ယာဉ်စီးရေးတိုးမလာရေး စင်ကာပူဆောင်ရွက်မယ်

dec2017int3

စင်ကာပူနိုင်ငံဟာ မော်တော်ဆိုင်ကယ်၊ အိမ်စီးကိုယ်ပိုင်မော်တော်ကား စတဲ့ ယာဉ်စီးရေ နောက်ထပ်တိုးမလာရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကစပြီး ဆောင်ရွက်မယ်လို့ သိရပါတယ်။ ကုန်းလမ်းသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ''မြေနေရာအခက်အခဲရှိနေတဲ့အပြင် လမ်းတွေ တိုးချဲ့ဖို့က ခက်ခဲနေတယ်'' လို့ ပြောတယ်။ ''ဒါပေမဲ့ အများပြည်သူသယ်ယူပို့ဆောင်သွားလာရေးအတွက် ပိုကောင်းအောင် လုပ်သွားမှာပါ'' တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး Facebook မှာ အများပြည်သူတွေရဲ့ တုံ့ပြန်ဝေဖန်ချက်ကို အောက်ပါအတိုင်း ကောက်နုတ်ပြလိုက်ပါတယ်။

''ဝင်ငွေနည်းတဲ့ မိသားစုအများစုက အလုပ်သွားရင် မော်တော်ဆိုင်ကယ်တွေကို အဓိကအားထားနေကြရတာပါ။ အဲဒါတွေ ကန့်သတ်လိုက်ရင် စားဝတ်နေရေးထိခိုက်လာမယ်။ ဝန်ကြီးတွေအနေနဲ့ ကိုယ်ပိုင်ကားတွေ မစီးဘဲ အများသုံးကားတွေကိုပဲ သုံးကာ စံပြလုပ်ကြပါ''

''ရထားတွေ ပျက်ပျက်နေတာကို အရင်ဦးစားပေးပြင်ပါ''

''ခရီးသည်တွေ ရထားတစ်စီးကနေ နောက်ရထားကို အမြန်ပြောင်းစီးသွားနိုင်တဲ့ (MRT) စနစ်ကို ကောင်းအောင်အရင်ပြင်ပါ။ အဲဒီလို မပြင်သမျှတော့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ သိပ်ဒုက္ခရောက်တယ်ရှင်။ အဲဒီလို အချိန်မျိုးဆိုရင် တက္ကစီအငှားကားတွေကလည်း ဈေးပိုတောင်းတော့တယ်''

''လာမယ့်ဆယ့်လေးငါးနှစ်အတွင်း ကိုယ်ပိုင်ကားစီးခြင်းကို လုံးဝတားမြစ်လိုက်ပါ။ MRTရထားတွေကတော့ ကောင်းမှကောင်း။ ပျက်ပျက်နေတာကတော့ အသေးအဖွဲ့ကိစ္စပါ။

''ပြဿနာမဟုတ်ပါဘူး။ ကားတွေမရှိရင် MRTရထားတွေ ရှိတယ်။ MRTတွေမရှိရင်၊ ဘတ်စ်ကားတွေရှိတယ်။ ဘတ်စ်ကားတွေ မရှိရင် တက္ကစီကားတွေ ရှိတယ်။ Grab တို့ Uber တို့တော့ သွားစီးလို့ ပိုက်ဆံတောင်မရှိရင် ဒီတော့လည်း မတတ်နိုင်ဘူးဗျာ''