Online Marketing ဆိုတာနဲ့ Online မှာ အရောင်းအဝယ်လုပ်တဲ့အခါ သိထားသင့်တဲ့ ဆောင်ရန် ၊ ရှောင်ရန်တွေ

om1

Online Marketing (OM) ဟာ ၁၉၉၈ ခုနှစ်လောက်ကတည်းက တခြားနိုင်ငံတွေမှာ စတင်ပေါ်ပေါက်ခဲ့ပါတယ်။ OM ဟာ၂၀၀၀ ပြည့်နှစ်လောက်မှာ အားသာလာတယ်။ ၂၀၀၈ ခုနှစ်လောက်မှာဆို တချို့နိုင်ငံတွေမှာ သိသိသာသာကို အားသာလာတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာတော့ OM ပေါ်လာတာ မကြာသေးပါဘူး။ တိတိကျကျပြောရရင်တော့ ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကမှ အစပျိုးလာတာကို တွေ့ရပါတယ်။  နိုင်ငံတကာမှာဆိုရင် Alibaba ၊ Amazon ၊ eBay စတဲ့ Platform တွေရှိပြီး Customer တွေက ပစ္စည်းဝယ်ချင်တယ်ဆိုရင် ဒီ Platform တွေပေါ်တက်ပြီး ပစ္စည်းဝယ်တာတွေ လုပ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံမှာက Social Media တွေပေါ်မှာ အရောင်း၊ အဝယ်တွေ လုပ်နေကြတာကို တွေ့ရပါတယ်။  ကျွန်တော်တို့ မြန်မာလူမျိုးတွေက Alibaba တို့လို Platform တွေပေါ်မှာ အရောင်းအဝယ်တွေ လုပ်ရတာထက် Social Media ကို အခြေခံတဲ့ Marketing ကို ကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ အခုဆိုရင် Social Media ပေါ်မှာ တည်ဆောက်ထားတဲ့ Online Marketing အခုရှစ်ရာလောက်ထိတောင် ရှိတယ်ဆိုတာကို တွေ့ရပါတယ်။

အဲဒီမှာ Online မှာ အရောင်းအဝယ်လုပ်တဲ့လူကို Sincerity ဖြစ်ပါ (ရိုးသားပါ) လို့ ကျွန်တော်ပြောချင်ပါတယ်။ တစ်ဆင့်ခံဝယ်တယ်ဆိုပေမယ့် ဒီပစ္စည်းက ဘယ်ကလာတယ်ဆိုတာကို သိဖို့လိုတယ်။ နောက်ပြီး ဒီပစ္စည်းက အစစ်လား၊ အတုလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ကိုယ်သိတဲ့၊ ကြွယ်ဝတဲ့ အင်္ဂလိပ်စကားလုံးနဲ့ လှည့်စားတာကတော့ မကောင်းဘူးလို့ ကျွန်တော်ယူဆပါတယ်။ Online တွေမှာ အဓိကဖြစ်တဲ့ပြဿနာက Reliable (ယုံကြည်အားထားရမှု) အားနည်းတဲ့ပြဿနာလို့ ယူဆပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ Academic နဲ့ ပတ်သက်လို့ စာတမ်းဖတ်ပွဲတွေလုပ်ပြီဆိုရင် Online ရဲ့ Reference ကို တော်ရုံတန်ရုံ မယူရဲဘူးဆိုတာ တွေ့ရပါတယ်။ Online မှာ Reliable မဖြစ်တဲ့ကိစ္စတွေ တွေ့နေရပါတယ်။

Online မှာ အရောင်းအဝယ်လုပ်တဲ့သူအနေနဲ့ ကိုယ်ရောင်းတဲ့ပစ္စည်းကို အာမခံနိုင်ရမယ်၊ ရိုးသားရမယ်။ ကျွန်တော်တွေ့ရတာတစ်ခုကို ဥပမာပေးရရင် Online မှာ နာရီအတုတစ်လုံးရောင်းတာကို ရောင်းတဲ့လူက First Copy ဆိုပြီး လှည့်ဖြားလိုက်တယ်။ အဲဒီအခါမှာ လူတွေက Second Copy တို့ ၊ Copy တို့ဆိုတာတွေကို ကြားဖူးပေမဲ့ First Copy ဆိုတာဘာလဲဆိုတာ ဖြစ်လာပါတယ်။ ရောင်းတဲ့လူက First Copy လို့ ပြောတဲ့အခါမှာ လူတွေက အစစ်လား၊ အစစ်ရဲ့ Reject လား ဆိုပြီး ထင်ယောင်ထင်မှားတွေ ဖြစ်လာတယ်။

နောက်ပြီး ရောင်းမယ့်ပစ္စည်းကို Human Size နဲ့ ယှဉ်ပြစေချင်ပါတယ်။ ကျွန်တော့်ရဲ့ ဝန်ထမ်းတစ်ယောက်ဆို Online မှာ Porch လို့ ရေးထားတဲ့ ခါးမှာ ပတ်ရတဲ့အိတ်ကို ကျောပိုးအိတ်လို့ ထင်ပြီး ဈေးလည်း သက်သာတယ်ဆိုပြီး သူကဝယ်လိုက်တယ်။ သူ့ဆီလည်းရောက်ရော ဒါလေးဖြစ်ရကောင်းလားဆိုပြီး ဖြစ်လာတယ်။ ဒါကိုကြည့်မယ်ဆိုရင် ရောင်းတဲ့သူမှာ အပြစ်မရှိဘူးလို့ ယေဘုယျပြောနိုင်ပေမဲ့ သူကဝယ်သူအနေနဲ့ တွေဝေမှာပဲဆိုတာကိုသိပြီး ဘာမှမပြောဘဲ လွှတ်လိုက်တာမျိုးတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။

om2

နောက်ပြီး ရောင်းမယ့်ပစ္စည်းကို ဓာတ်ပုံရိုက်ပြီး Online တင်တဲ့အခါမှာလည်း ပီပီပြင်ပြင် High Resolution နဲ့ ဓာတ်ပုံဆရာ ခေါ်ပြီးတော့ကို ရိုက်သင့်တယ်လို့ မြင်ပါတယ်။

ပစ္စည်းကို သတ်မှတ်ထားတဲ့အချိန်မှာ ရောက်မယ်လို့ပြောထားပြီးရင် တကယ်ရောက်ဖို့က အရေးကြီးပါတယ်။ နောက်ဆုံးတစ်ခုကတော့ Payment နဲ့ ပတ်သက်ပြီးတော့လည်း ရှင်းရှင်းလင်းလင်း ပြုလုပ်စေချင်ပါတယ်။

Online မှာ အရောင်းအဝယ်လုပ်တဲ့သူတွေဟာ သာမန်ဆိုင်တွေနဲ့ မတူတာက သာမန်ဆိုင်တွေက သူ့ဆီကိုလာတဲ့ Customer ကို လိမ်တာမျိုး၊ သူပေးထားတဲ့ ကတိအတိုင်း ဝန်ဆောင်မှုမပေးဘဲ ပျက်ကွက်တာမျိုးကို သူ့ရဲ့ Reputation (ဂုဏ်သိက္ခာ) ထိခိုက်မှာစိုးရိမ်ပြီး မပေးပေမဲ့ Online မှာကျတော့ တစ်ခါနာမည်ပျက်သွားရင် နောက်နာမည်တစ်မျိုးနဲ့ ထပ်ထွက်လာတယ်။ ဒါကြောင့် Online မှာ အရောင်းအဝယ်လုပ်တဲ့သူတွေအနေနဲ့ ကိုယ့်ရဲ့ဂုဏ်သိက္ခာကို ထိန်းနိုင်တယ်ဆိုတဲ့ Recommand (ထောက်ခံချက်) ကို ကိုယ့်ရဲ့ Customer တွေဆီကနေတောင်းပြီး ကိုယ့်ရဲ့ Brand ကို တည်ဆောက်တာ ပိုကောင်းပါတယ်။ တစ်ခုခုမှားသွားလို့ ကိုယ်ပထမပေးထားတဲ့နာမည် (Account Name) ကို ဖျက်ချပြီး နောက်တစ်ခုနဲ့ ထပ်လုပ်တာမျိုးက ရေရှည်မှာ မကောင်းဘူးလို့ ကျွန်တော်မြင်ပါတယ်။

ဦးမြင့်ဇော် (CEO & Chief Consultant, Ground Solution Co Ltd)