ဂျပန်နိုင်ငံခြားရေး
ဝန်ကြီးဌာနကနေ မြန်မာနိုင်ငံသားများအတွက် ဂျပန်နိုင်ငံကို အကြိမ်ကြိမ် ဝင်ထွက်သွားလာနိုင်တဲ့ multiple-entry ဗီဇာကို ဇန်နဝါရီလ ၁၅ ရက်ကနေ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို မြန်မာနိုင်ငံသားများ ပိုမိုလာရောက်နိုင်စေရန်နဲ့ ဂျပန်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်မြောက် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံဆက်ဆံရေး ချဲ့ထွင်နိုင်ရန် ယခု အစီအစဉ်ကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ယခု ထုတ်ပေးနေတဲ့ ဗီဇာအမျိုးအစားဟာ သက်တမ်း သုံးနှစ်ရှိမှာဖြစ်ပြီး၊ ခရီးတစ်ကြိမ်အတွင်း ဂျပန်နိုင်ငံမှာ ၁၅ ရက်ကြာ နေထိုင်နိုင်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံနဲ့မြန်မာနိုင်ငံတို့ကြားမှာ မြန်မာနိုင်ငံမှာ အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်ရေး၊ မီးရထားလမ်းများ အဆင့်မြှင့်တင်ရေးနဲ့ တခြားအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် ဂျပန်အစိုးရအနေနဲ့ ယန်း ၆၃ ဘီလီယံချေးပေးမည်ဟု ဝန်ကြီးချုပ် ရှင်ဇိုဘာဘေးက သမ္မတဦးသိန်းစိန်နဲ့ တိုကျိုမြို့မှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းတွေ့ဆုံစဉ်က ကတိပြုပြောကြားထားသလို မြန်မာနိုင်ငံအတွင်း ဂျပန်နိုင်ငံမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရေးအတွက်လည်း ဂျပန်အစိုးရနဲ့ မြန်မာအစိုးရတို့ သဘောတူ စာချုပ်တစ်ခုလည်းရှိပါသေးတယ်။