အချိုရည်ထဲမှာသကြားဓာတ်ပါဝင်မှုကို ၂၀၂၀ ပြည့်နှစ်မတိုင်ခင် ၁၂ ရာခိုင်နှုန်းမှအောက်ထိလျှော့ချဖို့ အချိုရည်ကုမ္ပဏီကြီးခုနှစ်ခုက သဘောတူထားတယ်လို့ စင်ကာပူကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲဒီကုမ္ပဏီတွေက Coca Cola ၊ F&N Foods ၊ Malaysia Dairy Industries ၊ Nestle ၊ PepsiCo ၊ Pokka နဲ့ Yeo Hiap Seng တို့ ဖြစ်ပါတယ်။
လက်ရှိမှာ ကန့်သတ်ထားတဲ့ ပမာဏထက် သကြားဓာတ်ပိုမိုနေပြီး ကျန်းမာရေးထိခိုက်စေတဲ့ အချိုရည်တွေက Coca-Cola ရဲ့ A & W Sarsaparilla ၊ Schweppes Bitter Lemon နဲ့ Fanta Strawberry ၊ Pepsi Co ရဲ့ Mug Root Beer နဲ့ Mountain Dew ၊ Pokka ရဲ့ Soursop အသီးနဲ့ မာလကာသီးအရသာဖျော်ရည်နဲ့ ၎င်းကထုတ်လုပ်တဲ့ ပူးတွဲအမှတ်တံဆိပ်တွေဖြစ်တဲ့ Kickapoo ၊ Sinalco နဲ့ Green Spot နဲ့ Yeo Hiap Seng ရဲ့ မန်ကျည်းသီးဖျော်ရည်တို့ပဲဖြစ်ပါတယ်။
စင်ကာပူနိုင်ငံရဲ့ သကြားဓာတ်စားသုံးမှုကိုလျှော့ချဖို့ ဆီးချိုရောဂါကာကွယ်ရေးနဲ့ ကုသရေးအဖွဲ့က အခြားနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာတဲ့အခါ တွေ့ရတဲ့အချက်တွေထဲမှာ သကြားဓာတ် အခွန်၊ သတိပေးစာသားတွေနဲ့ သကြားဓာတ်ပါဝင်မှုမြင့်မားတဲ့ အချိုရည်တွေကို ကြော်ငြာမှုပိတ်ပင်ထားခြင်းတွေ ပါဝင်ပါတယ်။ ဒီအချက်တွေနဲ့ပတ်သတ်လို့ ဆောင်ရွက်သွားဖို့ကို လာမယ့်လတွေအတွင်းမှာ ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။
အချိုရည်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ဒါကအားလုံးရဲ့တာဝန်ဖြစ်တယ်လို့ ပြောကြားထားပါတယ်။ သူတို့က အချိုရည်ထဲမှာ သကြားဓာတ်ပါဝင်မှုကို လျှော့ချဖို့သဘောတူခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျန်းမာတဲ့နေထိုင်မှုကို အားပေးချင်တဲ့ အစိုးရရဲ့ကြိုးပမ်းချက်တွေကို အထောက်အကူပြုဖို့နဲ့ ဒီရည်ရွယ်ချက်တွေက သူတို့ကုမ္ပဏီတွေရဲ့ ရည်မှန်းချက်တွေနဲ့လည်း ကိုက်ညီမှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
Ref: Channel NewsAsia