြသလဲဆိုတော့ တစ်ဦးနဲ့တစ်ဦး မယုံ ကြည်ရင် တစ်ဦးနဲ့တစ်ဦး ပံ့ပိုးမှု၊ လိုက်လျောမှုမရှိတော့တဲ့ သာဓကလေးပါပဲ။ ဒီတော့ တစ်ဦးနဲ့တစ်ဦး 'အပြန်အလှန်ယုံကြည် မှု (Mutual Trust) ရှိအောင်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး 'အပြန်အလှန်ပံ့ပိုးမှု'(Mutual Support)ရှိအောင် လုပ် ထားပါလို့ ဆိုပါရစေ။
ရဲမြင့် (စွန့်ဦးတီထွင်)