အင်တာဗျူးမေးမြန်းတဲ့အခါ သိထားသင့်တဲ့အချက်တွေကို အရင်ပြောပြပေးပါမယ်။ အင်တာဗျူးအစမှာ (Small Talk) အာလာပသလ္လာပ စကားလေးတွေလည်းပြောပါ။ အင်တာဗျူးတဲ့အခါ လာရောက်ဖြေဆိုသူကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ သူတို့တွေ ရိုးရိုးသားသားနဲ့ ကိုယ့်ကိုပြောနေတဲ့အခါ ရိုးသားမှုကိုလည်း ချီးကျူးပါ။
မေးခွန်းတွေက Creative ဖြစ်ဖို့လိုပါတယ်။ သူဘယ်လိုစဉ်းစားပြီးမှ တုံ့ပြန်သလဲဆိုတာသိရဖို့ ဒီလိုမေးတာဖြစ်တယ်။ စကားရဲ့နောက်ကွယ်က အတွေးထဲမှာ သူဘာကိုရည်ညွှန်းချင်နေလဲဆိုတာကို နှိုက်ထုတ်ရမယ်။ သူတို့ရဲ့စိတ်နေစိတ်ထားပေါ်လွင်အောင် ခက်တဲ့မေးခွန်းတွေ မေးရမယ်။ ဥပမာ- ဒီကုမ္ပဏီမှာ ဘယ်လိုမျိုးတွေ ဖြစ်နေတယ်၊ မင်းရောက်လာရင် ဘယ်လိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့ထင်လဲ။ ဒီမေးခွန်းက သူ့ရဲ့ Plan ကို ဆွဲထုတ်လိုက်တာဖြစ်တယ်။ သူဘယ်လိုလူမျိုးနဲ့ တွဲလုပ်ချင်လဲဆိုတာရယ်၊ ဘာကြောင့်တွဲလုပ်ချင်သလဲဆိုတဲ့ မေးခွန်းမျိုးမေးပါ။ ဒါမှ သူတို့ရဲ့ Opinion ကိုသိနိုင်မယ်။
နောက် သူ့မှာ Goal ရှိလားမေးပါ။ ဒါကိုဘာလို့မေးရလဲဆိုတော့ ဒီလူက ကိုယ့်ရဲ့လုပ်ငန်းမှာ မျှော်လင့်ချက်ကြီးကြီးနဲ့ တကယ်လုပ်ချင်လို့ လာတာဟုတ်၊ မဟုတ်သိရမယ်။
အင်တာဗျူးထဲမှာ Past Experience မေးပါ။ အခက်အခဲဖြေရှင်းခဲ့တဲ့အကြောင်းကိုမေးပါ။ အခက်အခဲက ဘာလဲ။ အဲဒီတုန်းက ဘာဖြစ်တာလဲ။ ဘယ်လိုကျော်ဖြတ်သွားလဲ။ ခင်ဗျားကကော အဲဒီထဲမှာ ဘယ်လိုနေရာကပါခဲ့လဲ။ နောက်ပိုင်း ဘယ်လိုဆက်ဖြစ်သွားခဲ့သလဲစတဲ့ မေးခွန်းမျိုးလေးတွေ မေးစေချင်ပါတယ်။ တကယ့်အဖြစ်အပျက်လည်း ဖြစ်ရပါမယ်။ တချို့စကားပြောတော်တဲ့သူတွေက Example ကိုပြောပြသွားတယ်။ အဲဒီထဲမှာ သူမပါဘူး၊ စာအုပ်ထဲကအရာကို ပြောတယ်။ အဲဒါမျိုးဆို ကျွန်တော်ဆိုရင် မခန့်တော့ပါဘူး။ ဒါကြောင့် သူဖြေတဲ့အခါ ကိုယ်တိုင်ပါဝင်ထားတဲ့ အဖြစ်အပျက်ဖြစ်ရပါမယ်။
Reference Check လုပ်တဲ့အခါ ဖြစ်နိုင်ရင် ဖုန်းဆက်ပြီးမေးပါ။ မေးမယ့်မေးခွန်းတွေကို ကြိုပြင်ဆင်ထားပါ။ တချို့နေရာတွေမှာ Customer တွေရဲ့ Feedback ကိုလည်း တောင်းရတယ်။ ဥပမာ- Sales Person ကို ရွေးမယ်ဆိုရင် ခင်ဗျားကုမ္ပဏီမှာ ဘယ်လောက်အရောင်းရှိလဲ။ Customer အကြီးကြီးတွေက ဘယ်သူလဲ။ ကျွန်တော်မေးလိုက်ရင် ခင်ဗျားနာမည်ကိုသိလား။ မေးလို့ရလား။ ရတယ်ဆိုရင် ဖုန်းဆက်မေးလိုက်မယ်။ သူ့ရဲ့ Customer ပေါ်ထားတဲ့ Behavior က ဘယ်လိုလဲ။ ဆက်ဆံရေးကောင်းလား။ ဒါတွေပေါ်မူတည်ပြီးတော့ ဘယ်လိုလူမျိုးကို ရွေးချယ်မလဲဆိုတာ ကိုယ်ဆုံးဖြတ်ရပါမယ်။
အင်တာဗျူးမေးမြန်းပြီးလို့ ကိုယ့်ရဲ့ Short-listed မှာ ဆန်ခါတင်ကျန်တဲ့ သုံး၊ လေးယောက်ထဲက တစ်ယောက်ကို မရွေးခင်မှာ ဖြစ်နိုင်ရင် သူတို့ကို ဖိတ်ပြီး ကိုယ့်ရဲ့ရုံးကို လိုက်ပြသင့်ပါတယ်။ အဲဒီအခါမှာ သူလူတွေကို ဘယ်လို Response လုပ်လဲအကဲခတ်နိုင်မယ်။ သူကိုယ့်ကို မေးခွန်းမေးသလား၊ မေးခွန်းမမေးတဲ့သူဆိုရင် ကိုယ့်ကိုစိတ်မဝင်စားလို့၊ ဒီအလုပ်ကို စိတ်မဝင်စားလို့ဖြစ်နိုင်တယ်။ အလုပ်နဲ့ပတ်သက်တာတွေကို သိချင်ပြီးမေးမယ်ဆိုရင် ကောင်းပါတယ်။ ထမင်းတစ်နပ်တည်း အတူတူစားရုံနဲ့ လူတစ်ယောက်အကြောင်းကို ကောင်းကောင်းသိနိုင်တယ်ဆိုတဲ့ စကားလေးရှိပါတယ်။ Short-listed မှာ ပါတဲ့သူတွေကို နေ့လယ်စာ၊ ဒါမှမဟုတ် ညစာကျွေးရင်းနဲ့ စကားပြောပါ။ (ဒါကတော့ Eexcutive Level တွေကို ရွေးချယ်တဲ့အခါမှာဖြစ်ပါတယ်။) အဲဒီကနေ သူတို့က Waiter ကို ဘယ်လိုဆက်ဆံလဲဆိုတဲ့အပေါ် အကဲခတ်ပြီးတော့ မိမိအထက်ကလူ၊ မိမိလက်အောက်က လူတွေကိုဆိုရင် သူဘယ်လိုဆက်ဆံလေ့ရှိသလဲဆိုတာကို အကဲခတ်နိုင်ပါတယ်။
မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းရွေးချယ်တဲ့နေရာမှာ အဓိကသိထားရမယ့် အချက်သုံးချက်ရှိပါတယ်။ ပထမတစ်ချက်က ဘယ်မန်နေဂျာပဲဖြစ်ဖြစ်၊ မူလမှာ ကိုယ်ဘာလိုချင်တာလဲဆိုတာ သိအောင်လုပ်ရမယ်။ ကိုယ်ခန့်ချင်တဲ့သူရဲ့ စွမ်းရည်၊ အားသာချက် ဘယ်လိုအားသာချက်မျိုးကို မျှော်လင့်လဲ၊ ဘယ်လို Strength ကို ကိုယ်မျှော်လင့်လဲ။ ဘယ်လိုအားသာချက်ရှိလဲကို ကိုယ့်ကိုယ်ကိုယ် အရင်သိအောင်လုပ်ပါ။ လုပ်ပြီးတော့မှ အဲဒါတွေရှိတဲ့လူကို လိုက်ရှာပါ။
ဒုတိယအချက်အနေနဲ့က တကယ်လို့များ အဲဒီ Strength တွေ မရှိသေးဘူးဆိုရင် မရှိသေးတဲ့သူကို၊ ဒါမှမဟုတ် နည်းနည်းပဲရှိသေးတဲ့သူကိုပဲရခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ Level ရှိလာအောင် ဘာကတွန်းအားဖြစ်စေမလဲဆိုတာ သိအောင်လုပ်ရပါမယ်။ လူတစ်ယောက်ချင်းရဲ့ Skill တွေက မတူကြပါဘူး။ ဒါကြောင့် တွန်းအားအဖြစ်နဲ့ ပေးနိုင်မယ့်အရာက ဘာလဲဆိုတာကို ကိုယ်က သိထားရမယ်။ ကိုယ်လိုချင်တဲ့ နေရာရောက်အောင် ဘာနဲ့တွန်းအားပေးမလဲ၊ သူ့ရဲ့အားသာချက်ကိုရအောင် ဘာက Trigger လုပ်ပေးနိုင်မလဲဆိုတာကို သိအောင်လုပ်ထားရပါမယ်။
နောက်တစ်ချက်က Learning Style ပါ။ လူတိုင်းမှာ Learning Style အမျိုးမျိုးရှိပါတယ်။ ကိုယ်ရွေးချယ်ထားတဲ့လူက Strength ရှိရှိ၊ မရှိရှိ ကိုယ်လိုချင်တဲ့ပုံစံကိုရောက်အောင် ကိုယ်ကသင်ပြပေးရပါမယ်။ အဲဒီလို သင်ပြပေးတဲ့အခါကျရင် ကိုယ်ကသင်တဲ့ပုံစံနဲ့ သူတို့သင်ယူလက်ခံတဲ့ပုံစံက တစ်ထပ်တည်းကျမှ ရပါမယ်။ ဆရာနဲ့တပည့်က သင်ယူလိုစိတ်နဲ့ သင်ပေးလိုစိတ်က ကိုက်ညီတဲ့အခါ သင်ပေးရတာက အထမြောက်သွားပါတယ်။ Learning Style က ဒီလိုသင်ပေးလို့ရလား၊ ဘယ်လိုပုံနဲ့သင်မလဲ၊ ဘယ်လိုပုံသွင်းမလဲ။ ဒီသုံးချက်ဆိုရင် ပြည့်စုံပါပြီ။
ဦးမျိုးသန်း ၊ HR & Learning and Development Practicioner