ထိုင်းဟာ ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးအခြေအနေတွေ အားရစရာရှိခဲ့ပေမယ့် ကွန်ဒိုတိုက်ခန်းတွေကတော့ အဝယ်သိပ်မလိုက်တဲ့အတွက် ကွန်ဒိုအလုံးပေါင်း ၄၅,၀၀၀ မရောင်းရဘဲ ကျန်နေခဲ့ပါတယ်။ ဒါဟာ အိမ်ရာအဆောက်အအုံလုပ်ငန်းစီးပွားရေးသမားတွေအတွက် စိုးရိမ်စရာကြီးဖြစ်နေတယ်လို့ သိရတယ်။
၂၀၁၈ ခုနှစ်အတွင်းမှာ ဒီအိမ်ရာအဆောက်အအုံလုပ်ငန်းတွေကို ၂၀၁၇ ခုနှစ်ကထက်တိုးပြီး နိုင်ငံခြားသားတွေနဲ့ ဖက်စပ်လုပ်ကိုင်လာမယ်လို့ သိရတယ်။ ကွန်ဒိုများကို နိုင်ငံခြားသားတွေက ဝယ်ယူရာမှာ ရင်းနှီးမြှုပ်နှံဖို့အတွက်က ဝယ်ယူနေကြတာဖြစ်တဲ့အတွက် ကွန်ဒိုလုပ်ငန်းရှင်တွေအနေနဲ့ သတိထားဆောင်ရွက်သွားဖို့ ရှိတယ်လို့ သိရတယ်။
ဒီသတင်းနဲ့တစ်ဆက်တည်း ကွန်ဒိုတိုက်ခန်းဝယ်ယူသူတွေအနေနဲ့ သတိထားကြည့်သင့်တဲ့ အချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကွန်ဒိုတိုက်ခန်းတွေဝယ်ယူသူအားလုံး ဘုံပစ္စည်းအဖြစ် သုံးစွဲနိုင်တဲ့နေရာ အကျယ်အဝန်းနဲ့ ပစ္စည်းတွေကို မိမိနှစ်သက်ခြင်း ရှိမရှိကြည့်ပါ။
ကားရပ်ထားဖို့နေရာ သင့်အတွက် အဆင်ပြေမှုရှိမရှိကြည့်ပါ။ မီးဘေးစတဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဖြစ်ရပ်တွေအတွက် စိတ်ချရမှုရှိ မရှိကြည့်ပါ။
အခန်းရဲ့အကျယ်အဝန်းနဲ့ အိပ်ခန်းဘယ်နှခန်းပါတယ်ဆိုတာလည်းကြည့်ပါ။အိမ်ရဲ့ပစ္စည်းပစ္စယတွေ သိုလှောင်ထားနိုင်တဲ့နေရာ ရှိမရှိကိုလည်း ကြည့်ပါ။
အိပ်ခန်းတွေ၊ မီးဖိုဆောင်တွေ၊ ရေချိုးခန်းတွေ၊ လျှပ်စစ်မီးအလင်းရောင်တွေ စနစ်တကျခေတ်မီအောင် တပ်ဆင်ပြုလုပ်ထားခြင်း ရှိ မရှိလည်းကြည့်ပါ။