မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ ဒေါ်လှဝတီနဲ့ တွေ့ဆုံခိုက်မှာ အသင်းဖွဲ့စည်းဖြစ်ပုံနဲ့အတူ မြန်မာအမျိုးသမီးများ တိုးတက်ဖို့အတွက် အသင်းအနေနဲ့ဆောင်ရွက်နေတာတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဒေါ်လှဝတီ
ဥက္ကဋ္ဌ
မြန်မာအမျိုးသမီးစွမ်းဆောင်ရှင်များအသင်း
အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း ဖွဲ့စည်းတည်ထောင်ဖြစ်ပုံ . . .
မြန်မာနိုင်ငံမှာ ၁၉၉၃- ၉၄ ခုနှစ်လောက်မှာ ကျွန်မတို့ စီးပွားရေးတက္ကသိုလ်က ပါမောက္ခဆရာမကြီး ဒေါ်ရီရီမြင့်က Beijing Conference ဆိုတဲ့ အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုကို သွားတက်ခဲ့ပါတယ်။ တက်တဲ့အခါမှာ သူများနိုင်ငံတွေက စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ အသင်းအဖွဲ့တွေ တက်လာကြပေမဲ့ မြန်မာနိုင်ငံမှာတော့ အသင်းအဖွဲ့တွေက မရှိသေးဘူး။ သမဝါယမအသင်းလောက်ပဲ ရှိသေးပြီး အမျိုးသမီးရေးရာကလည်း အခုလောက် ကျယ်ကျယ်ပြန့်ပြန့် မရှိသေးဘူး။ အဲလိုအချိန်အခါမှာ ဆရာမကြီးက ပြန်လာတော့ မြန်မာနိုင်ငံမှာလည်း စီးပွားရေးလုပ်တဲ့ အမျိုးသမီးတွေစုစည်းပြီးတော့ အသင်းတစ်သင်းတော့ ရှိသင့်တယ်လို့ ယုံကြည်တဲ့အတွက် မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေ စုပြီးတော့ အဖွဲ့ဝင်အားလုံးပေါင်း ၁၈ ယောက်နဲ့ စတင်ဖွဲ့စည်းဖြစ်ခဲ့ပါတယ်။
အသင်းရဲ့ Vision တွေ၊ Mission တွေကတော့ ဆရာမကြီးက စီးပွားရေးတက္ကသိုလ်ရဲ့ ပါမောက္ခလည်းဖြစ်၊ မြန်မာပြည်ရဲ့ MBA ကို စပြီးအစပြုခဲ့တဲ့သူလည်း ဖြစ်တာကြောင့် ဆရာမကြီးကပဲ ဦးဆောင်ပြီး ချမှတ်ပေးခဲ့ပါတယ်။ ကျွန်မတို့အသင်း ဘာကြောင့်အောင်မြင်တယ်လို့ ပြောလို့ရသလဲဆိုရင် တစ်ဖက်က စီးပွားရေးသမား၊ တစ်ဖက်က ပညာရှင်တွေ ပူးပေါင်းပြီး အလုပ်လုပ်တာကြောင့် ဖြစ်ပါတယ်။ ပညာရှင်တွေချည်းပဲ အလုပ်လုပ်ရင်လည်း ငွေကြေးမပါလာတဲ့အတွက်ကြောင့်မို့ တအားကြီး အရှိန်နဲ့ တက်လို့မရဘူး။ စီးပွားရေးသမားချည်းပဲ အလုပ်လုပ်ရင်လည်း ပညာရှင်ရဲ့အတွေ့အကြုံတွေ၊ အကြံပေးတာတွေ မပါလာတဲ့အတွက်ကြောင့် စနစ်တကျနဲ့တက်လာဖို့လွယ်မှာမဟုတ်ပါဘူး။ ပညာရှင်နဲ့ စီးပွားရေးသမားတွေ ပေါင်းလိုက်တဲ့အတွက် ပေါင်းစည်းခြင်းရဲ့အင်အားကြောင့် အခုလိုအောင်မြင်လာခဲ့တာဖြစ်ပါတယ်။
အသင်းအနေနဲ့ဆောင်ရွက်နေတာတွေ . . .
ကျွန်မတို့အသင်းဟာ ပြည်တွင်းမှာရော ပြည်ပမှာပါ စီးပွားရေးနယ်ပယ်မှာရှိနေတဲ့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းကောင်းတွေရရှိအောင် ပံ့ပိုးမှုတွေပြုလုပ်ပေးနေပါတယ်။
ပညာရေးနဲ့ပတ်သက်ရင် မြန်မာပြည်မှာ စာမတတ်သူပပျောက်ရေးဆိုပြီး နိုင်ငံတော်အစိုးရက လုပ်သလိုပဲ ကျွန်မတို့အသင်းကလည်း ပညာ့မိခင်ဆိုပြီး စာမတတ်သူအမျိုးသမီးပပျောက်စေဖို့ ကျောင်းနေဖို့ အခက်အခဲရှိတဲ့ အမျိုးသမီးငယ်တွေကို ကျောင်းထားပေးနိုင်ဖို့ ပံ့ပိုးပေးနေပါတယ်။ ဒီ project ကို ကျွန်မတို့ရဲ့ Founder ဆရာမကြီး ဒေါ်ရီရီမြင့်က စာမတတ်တဲ့ အမျိုးသမီးတွေဦးဆောင်တဲ့ မိသားစုတွေက ပိုဆင်းရဲတယ်လို့ သုံးသပ်မိတာကြောင့်ရယ်၊ တချို့မိသားစုတွေမှာဆိုရင် ကလေးတွေ ကျောင်းနေရတော့မယ့်အချိန် ရောက်လာတဲ့အခါမှာ စီးပွားရေးကအဆင်မပြေတဲ့အတွက် ယောကျ်ားလေးကိုပဲ ဦးစားပေးပြီး ကျောင်းထားတာကြောင့် မိန်းကလေးက အိမ်မှာပဲ နေရတာရယ်ကြောင့် စာမတတ်တဲ့ဦးရေက မိန်းကလေးက ပိုများတယ်လို့ ကျွန်မတို့ကယူဆတဲ့အတွက်ကြောင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ပညာ့မိခင်ကို သံလျင်မြို့နယ်၊ ကရင်ဆိပ်ကျေးရွာမှာ ကျောင်းသူလေးဦးကနေ စပြီးလုပ်ခဲ့တာ အခုဆိုရင် ၁၁ နှစ်သက်တမ်းမှာ ကျောင်းသူတစ်ထောင်ကို ကျောင်းထားပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီ Project ကို ကျွန်မတို့အသင်းဟာ တိုင်းနဲ့ပြည်နယ်အသီးသီးက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေ၊ မယ်သီလရှင်သင်ပညာရေးကျောင်းတွေ၊ အထူးသဖြင့် နယ်စပ်ဒေသကကျောင်းတွေမှာရှိတဲ့
၁။ အမေရော၊ အဖေပါမရှိတော့တဲ့ မိဘမဲ့ကလေး၊
၂။ အမိ၊ အဖမစုံလင်တဲ့ ကလေးနဲ့
၃။ မိစုံဖစုံရှိပေမယ့် တကယ်ကို ဆင်းရဲတဲ့အတွက် သားပဲကျောင်းထားနိုင်တယ်၊ သမီး ကျောင်းမထားနိုင်ဘူး ဆိုတဲ့ မိသားစုက မိန်းကလေးတွေ၊
၄။ မိသားစု နှစ်ဦး၊ သုံးဦးပဲရှိပေမယ့် ဆင်းရဲလို့ ကလေး ကျောင်းမထားနိုင်ဘူးဆိုတဲ့ မိသားစုက မိန်းကလေးတွေကို မူလတန်းပညာပြီးမြောက်တဲ့အထိ ကျောင်းထားနိုင်အောင် ပံ့ပိုးပေးပါတယ်။
ဒါအပြင် ကျေးလက်မှာရှိတဲ့ လူတွေရဲ့ အဓိကလိုအပ်ချက်ဖြစ်တဲ့ သောက်သုံးရေအတွက် အဆင်ပြေအောင် အဝီစိတွင်းတူးဖော်ပြီး လှူဒါန်းတာတွေ ပြုလုပ်ပေးပါတယ်။
ဒီလိုဘာလို့လုပ်ပေးရသလဲဆိုရင် အခုချိန်မှာ ဓာတ်မြေသြဇာမျိုးစုံပေါ်လာတဲ့အတွက် ကျေးရွာကလူတွေက နောက်နေတဲ့ ရေကိုပဲ ကျောက်ချဉ်သိပ်ပြီး သောက်ရတဲ့အခါမှာ ရောဂါအမြောက်အမြား ဖြစ်လာတယ်။ ဒါကြောင့် ကျေးလက်ဒေသကလူတွေရဲ့ ကျန်းမာရေးအတွက် ရေဟာအရေးကြီးတဲ့အတွက်ကြောင့် ကျွန်မတို့က သွားလေရာအရပ်မှာ ပိုက်ဆံစုပြီးတော့ ရေအလှူလုပ်ပေးတာဖြစ်ပါတယ်။ ရေတွင်းတစ်တွင်း ရှိလို့ ဒီရေတွင်းက ချိုးရေအဖြစ်မပေးနိုင်ရင်တောင်မှ သောက်သုံးရေသန့်သန့်လေး သောက်နိုင်ရင်ပဲ ကျေးရွာမှာရှိတဲ့ လူထုအတွက် ကျန်းမာရေးကို ထောက်ပံ့ပေးရာကျတယ်လို့ယူဆတဲ့အတွက် လုပ်ပေးနေတာ ဖြစ်ပါတယ်။
နောက်တစ်ခါ ကျေးလက်က အမျိုးသမီးတွေကို တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ ပန်းစိုက်တာ၊ ကွမ်းစိုက်တာ၊ ဖျာရက်တာစတဲ့လုပ်ငန်းတွေကို လုပ်ကိုင်နိုင်ဖို့ အရင်းအနှီးအဖြစ် တစ်ဦးကို ငွေငါးသိန်း ထုတ်ချေးပေးပါတယ်။ ကျွန်မတို့က ငွေကို ဒီအတိုင်းကြီးထုတ်ချေးပေးလိုက်တာမျိုးလည်း မဟုတ်ပါဘူး။ သူတို့တွေက ဘာစီးပွားရေးလုပ်မှာလဲ၊ တကယ်ကော လုပ်ရဲ့လားဆိုတာတွေကို ကျွန်မတို့ဆီမှာ သူတို့ငွေလာချေးကတည်းက ငါးယောက်တစ်ဖွဲ့ ဖွဲ့ပေးပြီး အချင်းချင်းပြန်စောင့်ကြည့်ရတာမျိုးကို ပြုလုပ်ထားပါတယ်။ တကယ်လို့ အကြောင်းအမျိုးမျိုးကြောင့် ငါးယောက်တစ်ဖွဲ့ထဲက တစ်ယောက်ယောက်က ငွေမဆပ်နိုင်ရင် ကျန်တဲ့လူတွေက စိုက်ဆပ်ရမယ်လို့လည်း အသိပေးထားပါတယ်။ နောက်ပြီး ချေးငွေကို ကျွန်မတို့က ခြောက်လတစ်ကြိမ် အတိုး ၃ ရာခိုင်နှုန်းနဲ့အတူ ပြန်သိမ်းပါတယ်။
အဲဒီအခါမှာ ကျွန်မတို့ ရတဲ့ အတိုးနှုန်းရဲ့ တစ်ရာခိုင်နှုန်းကို ကျွန်မတို့က ရွာရဲ့ Social Development လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ဖို့ ပြန်လှူဒါန်းပါတယ်။ ကျွန်မရဲ့ကျေးရွာဆိုရင် ဒီနှစ်မှာ ကျေးရွာရဲ့ Development Fund အနေနဲ့ သိန်းတစ်ရာရသွားပြီ ဖြစ်ပါတယ်။ ဒါတွေက ကျွန်မတို့ အမျိုးသမီးအသင်းအနေနဲ့ကျေးရွာမှာရှိတဲ့လူတွေကို ပံ့ပိုးပေးနေတဲ့ လူမူရေးလုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။
ဒီငွေချေးတဲ့လုပ်ငန်းစဉ်ကို ကျွန်မတို့က ကျေးရွာမှာရှိတဲ့လူတွေ အနည်းဆုံးငါးကျပ်တိုး၊ တစ်ဆယ်တိုး၊ ၂၀ တိုးတွေကနေ လွတ်ကင်းပြီး အကြွေးသံသရာမလည်စေဖို့၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ စတင်နိုင်စေဖို့၊ ဝင်ငွေပိုမိုရရှိစေဖို့ စတာတွေအတွက် လုပ်ဆောင်ပေးနေတာဖြစ်ပါတယ်။
ကျွန်မတို့ အသင်းဝင်တွေဟာ မြန်မာနိုင်ငံမှာ ရှိသမျှ Workshop တွေ၊ Seminar တွေ၊ ဟောပြောပွဲတွေကို တက်တယ်။ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတွေနဲ့တွေ့ပြီး သူတို့တွေ Funding ဘယ်လိုရှာသလဲ၊ စီးပွားရေးကို ဘယ်လိုလုပ်သလဲ၊ Management ၊ Financial Control ကို ဘယ်လိုလုပ်သလဲ စတာတွေကို လေ့လာတယ်။ ရရှိလာတဲ့ဗဟုသုတတွေကို ပွဲတွေမတက်လိုက်ရလို့ မသိလိုက်ရသေးတဲ့ တခြားအသင်းဝင်တွေကို ကျွန်မတို့ရဲ့အမျိုးသမီးအသင်းမှာ လတစ်လရဲ့ ပထမဆုံးတနင်္ဂနွေနေ့(Members Day) မှာ ပြန်ပြီး Sharing လုပ်ပေးပါတယ်။ ဒါကြောင့် မသွားလိုက်ရတဲ့လူတွေလည်း ကိုယ်သွားလိုက်သလိုပဲ အတွေ့အကြုံတွေ ပြန်ရပါတယ်။
ဒါကြောင့် အခုဆိုရင် ကျွန်မတို့အသင်းမှာ မြန်မာပြည်ကရော နိုင်ငံခြားကပါ MBA ရခဲ့ကြတဲ့ အမျိုးသမီးအသင်းဝင်တွေပါ ပါဝင်လာပါတယ်။
နောက်ကျွန်မတို့အသင်းရဲ့ ထူးခြားချက်ကတော့ နိုင်ငံတကာက စီးပွားရေးလုပ်နေတဲ့ အမျိုးသမီးတွေ ဖွဲ့စည်းထားတဲ့ အာဆီယံက အဖွဲ့အစည်းတစ်ခုမှာ Network ချိတ်ထားတာဖြစ်တာကြောင့် ၂၀၁၅ ခုနှစ်ကဆို ကျွန်မတို့အသင်းက နှစ်ယောက် ဆုရခဲ့တယ်။ ဒီနှစ်မှာတော့ ကျွန်မတို့ အမျိုးသမီးအသင်းကနေ ကျွန်မ အပါအဝင် ဆယ်ယောက် ဆုရခဲ့ပါတယ်။ ပြီးခဲ့တဲ့ အမျိုးသမီးများနေ့မှာလည်း အမျိုးသမီးရေးရာကနေဆုရတဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုဖို့အတွက် ဖိတ်ထားပါတယ်။ နောက်ပြီး ကျွန်မတို့အသင်းက UMFCCI နဲ့လည်း မောင်နှမအသင်းတွေလို ဆက်သွယ်ပြီး ဆောင်ရွက်သလို အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နဲ့ကလေးစတဲ့ အမျိုးသမီးတွေနဲ့ NGO ၊ INGO အမျိုးသမီးအဖွဲ့တွေနဲ့ Link ချိတ်ပြီးတော့ ကျွန်မတို့အသင်းက ကိုယ်လုပ်နိုင်တာကို တစ်နိုင်တစ်ပိုင်နဲ့ နိုင်ငံတော်အတွက် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်ပေးနေပါတယ်။
ဆက်လက်ဆောင်ရွက်သွားမှာတွေ . . .
ကျွန်မတို့ ၂၀၁၆ ခုနှစ်၊ ဇွန်လက မန္တလေးကိုသွားပြီးတော့ Retreat လုပ်ပါတယ်။ Retreat ဆိုတာတော့ ကိုယ့်အသင်းရဲ့ ပြီးခဲ့တဲ့နှစ်တွေက လုပ်ဆောင်ချက်တွေကို ပြန်သုံးသပ်သလို ရှေ့လာမယ့်နှစ်တွေမှာ ဘာတွေလုပ်မယ်ဆိုတာတွေကို ကျွန်မတို့ သွားပြီးတော့ ဆွေးနွေးပွဲလုပ်ပြီး ဘာတွေလုပ်မယ်ဆိုတဲ့ Plan တွေ ဆွဲတာဖြစ်ပါတယ်။ အဲဒီမှာ ကျွန်မတို့ အမျိုးသမီးအသင်းဟာ နောက်ပိုင်းအမျိုးသမီးကဏ္ဍအတွက် ပံ့ပိုးသွားမယ့် အစီအစဉ်တွေကို ရေးဆွဲပါတယ်။ လာမယ့် ၂၀၁၆ ခုနှစ် ကုန်တဲ့အထိ ချထားတဲ့ Plan တွေကို ဘယ်လိုရေးဆွဲရမလဲဆိုတာကို လုပ်ပါတယ်။ ကျွန်မတို့အသင်းမှာ Sub Committee တွေ ရှိပါတယ်။
ကျွန်မတို့ဆီမှာ ပညာရေး၊ လူမှုရေး၊ နိုင်ငံတကာ၊ စီးပွားရေးနဲ့ လူငယ်ကော်မတီဆိုပြီး ကော်မတီငါးခု ဖွဲ့စည်းထားပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်မှာတော့ ကျွန်မတို့က ကော်မတီတွေကို ပြန်ပေါင်းဖို့ စီစဉ်ထားပါတယ်။ ကျွန်မတို့အသင်းကို ဝင်လာတဲ့ အမျိုးသမီးတွေအတွက် Plan တွေအပြင်၊ Grass RoofLevel က အမျိုးသမီးတွေအတွက် ဒီထက်ပိုတိုးချဲ့ပြီးလုပ်နိုင်အောင် ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်တွေမှာဆိုရင် ကျွန်မတို့က ငွေချေးတဲ့လိုင်စင်တွေပါ သေချာလျှောက်ပြီး ကော်မတီတစ်ခုဖွဲ့ပြီးတော့ ဒီအမျိုးသမီးတွေကို ပံ့ပိုးပေးသွားဖို့ အစီအစဉ်ရှိပါတယ်။
တကယ်တော့ ငွေချေးပြဿနာဟာ ကျေးရွာတွေမှာတင်မကဘဲ ရန်ကုန်လိုမြို့မှာတောင် ဖြစ်နေပါတယ်။ အခုဆို SME တွေကို အပေါင်လက်ခံပစ္စည်း (Collateral) မပါဘဲနဲ့ သိန်းနှစ်ရာပေးမယ်ဆိုပြီး ပံ့ပိုးမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ တကယ်တမ်းငွေချေးတာက လွယ်တယ်။ ပြန်ဆပ်မှာလား၊ ပြန်ရမှာလားဆိုတာက မသေချာတဲ့အတွက် နေရာတကာမှာလိုက်ပြီး မပေးနိုင်ဘူးဖြစ်နေပါတယ်။ ဒါကြောင့် ငွေချေးပေးတဲ့ ကျေးရွာတွေမှာ နိုင်ငံတော်အစိုးရကပေးတဲ့ ငွေကလွဲပြီး တခြား NGO တွေကနေ ငွေယူထားတဲ့လူတွေကို ကျွန်မတို့ကမပေးတာကြောင့် သူတို့က ပြန်ဆပ်ဖို့လည်း ဖြစ်နိုင်ပါတယ်။
မြန်မာအမျိုးသမီးတွေ ရှေ့တန်းထွက်ရဲအောင် အသင်းအနေနဲ့ ပံ့ပိုးပေးနေတာတွေ . . .
အရင်တုန်းကဆိုရင် အမျိုးသမီးတွေဟာ ပွဲတွေတက်တယ်ဆိုရင် အမျိုးသားရဲ့နောက်ကနေ ပဝါချပြီးတော့ ကတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လိုက်ကြပေမဲ့ ဒီဘက်ခေတ်မှာတော့ ကျွန်မက ဘယ်ကုမ္ပဏီရဲ့ MD ပါ၊ ဘယ်ကုမ္ပဏီရဲ့ မန်နေဂျာပါဆိုတဲ့ ကိုယ့်ကိုယ်ပိုင်အရည်အချင်းနဲ့ ပွဲတက်နိုင်တဲ့အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ ရှေ့တန်းမထွက်ရဲတဲ့ အမျိုးသမီးဆိုတာ တော်တော်ရှားလာပါပြီ။ ကျွန်မတို့ နိုင်ငံမှာဆိုရင် အမျိုးသမီးဦးရေကတောင် ရာခိုင်နှုန်းများပါတယ်။ အမျိုးသမီးတွေ တိုးတက်အောင် လုပ်မှလည်း နိုင်ငံတော်ကို ပံ့ပိုးတဲ့နေရာ အမျိုးသမီးတွေရဲ့လက်တွေ အခုထက် ပိုများလာပြီး နိုင်ငံတော်တိုးတက်ဖို့ ပိုပြီးတော့ မြန်သွားမှာ ဖြစ်ပါတယ်။
အသင်းရန်ပုံငွေ ဘယ်လိုရှာပါသလဲ . . .
အသင်းဝင်မယ်ဆိုရင် ကျွန်မတို့က အသင်းဝင်ကြေးအနေနဲ့ ၁၁၀,၀၀၀ ကောက်ပါတယ်။ အခုအချိန်မှာတော့ အသင်းဝင် ၁,၈၀၀ ကျော်ရှိနေပါပြီ။ ရတဲ့အသင်းဝင်ကြေးကို သုံးစွဲတာကိုလည်း ဆရာမကြီးတို့ရဲ့ ညွှန်ကြားမှုနဲ့ ပြုလုပ်ပါတယ်။ ကျွန်မတို့က ပြီးခဲ့တဲ့အစိုးရလက်ထက် ဗိုလ်ချုပ်ခင်ညွန့် လက်ထက်တုန်းက ကျွန်မတို့အသင်း အဆောက်အအုံကို စေတနာဆောက်လုပ်ရေးနဲ့ပူးပေါင်းပြီး ဒဂုံမြို့နယ်မှာ ဆောက်ဖို့အတွက် တင်လိုက်ပြီး လေးလွှာအထပ်ကို ကျွန်မတို့က ရလိုက်ပါတယ်။
ဒါကြောင့် အသင်းရုံးခန်းအတွက် အခန်းတစ်နေရာစာပေးပြီး ကျန်တဲ့အခန်းသုံးခန်းကိုငှားပြီး အသင်းရဲ့ရန်ပုံငွေထဲကို ပြန်ထည့်ပါတယ်။ ဒါအပြင် ကျွန်မတို့ရတဲ့ ငွေတွေကိုစုပြီး မြေညီထပ်မှာလည်း အခန်းဝယ်လိုက်ပြီး အသင်းရန်ပုံငွေအတွက် ငှားထားတာရှိပါတယ်။ နောက်ပြီး ကျွန်မတို့အသင်းက WSDC ဆိုတဲ့ Woman Social Development Credit အတွက်လည်း ကျွန်မတို့ကုမ္ပဏီတွေမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဝန်ထမ်းတွေကို အတိုး ၂ ရာခိုင်နှုန်းနဲ့ ချေးပေးပါတယ်။ ဒါကို လက်ရှိကုမ္ပဏီ ၁၆ ခုမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒါကကျွန်မတို့အသင်းအနေနဲ့ ရန်ပုံငွေရအောင် ဆောင်ရွက်ထားတာဖြစ်ပါတယ်။
ထက်ထက်