လက်ရှိလုပ်နေတဲ့အလုပ်ကနေ မတူညီတဲ့ အခြားလုပ်ငန်းခွင်နယ်ပယ်ထဲကို ပြောင်းချင်နေတဲ့သူတစ်ယောက်အနေနဲ့ ဘာတွေလုပ်သင့်ပါသလဲ။ ဆရာ့ရဲ့ အကြံ ပြုချက်တချို့ကို ပြောပြပေးစေချင်ပါတယ်။
မေးခွန်းရှင်ကို ဆရာ့အနေနဲ့ ပထမဆုံးအကြံပေးချင်တာက ဖြစ်နိုင်ရင် (ဖြစ်နိုင် ရင်) အလုပ်တစ်ခုကနေတစ်ခု မပြောင်းစေချင်ဘူး။ တစ်ခုနှစ်ခု ပြောင်းတာက အရေးမကြီးပေမဲ့ ပြောင်းတာများရင် နောင်အလုပ်အတွက် မ ကောင်းဘူး။ ကိုယ့်ရဲ့ Job Career မှာ Jumper ဆိုတဲ့ 'ခဏခဏ ခုန်ကူးတဲ့သူ' ဆိုပြီး သတ်မှတ်ခံရတတ်တယ်။ ကိုယ့်အကြောင်းနဲ့ကိုယ် ကိုယ်မှန်တယ်လို့ထင်ပေမဲ့ အား လုံးနားလည်အောင် ရှင်းပြနေဖို့က မလွယ်ဘူးကွဲ့။ နောက်တစ်ခုက ပြောင်းရွှေ့ချင်တဲ့ အခြားအကြောင်းအရာ တွေကိုခဏထား ''နောက်အလုပ်က လစာပိုကောင်းလို့ ပါ ဆရာရေ'' လို့ ပြောလာရင်လည်း ဆရာကလည်း ပြန် မေးရပါလိမ့်မယ်။ ''လောကမှာ ပိုက်ဆံဆိုတာ အရေးကြီးတာ မှန်တယ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်လို့မရဘူးဆိုတာ ဟုတ်တယ်။ ဒါပေမဲ့ ပိုက်ဆံ (ငွေ) ရဲ့တန်ဖိုး ကိုတော့ ပိုတွက်လို့မရဘူးနော်''။ မေးခွန်း ရှင် ဒီအဓိပ္ပာယ်ကို သဘောပေါက်မှာပါ။ ''တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့စကား ရှိတယ်နော်ဆရာရဲ့'' လို့ပြောလာရင်လည်း ဟိုဘက်ရွာရောက်လို့ အဲဒီရွာမှာရှိတဲ့ မုဆိုးကျော်နဲ့ တွေ့ပြီး သေမှနောင်တရသွားတဲ့ 'ကျား' လည်း ရှိပါသေးတယ်လို့ ပြန်ဖြေ ပါရစေ။ ''သေချင်တဲ့ကျား တောပြောင်း'' ဆိုတာလေ။ ကဲ... မေးခွန်းရှင်က ''ဆရာရေ ... ပြောင်းကို ပြောင်းမှဖြစ်မယ်'' ဆိုရင်တော့လည်း ဘာတွေ လုပ်သင့်တယ်ဆိုတာ အကြံပြုပါ့မယ်။ ၁။ ကိုယ်ပြောင်းမယ့်အလုပ်၊ ကုမ္ပဏီကအကြီးအကဲရဲ့ စိတ်နေသဘောထား (Attitude) ကို စုံစမ်းမေးမြန်း ထားပါ။ လစာဘယ်လောက်ပဲကောင်းကောင်း ကိုယ့် အကြီးအကဲရဲ့ စိတ်နေစိတ်ထားက ညံ့နေရင် ကိုယ့် ဘ၀ 'နာ' လိမ့်မယ် (အကျယ်ပြောရင် စာရှည်မှာ စိုး လို့ ဒီလောက်ပဲ နားလည်ထားပါ)။ ၂။ ပြောင်းမယ့်အလုပ်ရဲ့အလုပ်သဘာဝ၊ အမျိုးအစား၊ အ တိမ်အနက်၊ ဥပဒေနဲ့ ကိုက်မကိုက်၊ သန့်ရှင်းမှု ရှိမရှိ၊ ရေရှည် Promising (ခိုင်မာမှု၊ သေချာမှု) ရှိ မရှိ စုံစမ်းပါ။ (တောမပြောင်းခင် တောရှင်း မရှင်း လေ့ လာတဲ့သဘောပါ။) ၃။ အခုအလုပ်နဲ့ မသက်ဆိုင်တဲ့လုပ်ငန်းဆိုတော့ အဲဒီလုပ် ငန်းအကြောင်း အသေးစိတ်မဟုတ်သည့်တိုင် ခြုံငုံမိ အောင်တော့ သိတဲ့သူကို မေးမြန်း။ ဆိုင်တဲ့ Short Courses လေးတွေလိုက်တက်။ လက်ရှိလုပ်နေတဲ့ဝန် ထမ်းတွေဆီ ချဉ်းကပ်ပြီး မေးသင့်မေးထိုက်တာလေးတွေ မေးထား။ ၄။ လောကမှာ မွေးကတည်းက ဘယ်သူမှ 'တတ် မလာဘူး' ဆိုတာကို ရင်ဘတ်ထဲ၊ ဦးနှောက်ထဲ ထည့်ပြီး ကြိုးစားရပါတယ်။ ၅။ Self-Confidence ကို မရရအောင်လုပ်။ ၆။ ကိုယ်ရွှေ့မယ့်အလုပ်ဟာ 'နေဆယ်စင်းနဲ့ကစားခိုင်းတဲ့ အလုပ်' မဟုတ်ဘူး။ သင်ရင်တတ်တယ်ဆိုတာ ခေါင်း ထဲထည့်ထား။ နောက်ဆုံးဆရာတစ်ခုပြောပါရစေ။ လောကမှာ 'ဆန္ဒနဲ့ဘဝ' မမုဟဖြစ်ဖို့ဆိုတာ မလွယ်ဘူးကွဲ့။ ဆရာ တို့လည်း ဒီလိုပါပဲ။ မချစ်ပေမဲ့ အောင့်ကာနမ်းရတာရယ်၊ ပင့်သက်ရှူရတာရယ်၊ မသိမသာ တံတွေးမျိုချရတာရယ် ရှိပါတယ်။ ဖြစ်နေသေးရင်တော့ မပြောင်းပါနဲ့။ ဖြစ်ကို မဖြစ်တော့ဘူးဆိုရင်တော့ မဆိုင်းမတွ အခုပဲ နုတ်ထွက်စာ တင်လိုက်ပါလို့ပဲ အကြံပြုပါရစေ။ ကြာရင်နှစ်ဖက်စလုံး 'နာ' တယ်နော်။ရဲမြင့် - စွန့်ဦးတီထွင်