စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ မြန်မာနိုင်ငံမှာ ပဲနှမ်းစိုက်ပျိုးတာက အဓိကလုပ်ငန်းတွေထဲမှာ အပါအဝင်ဖြစ်ပါတယ်။ ပဲ၊ နှမ်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ သမ္မတရုံးက ထုတ်ပြန်တဲ့ အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာမှာလည်း ထည့်သွင်းရေးဆွဲထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းရဲ့ အတွင်းရေးမှူး ဦးမင်းကိုဦးနဲ့ တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
[caption id="attachment_27078" align="alignnone" width="370"]ဦးမင်းကိုဦး[/caption]
စတင်တည်ထောင်ဖြစ်ပုံ . . .
ပဲ၊ နှမ်းဟာ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း လုပ်ကိုင်တဲ့တောင်သူတွေကနေ နောက်ဆုံး ပို့ကုန်လုပ်ငန်းရှင်တွေ အထိ နိုင်ငံခြားဝင်ငွေရှာပေးနိုင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လုပ်ငန်းပမာဏကြီးမားတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ဒီလုပ်ငန်းကြီးတစ်ခုလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ လုပ်ကိုင်နိုင်ဖို့အတွက် အသင်းအဖွဲ့ကြီးက မရှိမဖြစ်လိုအပ်တယ်ဆိုပြီး ၁၉၉၁- ၁၉၉၂ ခုနှစ်လောက်ကစပြီး တည်ထောင်ဖြစ်ခဲ့ပါတယ်။
ပဲကို ဘယ်ဒေသတွေမှာ အဓိကစိုက်ပျိုးနေပါသလဲ။ အထွက်နှုန်း ဘယ်လောက်လောက်ရှိပါသလဲ . . .
ပဲ၊ ပြောင်း၊ နှမ်းနဲ့ပတ်သက်ရင်တော့ ပဲကို နိုင်ငံခြားတင်ပို့တဲ့အခါမှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းဆိုတဲ့ ပဲသုံးမျိုးကို အရေအတွက်များများနဲ့ အဓိကတင်ပို့တယ်။ ဒီပဲသုံးမျိုးမှာ မတ်ပဲဆိုရင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနဲ့ တချို့အညာဒေသတွေမှာ စိုက်တယ်။ ပဲစင်းငုံကိုတော့ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူ၊ ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်တယ်။ ပဲတီစိမ်းကျတော့ အညာဒေသ၊ ပြည်၊ ပဲခူးတိုင်းအရှေ့ဘက်နဲ့ ရန်ကုန်တိုင်းမှာရှိတဲ့ ခရမ်းသုံးခွဘက်တွေမှာ စိုက်ပျိုးပါတယ်။ တခြားပြည်တွင်းမှာစားတဲ့ စားတော်ပဲ၊ ဘိုကိတ်ပဲတို့ကတော့ ဧရာဝတီတိုင်းနဲ့ အညာဒေသတွေမှာ စိုက်ပျိုးတယ်။
နိုင်ငံခြားကို အဓိကတင်ပို့တဲ့ ပဲသုံးမျိုးမှာ မတ်ပဲဆိုရင် ရာသီဥတုကောင်းလို့ ပုံမှန်ထွက်တယ်ဆိုရင် နှစ်စဉ်တန်ချိန် ခြောက်သိန်းလောက်ထွက်တယ်။ ပဲတီစိမ်းက တန်ချိန်သုံးသိန်းလောက်ထွက်ပြီး ပဲစင်းငုံကတော့ တန်ချိန်သုံးသိန်းလောက်ကနေ ၂၅၀,၀၀၀ လောက်ထိ ထွက်ပါတယ်။ ပဲသုံးမျိုးမှာတင် တန်ချိန် ၁၂ သိန်း နီးပါးလောက် ထွက်ပါတယ်။ ကျန်တဲ့ပဲမျိုးခွဲတွေလည်းရှိပေမဲ့ နိုင်ငံခြားတင်ပို့တဲ့ အရေအတွက်ကတော့ နည်းပါတယ်။
ပဲပုပ်ကိုကော ဘယ်ဒေသတွေမှာ စိုက်ပျိုးနေပါသလဲ . . .
အဓိကအနေနဲ့ ပဲပုပ်ကို ရှမ်းပြည်မှာ စိုက်တယ်။ ဧရာဝတီတိုင်းမှာလည်း စိုက်တယ်။ ပဲပုပ်က ဆီကြိတ်လို့လည်း ရပြီး ပဲပုပ်ဆီက ကျန်းမာရေးနဲ့ ညီညွတ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ မြေပဲဆန်ကို ကြိတ်လို့ရတဲ့ မြေပဲဆီကို စားကြတာများတယ်။ နောက်ပြီးတော့ နှမ်းဆီအစားများတယ်။ ပဲပုပ်ဆီကိုတော့ အစားနည်းပါတယ်။ နေကြာဆီလည်းအစားများတယ်။ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး ဆီစက်တွေကတော့ ကြိတ်နေတာပါပဲ။
စိုက်ဧကအနေနဲ့ ဘယ်လောက်ရှိပါသလဲ . . .
ပဲကိုဆောင်းသီးနှံအနေနဲ့စိုက်တော့ ရာသီဥတုကောင်းမွန်တဲ့နှစ်မျိုးဆိုရင် စပါးစိုက်တဲ့စိုက်ဧကရဲ့ သုံးပုံနှစ်ပုံလောက် စိုက်တယ်။ စပါးပြီးမှ စိုက်တာဖြစ်တဲ့အတွက် စိုက်ဧကကို အတိအကျမှန်းဖို့ကတော့ ခက်ပါတယ်။
နိုင်ငံခြားတင်ပို့နေတဲ့ ပဲတွေရဲ့ဈေးကွက်ပမာဏက ဘယ်လောက်လောက်ရှိပါသလဲ . . .
ပြီးခဲ့တဲ့ ၂၀၁၅- ၂၀၁၆ ခုနှစ်မှာ ပဲအထွက်နှုန်းလျော့ခဲ့တဲ့အတွက် တန်ချိန် ၁၂ သိန်းကျော်လောက်ပဲ တင်ပို့နိုင်ခဲ့ပါတယ်။ ၂၀၁၄- ၂၀၁၅ ခုနှစ်တုန်းကတော့ တန်ချိန် ၁၄ သိန်းလောက် တင်ပို့နိုင်ခဲ့ပါတယ်။ နိုင်ငံခြားကို တင်ပို့တဲ့အရေအတွက်မှာ အမြင့်ဆုံးစံချိန်တင်ထားတာကတော့ တန်ချိန် ၁၄ သိန်း၊ ၁၅ သိန်းဖြစ်ပြီး အနိမ့်ဆုံးကတော့ တန်ချိန် ၁၂ သိန်းကျော် ဖြစ်ပါတယ်။
တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့ လုပ်ဆောင်နေတာတွေ . . .
ပဲ၊ ပြောင်း၊ နှမ်းတို့မှာ နှမ်းကို အညာဒေသမှာ စိုက်တယ်။ မြေပဲကို ပြည်တွင်းမှာ ဆီကြိတ်တာရှိသလို တရုတ်ပြည်ဘက်ကိုလည်း လုံးဆန်အနေနဲ့သွားတာရှိပါတယ်။ နှမ်းကိုလည်း သန့်စင်ပြီး ဂျပန်နဲ့ကိုရီးယားကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် နှမ်းလှော်မုန့်အနေနဲ့ တင်ပို့တာရှိတယ်။ ပဲအမာအမျိုးအစားဖြစ်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကျတော့ ပြည်တွင်းမှာတင် အခွံချွတ်တယ်၊ ခွဲခြမ်းခွဲတယ်၊ ပြီးမှ မှာယူတဲ့နိုင်ငံကို တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့ Package အိတ်လေးတွေ ထုပ်ပြီးတော့ ပို့တာများပါတယ်။ လက်ရှိမှာတော့ ပဲထွက်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းလောက်ကိုပဲ ကုန်ချောအဖြစ် တင်ပို့နိုင်ပါတယ်။ ကုန်ကြမ်းအနေနဲ့ပဲ သွားတာများနေတယ်။ ဒါကလည်း အဓိကကတော့ ငွေကြေးမနိုင်နင်းတာနဲ့ ဈေးကွက်က ကုန်ချောကို တွင်တွင်ကျယ်ကျယ် တင်ပို့နိုင်တဲ့ အင်အားမရှိသေးတာကြောင့် ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဆိုရင် ပဲကို တန်ဖိုးမြင့်ထုတ်ကုန်အနေနဲ့ အိန္ဒိယလူမျိုးတွေရှိတဲ့ ဥရောပနိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့နိုင်တယ်လို့ သိရပါ တယ်။ ကျွန်တော်တို့အနေနဲ့လည်း တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် နိုင်ငံခြားတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပေမဲ့ တကယ်တမ်းမှာတော့ ထွက်တဲ့ပမာဏရဲ့ ၅ ရာခိုင်နှုန်းလောက်ကိုပဲ တင်ပို့နိုင်ပါသေးတယ်။
တခြားဘယ်နိုင်ငံတွေကို တင်ပို့နေပါသလဲ . . .
အိန္ဒိယကိုတော့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းတို့ တင်ပို့နေပါတယ်။ မတ်ပဲက မလေးရှား၊ အင်ဒိုနီးရှားတို့ကလည်း ဝယ်တယ်။ ပဲတီစိမ်းကိုတော့ အိန္ဒိယက ဝယ်တဲ့အပြင် တရုတ်ဘက်ကိုလည်း တင်ပို့ရပါတယ်။ တခြားပဲစားတဲ့ နိုင်ငံတွေဖြစ်တဲ့ ဂျပန်တို့၊ ထိုင်ဝမ်တို့ကိုလည်း တင်ပို့ရတာရှိပါတယ်။
စိုက်ပျိုးထုတ်လုပ်သူတွေ၊ ကုန်သည်တွေနဲ့စားသုံးသူတွေအတွက် အသင်းအနေနဲ့ဆောင်ရွက်ပေးနေတာတွေ . . .
ကျွန်တော်တို့အသင်းရဲ့ ရည်ရွယ်ချက်ကိုက စိုက်ပျိုးထုတ်လုပ်သူတွေ အကျိုးရှိစေဖို့ ဖြစ်ပါတယ်။ ပြီးတော့မှ ကုန်သည်ပွဲစား၊ နိုင်ငံခြားတင်ပို့သူ ကုန်သည်တွေ အတွက်ဆိုပြီး အဆင့်ဆင့်အကျိုးရှိဖို့ ဆောင်ရွက်ပေးနေပါတယ်။ ဒါအပြင် ပဲ၊ ပြောင်း၊ နှမ်းနဲ့ပတ်သက်ဆက်နွှယ်နေတဲ့သူတွေအားလုံးနဲ့ နိုင်ငံတော်အတွက်ပါ အကျိုးရှိအောင် အသင်းအနေနဲ့ ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဥပမာ- ဒီနှစ်မှာ ဘယ်လိုပဲမျိုးတွေ စိုက်သင့်တယ်၊ ပဲဈေးတွေကဘယ်လိုဖြစ်နေပြီ၊ ဘယ်ပဲမျိုးတွေတော့ ဈေးကောင်းနိုင်တယ်၊ မနှစ်ကမတ်ပဲ ဈေးကောင်းတယ်၊ ဒီနှစ်လည်း ဈေးဆက်ကောင်းနိုင်တယ်၊ အိန္ဒိယဘက်မှာ ပဲလက်ကျန်နည်းနေတယ်စတဲ့ သတင်းအချက်အလက်ပေးတာမျိုးတွေလည်း ဆောင်ရွက်ပေးနေပါတယ်။
နိုင်ငံခြားတင်ပို့တဲ့အခါမှာလည်း အရောင်းအဝယ်လွယ်ကူတဲ့စနစ်မျိုးဖြစ်အောင် ကျွန်တော်တို့ အသင်းအဖွဲ့တွေက လိုအပ်တဲ့နေရာကနေ ဝင်ရောက်ဆောင်ရွက်ပေးတယ်။ တစ်ခါတလေ ပြည်တွင်းတင်ပို့သူတွေနဲ့ နိုင်ငံခြားဝယ်ယူသူတွေအကြား ဖြစ်တတ်တဲ့ ပြဿနာမျိုးတွေကိုလည်း လိုအပ်သလို ဝင်ဖြေရှင်းပေးနေတာတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အသင်းက ပဲ၊ ပြောင်း၊ နှမ်းကဏ္ဍဖွံ့ဖြိုးဖို့အတွက် ဖွဲ့စည်းထာတဲ့အသင်းဖြစ်တဲ့အတွက် လိုအပ်တဲ့နေရာကနေ လိုအပ်သလို ဆောင်ရွက်ပေးနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသင်းအနေနဲ့ တောင်သူလယ်သမားတွေကို ရာသီဥတု အခြေအနေအလိုက် မျိုးကောင်းမျိုးသန့်ပဲတွေကို မျိုးပေးတာမျိုးတွေ ပြုလုပ်ပေးသင့်တယ်ဆိုပေမဲ့ လောလောဆယ်ထိတော့ လုပ်ပေးနိုင်ခြင်း မရှိသေးပါဘူး။
စားသုံးသူတွေ ကျန်းမာရေးနဲ့ညီညွတ်အောင် ဆောင်ရွက်ပေးနေတာတွေ ရှိ၊ မရှိ . . .
ဒါက ဖွံဖြိုးဆဲနိုင်ငံတွေရဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ ပဲ၊ ပြောင်း၊ နှမ်း ထွက်ကုန်အားလုံးရဲ့ ၇၅၊ ၈၀ ရာခိုင်နှုန်းလောက်ကို အိန္ဒိယက ဝယ်ယူနေပါတယ်။ ဒါပေမဲ့ အိန္ဒိယလို ဖွံ့ဖြိုးတဲ့နိုင်ငံတောင် စားသုံးသူ စားသင့်မစားသင့်ဆိုတဲ့ကိစ္စကို သိပ်ပြီးကြီးကြီးမားမား အာရုံမထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်နှစ်လောက်မှာ ဥရောပက ပဲတီစိမ်းကို ပဲပင်ပေါက်ဖောက်ဖို့အတွက် စဝယ်တယ်။ ဝယ်တဲ့အခါမှာ သူတို့ဘက်က ပဲတီစိမ်းစိုက်ပျိုးတဲ့ မြေရဲ့အနေအထားကို ဓာတ်ခွဲစမ်းသပ်တယ်။ သွင်းတဲ့ရေကိုလည်း ဓာတ်ခွဲစမ်းသပ်တယ်။ ပိုးသတ်ဆေးတွေကို လုံးဝပေးမသုံးဘူး။ တောင်သူကနေ ထွက်လာပြီး သိုလှောင်ရုံမှာထားတဲ့အခါမှာလည်း သိုလှောင်ရုံက နောက်ချေးတွေရှိနေတာမျိုး လုံးဝလက်မခံဘူး။ သူတို့သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းနဲ့ညီတဲ့ သိုလှောင်ရုံမှာပဲ သိုလှောင်ရတယ်။ ပဲတွေကို ရန်ကုန်တင်ပို့တဲ့အခါမှာလည်း ရန်ကုန်မှာရှိတဲ့ သိုလှောင်ရုံတွေကို သူတို့သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ ညီမညီ ဝင်စစ်သေးတယ်။ ဒါတွေကနေ သူတို့နိုင်ငံတွေက စားသုံးသူဥပဒ်ဖြစ်စေမယ့်ကိစ္စမျိုးတွေ လက်မခံဘူးဆိုတာ တွေ့ရတယ်။
စားသုံးသူ မစားသင့်တာမျိုးတွေက ပဲမှာလည်း ရှိနိုင်တယ်၊ ဆန်စပါးမှာလည်း ရှိနိုင်တယ်။ မသုံးသင့်တဲ့ ပိုးသတ်ဆေးမျိုးသုံးမိရင် စားသုံးသူတွေအတွက် ရေရှည်မှာ အန္တရာယ်သိပ်များတယ်။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာက ဒါတွေကို တဖြည်းဖြည်းချင်းပဲ တည်ဆောက်လို့ ရနိုင်မှာဖြစ်ပါတယ်။
စားသုံးသူကာကွယ်ရေးနဲ့ပတ်သက်ပြီး ပဲ၊ ပြောင်း၊ နှမ်းကို ပြည်တွင်းမှာတော့ လက်ရှိအထိကို တွင်တွင်ကျယ်ကျယ် လုပ်နိုင်တဲ့အဆင့် မရှိသေးဘူး။ ဥရောပဘက်ကို တင်ပို့တာတွေကိုတော့ တကယ်လုပ်ပေးနေပါတယ်။ ဈေးလည်းပိုပေးတယ်။ ဥရောပနိုင်ငံလို ဈေးကွက်၊ ဂျပန်နိုင်ငံလို ဈေးကွက်မျိုးတွေက တောင်းဆိုချက်တွေရှိတာကြောင့် စားသုံးသူစိတ်တိုင်းကျဖြစ်အောင်လုပ်ပြီး တင်ပို့နေပါတယ်။ အိန္ဒိယနိုင်ငံဘက်ကို တင်ပို့တဲ့အခါမှာတော့ ပုံမှန်အတိုင်းပဲ တင်ပို့နေပါတယ်။
ဥရောပကို တင်ပို့နေတဲ့ Standard နဲ့ ဂျပန်ကိုတင်ပို့နေတဲ့ Standard ကတူပါသလား . . .
မတူပါဘူး။ ဥရောပကို ဥရောပက တောင်းဆိုတဲ့ စည်းကမ်းချက်တွေနဲ့တင်ပို့ရသလို ဂျပန်ကိုလည်း သူတို့က တောင်းဆိုတဲ့ စည်းကမ်းချက်တွေနဲ့အညီ တင်ပို့ပေးရပါတယ်။ ဒါပေမဲ့ အိန္ဒိယဘက်က တောင်းဆိုတာမျိုး မရှိတဲ့အတွက် လုပ်ပေးနေတာမျိုး မရှိပါဘူး။ ကျွန်တော်တို့ ပြည်တွင်းမှာ စိုက်ပျိုးနေကျ ပုံမှန်အတိုင်းပဲ သူတို့ဆီကို တင်ပို့နေပါတယ်။
မြန်မာနိုင်ငံမှာကော စိုက်ပျိုးထုတ်လုပ်သူတွေကို Standard တစ်ခုတည်းနဲ့ထုတ်လုပ်လာအောင် အသိပညာ ပေးတာမျိုးတွေ ပြုလုပ်နေပါသလား . . .
ဒီအတွက် ဈေးကွက်က တောင်းဆိုမှုရှိလာရင်တော့ ရှိလာနိုင်ပါတယ်။ ဥရောပတို့၊ ဂျပန်တို့ဆိုလည်း ဈေးကွက်ကတောင်းဆိုလာလို့ လုပ်ပေးနေတာမျိုး ဖြစ်ပါတယ်။ ပဲတွေအားလုံးမှာတော့ စပြီးစိုက်ပျိုးတဲ့အခါ၊ တင်ပို့တဲ့အခါမှာကတည်းက သူ့ Standard နဲ့သူကတော့ ရှိပြီးသားပါပဲ။ ဒါပေမဲ့ တစ်ပြည်လုံးမှာ ပဲစိုက်ပျိုးတဲ့ နယ်ပယ်ဒေသတွေ တအားကျယ်တဲ့အတွက် ဈေးကွက်ကမတောင်းဆိုဘဲနဲ့ လုပ်ဖို့ဆိုတာတော့ သိပ်မလွယ်ကူပါဘူး။ နောက်ပြီး ဈေးကွက်က တောင်းဆိုလာမယ်၊ ကိုယ်က တောင်းဆိုထားတဲ့အတိုင်း လိုချင်တယ်ဆိုရင်လည်း ပထမဆုံး တောင်သူလိုအပ်တဲ့ ငွေကြေးကို ကူညီပေးရမယ်။ ထွက်လာတဲ့ပဲကိုလည်း ဈေးနှုန်းမနည်းအောင် ဝယ်ပေးပါမယ်ဆိုတဲ့ အာမခံချက်လုပ်ပေးရမယ်။ အဲဒီလို ဈေးကွက်တောင်းဆိုမှုရှိရင်တော့ လိုက်လုပ်ပေးနိုင်ပါတယ်။ တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ စံချိန်စံညွှန်းနဲ့ညီအောင် လုပ်ဖို့ကတော့ မလွယ်လောက်ပါဘူး။
ဒီနှစ်မှာကော ပဲ၊ နှမ်း၊ ပြောင်းကို Export အနေနဲ့ ဘယ်လောက်လောက်တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ . . .
၂၀၁၆- ၂၀၁၇ ခုနှစ်၊ ဒီနှစ်အတွက်ကိုတော့ ပြောဖို့က စောနေသေးပေမယ့် ရည်မှန်းချက်အနေနဲ့ကတော့ တန်ချိန် ၁၂ သိန်းနဲ့ ၁၄ သိန်းကြားလောက် တင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ရာသီဥတုအပေါ်မှာတော့ မူတည်ပါတယ်။
Export ပို့တဲ့အခါ ဘယ်လိုပုံစံနဲ့ တင်ပို့ပါသလဲ . . .
Export သွားတဲ့အခါမှာ ရေကြောင်းနဲ့သွားတာများပါတယ်။ အိန္ဒိယကိုရောင်းတဲ့အခါ အားသာချက်က ဝယ်တဲ့သူက TT ပေးတဲ့စနစ်နဲ့ဝယ်တယ်။ TT ပေးတဲ့ စနစ်ဆိုတာက ဝယ်တဲ့သူနဲ့ပို့ကုန်လုပ်ငန်းရှင် စာချုပ်ချုပ်ပြီးပြီဆိုရင် တစ်ပတ်နဲ့ ဆယ်ရက်အတွင်းမှာ ငွေပေးချေရတဲ့ စနစ်မျိုးဖြစ်ပါတယ်။ ငွေရောက်ပြီးပြီဆိုမှ ဒီဘက်က ကုန်စည်ကို သင်္ဘောပေါ်တင်ပေးတယ်။ အားသာချက်က ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ ငွေလည်ပတ်မှုဒုက္ခ သိပ်မရှိတော့ဘူး။ တကယ်တော့ ဒီစနစ်ကို အိန္ဒိယနဲ့မြန်မာနိုင်ငံကြားဆက်ဆံရေးက နှစ်ပေါင်း ၂၀ ကျော် ကြာလာလို့သာ ယုံယုံကြည်ကြည်နဲ့ပေးရဲတာဖြစ်ပါတယ်။ တခြားနိုင်ငံတွေက ဝယ်ရင်တော့ TT ပေးတဲ့စနစ် နည်းတယ်။ LC စနစ်နဲ့ပဲ ဝယ်တာများတယ်။ LC စနစ်ကျတော့ ပစ္စည်းကိုတင်ပို့ပြီးမှ ဘဏ်အချင်းချင်းချိတ်ဆက်ပြီး သုံးလအတွင်း ငွေချေတဲ့စနစ် ဖြစ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လိမ်လည်တာမျိုးမရှိအောင် ဘဏ်ကကြားကနေအာမခံပေးတဲ့ စနစ်ဖြစ်ပါတယ်။ ဒီဘက်က ကုန်သည်က ပစ္စည်းမတင်ပို့မီကတည်းက ဝယ်မယ့်သူက ငွေကိုဘဏ်ထဲ ထည့်ပေးထားရတယ်။ ဒါပေမဲ့ ငွေသွားထုတ်လို့တော့မရဘူး။ လက်ရှိအရောင်းအဝယ်ဖြစ်နေတာကတော့ TT စနစ်နဲ့ အရောင်းအဝယ်ဖြစ်တာ များပါတယ်။
ပဲလောကမှာ လိမ်လည်မှုတွေ မဖြစ်အောင် အသင်းအနေနဲ့ ဘယ်လိုလုပ်သွားဖို့ရှိပါသလဲ . . .
ပဲက ဈေးနှုန်းအတက်အကျ တအားများတယ်။ ရောင်းဝယ်မှုပမာဏကများတော့ ဈေးတက်မယ်ထင်လို့ ဝယ်ပြီးကာမှ ကျသွားတာမျိုးတွေ ခဏခဏဖြစ်တတ်တယ်။ ဖြစ်တဲ့အခါတိုင်းမှာလည်း ပြည်တွင်းကုန်စည်ဒိုင်တွေက ကိုယ့်ရဲ့အသင်းသားတွေကို တတ်နိုင်သလောက် ဖြေရှင်းပေးတယ်။ ပဲဈေးအတက်အကျပေါ်တဲ့အခါမှာ ပြဿနာဖြစ်တာနည်းအောင်လုပ်ဖို့အတွက် အဓိကကတော့ လေရောင်းလေဝယ်ကိစ္စမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့အသင်းက နှိုးဆော်တယ်။ ရန်ကုန်တိုင်း ကုန်စည်ဒိုင်မှာလည်း ပြီးခဲ့တဲ့နှစ်နှစ်ကစပြီး ကြိုရောင်းကြိုဝယ် လုပ်ခွင့်ပေးပေမဲ့ တစ်လထက်ပိုပြီး လုပ်ခွင့်မရှိဘူး။ တကယ်လို့ တစ်လအတွင်းကို ကြိုရောင်းကြိုဝယ်လုပ်မယ်ဆိုရင် ရောင်းသူရော ဝယ်သူပါ Deposit တင်ပြီးတော့လုပ်တဲ့စနစ်မျိုး တည်ဆောက်ပေးထားတယ်။ ပြောရင်တော့ Community Exchange အသေးစား တည်ဆောက်ပေးထားတာပါပဲ။ အဲလိုလုပ်တဲ့အတွက် ပြီးခဲ့တဲ့နှစ်နှစ်လောက်က ပဲဈေးနှုန်းက တော်တော်တက်သွားတယ်။ ဒီလိုတက်ပေမဲ့ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။ တဖြည်းဖြည်း တိုင်းနဲ့ပြည်နယ်မှာရှိတဲ့ ကုန်စည်ဒိုင်တွေလည်း ဒီစနစ်အတိုင်း လိုက်လုပ်လာမယ်လို့ ထင်ပါတယ်။ ဒီလိုလုပ်လာရင် ပြဿနာဖြစ်မှု နည်းသွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပဲ၊ ပြောင်း၊ နှမ်းလုပ်တဲ့ အများပိုင်ကုမ္ပဏီ MAGTPL ကလည်း Community Exchange ဖြစ်အောင် ကြိုးစားနေပါတယ်။
AEC မှာယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားတာတွေ . . .
AEC မှာ ကျွန်တော်တို့ကောက်ပဲသီးနှံကတော့ ကြီးကြီးမားမားယှဉ်ပြိုင်ရတာရှိလာမှာ မဟုတ်ပါဘူး။ ASEAN နိုင်ငံတွေမှာ မတ်ပဲ၊ ပဲစင်းငုံက စိုက်ပျိုးမှုနည်းတယ်။ မြေအနေအထားအရရော ရာသီဥတုအရပါ ပဲကိုတစိုက်မတ်မတ် စိုက်ပျိုးတာဆိုလို့ ကျွန်တော်တို့နိုင်ငံပဲရှိပါတယ်။ အခွန်ကင်းလွတ်တာတို့ ဘာတို့က ပဲလုပ်ငန်းကဏ္ဍအပေါ် ကြီးကြီးမားမားသက်ရောက်မှု မရှိနိုင်ပါဘူး။
ဘဏ်ကနေ စိုက်ပျိုးသူတွေကို ငွေထုတ်ချေးတဲ့အပေါ်မှာ စိုက်ပျိုးသူတွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ။ ပြီးတော့ တကယ် စိုက်၊ မစိုက်ဆိုတာကို ဘယ်လိုသိနိုင်ပါသလဲ . . .
စိုက်ပျိုးစရိတ်ထုတ်ချေးတာကတော့ နှစ်စဉ်ထုတ်ချေး ပေးနေတာဖြစ်ပါတယ်။ အခုကဒီမိုကရေစီအစိုးရ ဖြစ်လာတော့ တစ်ဧကကို ဘယ်လောက်ပေးသင့်တယ်ဆိုပြီး ဖြစ်လာပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ နှစ်စဉ်စိုက်ပျိုးခါနီးမှာ တောင်သူတွေလိုအပ်တဲ့ငွေကြေးကို ထုတ်ချေးတာကကောင်းတယ်လို့ သုံးသပ်ပါတယ်။ တောင်သူတွေအတွက်က အပြင်ကချေးမယ်ဆိုရင် အတိုးနှုန်းများတယ်။
ပဲ၊ ပြောင်း၊ နှမ်းလုပ်ငန်းကို အခုမှစလုပ်မယ့်သူတွေအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ . . .
ဆောင်ရန်၊ ရှောင်ရန်ထက်စာရင် ပဲ၊ ပြောင်း၊ နှမ်းနဲ့ ပတ်သက်လို့ စိုက်ပျိူးထုတ်လုပ်တဲ့နေရာကနေ ကုန်သည်ပွဲစား၊ နိုင်ငံခြားတင်ပို့သူအထိ တကယ်စိတ်ပါဝင်စားလို့ လုပ်ငန်းလုပ်ကိုင်ချင်တယ်ဆိုရင် ကျွန်တော်တို့ ပဲ၊ ပြောင်း၊ နှမ်းအသင်းက အမြဲတမ်း ကြိုဆိုနေပါတယ်။ ပဲ၊ ပြောင်း၊ နှမ်းလုပ်ငန်းအပေါ်မှာ စိတ်ဝင်တစားနဲ့ကဏ္ဍတစ်ခုကနေ အရောင်းအဝယ် လုပ်ချင်တာပဲဖြစ်ဖြစ်၊ အသင်းအဖွဲ့ကို စိတ်ဝင်တစား ဆက်သွယ်ချင်တာပဲဖြစ်ဖြစ် ရှိတယ်ဆိုရင် ကျွန်တော်တို့ ပဲ၊ ပြောင်း၊ နှမ်း အသင်းကို အချိန်မရွေး ဆက်သွယ်ပြီး အသင်းဝင်လို့ရပါတယ်။
ခိုင်ငြိမ်းငြိမ်းဇင်