မြန်မာနိုင်ငံရဲ့ အွန်လိုင်းအိမ်ခြံမြေရောင်းဝယ်ရေးဈေးကွက်တစ်ခုဖြစ်တဲ့ House.com.mm က ကြီးမှူးပြီး ပထမအကြိမ်အိမ်ခြံမြေလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲအဖြစ် ဖွံ့ဖြိုးဆဲနိုင်ငံတွေက အိမ်ခြံမြေဈေးကွက် အလားအလာအကြောင်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့၊ နေ့လည် ၂ နာရီကနေ ညနေ ၅ နာရီအထိ ParkRoyal Hotel မှာကျင်းပသွားမယ်လို့သိရပါတယ်။ Rocket Internet, Lamudi.com အောက်မှာရှိတဲ့ House.com.mm ရဲ့ ကမ္ဘာတစ်ဝန်းကျယ်ကျယ်ပြန့်ပြန့်သုတေသနပြုထားချက်တွေထဲက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်လေ့လာမှုစာတမ်း(၂၀၁၄) ကိုအခြေခံပြီး အိမ်ခြံမြေဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ဆွေးနွေးသွားမှာဖြစ်ပြီး ဒေသတွင်းအိမ်ခြံမြေဈေးကွက်ကို ပိုပြီးသိရှိနားလည်လာနိုင်ဖို့အတွက်လည်း ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ ဦးခင်မောင်သန်း(မြန်မာနိုင်ငံအိမ်ခြံမြေအကျိုးဆောင်အသင်းဥက္ကဋ္ဌ - MRESA)၊ ဦးမျိုးမြင့်(Naing Group Capital ရဲ့ ဈေးကွက်နှင့် အရောင်းဆိုင်ရာအထွေအထွမန်နေဂျာ)၊ Mr Antony Picon (Colliers International ရဲ့ မန်နေးဂျင်းဒါရိုက်တာ)နဲ့ Mr Jan Sommerfeld(House.com.mm ရဲ့ မြန်မာနိုင်ငံဆိုင်ရာမန်နေဂျာ) တို့က ဆွေးနွေးပြောကြားသွားမယ်လို့ သိရပါတယ်။ အဲဒီဆွေးနွေးပွဲရဲ့ အကြိုသတင်းစာရှင်းလင်းပွဲမှာ Mr Jan Sommerfeld က လာမယ့်ဆယ်နှစ်လအတွင်း မြန်မာ့အိမ်ခြံမြေဈေးကွက်အလားအလာကို သုံးသပ်ရာမှာ ၆၅ ရာခိုင်နှုန်းကို အလားအလာကောင်းအဖြစ်၊ ၃၅ ရာခိုင်နှုန်းကို ပုံမှန်အလားအလာအဖြစ် သုံးသပ်ထားကြောင်း ပြောကြားသွားခဲ့ပါတယ်။ အိမ်ခြံမြေ ရှာဖွေသူတွေဟာ ငှားရမ်းဖို့ထက် ဝယ်ယူဖို့ကို ပိုပြီးစိတ်ဝင်စားကြောင်း၊ ငှားရမ်းနေထိုင်သူ ၉၀ ရာခိုင်နှုန်းက လာမယ့် ဆယ်နှစ်အတွင်း အိမ်တစ်လုံးဝယ်ယူနိုင်ဖို့ မျှော်လင့်ထားပြီး ငှားရမ်းနေထိုင်သူ ၆၆ ရာခိုင်နှုန်းက အိမ်ဝယ်ဖို့ ငွေကြေးစုဆောင်းနေကြတယ်လို့ သူက ဆက်ပြီး သုံးသပ်ပြသွားပါတယ်။