ယှဉ်ပြိုင်နိုင်မှုအဆင့်တက်လာတဲ့ ထိုင်းနိုင်ငံက အနာဂတ်အတွက်လည်းမျှော်မှန်း

intlnews2

World Economic Forum (WEF) က ထုတ်ပြန်တဲ့ ဒီနှစ်စာရင်းမှာ ထိုင်းနိုင်ငံက အဆင့်နှစ်ဆင့် တိုးတက်လာခဲ့ပြီး နောက်နှစ်မှာလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှုမှာ အဆင့်ပိုတက်လာဖို့ မျှော်မှန်းထားပါတယ်။

ထိုင်းနိုင်ငံအစိုးရက မူဝါဒအသစ်တွေချမှတ်ပြီး ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ရမှတ်ဟာ နောက်နှစ်မှာ ပိုပြီးတိုးတက်လာဖို့ မျှော်မှန်းထားတယ်လို့ ထိုင်းနိုင်ငံ စီမံခန့်ခွဲမှုအဖွဲ့အစည်းဥက္ကဋ္ဌနဲ့ ယှဉ်ပြိုင်မှုကော်မတီအဖွဲ့ဝင် Tevin Vongvanich က ပြောကြားခဲ့ပါတယ်။ အဆင့်ပိုကောင်းလာဖို့ဆိုတာက ထိုင်းနိုင်ငံအနေနဲ့ ၎င်းရဲ့ယှဉ်ပြိုင်နိုင်စွမ်းကို ဘယ်လောက်ထိ မြန်မြန်တိုးတက်အောင် လုပ်နိုင်မလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်တို့လို အခြားအာရှနိုင်ငံတွေရဲ့ ကိုယ်ပိုင်ယှဉ်ပြိုင်နိုင်စွမ်းတွေကလည်း တိုးတက်ကောင်းမွန်လာနေတဲ့အတွက် ဖြစ်ပါတယ်လို့ Mr Tevin က ဆိုပါတယ်။

နိုင်ငံပေါင်း ၁၃၇ နိုင်ငံပါဝင်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်မှုရဲ့ နောက်ဆုံးရညွှန်းကိန်းထုတ်ပြန်ချက်မှာ မနှစ်က ထိုင်းနိုင်ငံက အဆင့် ၃၄ မှာရပ်တည်နေရာကနေ ဒီနှစ်မှာ အဆင့် ၃၂ ကို ရောက်ရှိလာခဲ့ပါတယ်။ ဒါက အာဆီယံနိုင်ငံကိုးနိုင်ငံရှိတဲ့အထဲမှာ စင်ကာပူ (အဆင့်သုံး)နဲ့ မလေးရှား (အဆင့် ၂၃) ပြီးရင် ထိုင်းနိုင်ငံက တတိယနေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ WEF က ထောက်ပြခဲ့တဲ့ ထိုင်းနိုင်ငံရဲ့တိုးတက်မှုတွေထဲက အဓိကစံနှုန်းတွေကတော့ အခြေခံအဆောက်အအုံ၊ Macro-economic Environment ၊ ကျန်းမာရေးနဲ့ အခြေခံပညာရေး၊ အဆင့်မြင့်ပညာရေးနဲ့ လေ့ကျင့်သင်ကြားမှု၊ ထုတ်ကုန်နဲ့ အလုပ်သမားဈေးကွက်ကောင်းမွန်မှု၊ ငွေကြေးဈေးကွက်တိုးတက်မှု၊ နည်းပညာပိုင်းဆိုင်ရာ အဆင်သင့်ရှိမှုနဲ့ ဈေးကွက်အရွယ်အစားစတာတွေပဲ ဖြစ်ပါတယ်။