ဂျပန်အီလက်ထရွန်းနစ်ကုမ္ပဏီ Sony က လူ့ခန္ဓာကိုယ်မှာ သွေးဖိအားကနေ ဦးနှောက်လှိုင်းတွေ လှုပ်ရှားမှုအထိ တိုင်းတာနိုင်မယ့် အာရုံခံကိရိယာတွေ ပါဝင်တဲ့ SmartWig ခေါင်းစွပ်ကို အမေရိကန်မှာ မူပိုင်ခွင့်လျောက်ထား လိုက်ပါတယ်။ ဒီခေါင်းစွပ်ဟာ မျက်မမြင်တွေကို အခြားအကူအပံ့တွေ မလိုဘဲ သွားလာနိုင်အောင် ကူညီသလိုမျိုး လက်တွေ့အသုံးဝင်မှုများစွာ ပါဝင်ပါတယ်။ ဂိမ်းထုတ်လုပ်ရေးလုပ် ငန်းတွေအတွက်လည်း အသုံးတည့်နိုင်ပါတယ်။ Google က Google Glass မျက်မှန်ကို မေလတုန်းက ထုတ်လုပ်ခဲ့သလို Samsung ကလည်း Galaxy Gear စမတ်ဖုန်း လက်ပတ်နာရီကို စက်တင်ဘာလမှာ ထုတ်လုပ်ခဲ့တယ်။ ဒီကုန်စည်တွေကို လူကြိုက်များခဲ့ပေမယ့် ကုန်ကျတာနဲ့ အကျိုးရှိတာကို ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ Sony Europe ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီနည်းပညာဟာ အခြေခံ သုတေသနအဆင့် မှာပဲရှိသေးပြီး ဈေးကွက်တင်ဖို့ မဆုံးဖြတ်ရသေးဘူးလို့ ပြောတယ်။ Sony ဟာ နာမည်ကျော် ဂိမ်းကစားစက်ဖြစ်တဲ့ Playstation 4 ကို နိုဝင်ဘာလမှာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖြန့်ချိခဲ့ပါတယ်။