Middle Management အဆင့်ကနေTop Leader တွေ ဖြစ်လာနိုင်သူတွေရဲ့ တူညီတဲ့အဓိကအချက်တချို့

Middle Management  အဆင့်ကနေTop Leader  တွေ ဖြစ်လာနိုင်သူတွေရဲ့ တူညီတဲ့အဓိကအချက်တချို့ကိုသိချင်ပါတယ်။

တူညီတဲ့အဓိကအချက်တချို့လို့ ဆိုထားတဲ့အတွက် 'တော် သေးတယ်လို့' ပြောရမယ်။ မဟုတ်ရင် ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ဖြေရပါလိမ့်မယ်။Top Leader  ဖြစ်လာဖို့ဆိုရင် စာအုပ် တွေထဲပါတဲ့အတိုင်း 'ကောင်း'တာတွေ အလွတ် ချရေးလိုက်လို့ရပေမယ့် တကယ်လက်တွေ့ ကျကျပြောရရင်တော့ စာက သိပ်ချောမှာမဟုတ် ဘူး။ ဆရာ့ရဲ့အတွေ့အကြုံအရ ပြောရရင် တော့ ... ၁ ။ Top Leader  ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကိုက ရိုးသားဖို့ လိုတယ်။ စေတနာမှန်ဖို့လိုတယ်။ အဲဒါပထမပဲ။ ၂။ ဆရာ ခဏခဏ ပြောနေတဲ့ 'High Aspiration   မြင့်မြင့်မားမားမှန်းတတ်ဖို့ (တစ် နည်းပြောရရင်) Leader ဖြစ်ချင်စိတ်ရှိဖို့။'အရင်းခံစိတ်' ထားဖို့ လိုတယ်။ ၃။ ''ဆိုခဲစေ၊ မြဲစေ'' စကားအတိုင်း Leader ဆိုတာ ကိုယ်မလုပ်နိုင်ရင် မပြောနဲ့။ ပြောပြီး ကတိပေးပြီး ရင် ဖြစ်အောင်လုပ်ပေးပါ။ ဘာပဲရင်ဆိုင်ရ၊ ရင်ဆိုင် ရပေါ့။ အဲဒါမှ Leader အစစ်။ ၄။ 'ဘူးဆို ဖရုံမသီးဘူး' ဆိုတဲ့ Leader တွေ ကျဆုံးသွား ကြတာ သိတယ်နော်။ ဘက်မလိုက်တဲ့ Flexibility ရှိဖို့တော့လိုတယ်။ ၅။ ကြောက်ရွံ့ခြင်းကင်းပြီး ဘက်မလိုက်တဲ့တရားမျတမှု ရှိနေရမယ်။ (တစ်ခုခုပယောဂရှိလို့ တရားမျတလိုက် ရတာမျိုး မဟုတ်တာကို ဆိုလိုတာပါ။) ၆။ Leader ဆိုတာ 'ကောင်း' (Good) တာတစ်ခုတည်း နဲ့ မရဘူး။ 'တော်' (Able) နေဖို့ လိုတယ်။ 'လူ ကောင်း လူတော်' ပေါ့။ ၇။ Leader ဆိုတာ ကိုယ့်နောက်က တစ်ဦးတစ်စုတို့က သူတို့လိုရာ ခလုတ်နှိပ်နေတာခံနေရတဲ့ လူမျိုးလည်း မဖြစ်ရဘူး။ ကဲ ..... ပြောရင်တော့လည်း အများကြီးပေါ့။ လက်တွေ့ဆရာ့ရင်ထဲခံစားမှုတွေနဲ့ ရိုက်ခတ်ပြီး၊ အငွေ့အသက် တွေလည်း ပါသွားမှာပါ။ သြော် မေ့လို့။ Leader ဆိုတာ ကမ္ဘာကျော် စစ်ဘုရင်ကြီး နပိုလီယံရဲ့ အဆိုအမိန့်ကိုလည်း မမေ့ရဘူးနော်။ ဘာတဲ့..... 'တက်ရင်တစ်လှမ်းချင်း၊ ဆင်းရင်တစ်လှမ်းတည်း'တဲ့။

ရဲမြင့် - စွန့်ဦးတီထွင်