မန္တလေးရောက်ရင် မြန်မာအစားအစာနဲ့ ဒေသစာတွေကို အလေးထားစားကြတာများပါတယ်။ နိုင်ငံခြားသားတွေရော မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်တွင်းခရီးသွားတွေပါ မြန်မာဆိုင်ကောင်းကောင်းမှာ မန္တလေးရောက်မှ စားဖြစ်မယ့် အစားအစာမျိုးကို တကူးတက ရှာဖွေစားလေ့ရှိကြပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်ကမှ စတင်ဖွင့်လှစ်ခဲ့တဲ့ မြန်မာထမင်းဟင်းနဲ့ အရှေ့တိုင်းအစားအစာ အဓိကရနိုင်မယ့်ဆိုင်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်မှာ သီးသန့်အခန်းလည်းရှိတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေနဲ့ လုပ်ငန်းကိစ္စဆွေးနွေးရင်း အေးအေးဆေးဆေး စကားပြောနိုင်မှာပါ။
ဆိုင်နာမည်ရွေးချယ်ဖြစ်ခဲ့ပုံနဲ့ စတင်ဖွင့်လှစ်တဲ့နေ့ . . .
ဆရာကြီးမြသန်းတင့်က The Lacquer Lady ဆိုတဲ့ စာအုပ်ကို ဘာသာပြန်တော့ ယွန်းခင်ခင်လို့ ဘာသာပြန်ထားတာကို သဘောကျလို့ ယွန်းခင်ခင်ဆိုတဲ့နာမည်ကို ရွေးလိုက်တာပါ။ နာမည်က မြန်မာလည်း တော်တော်ဆန်တယ်။ ချစ်စရာလည်း ကောင်းပါတယ်။ ဆိုင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဝန်ထမ်းက ၈၀ ဝန်းကျင်ရှိပါတယ်။
ရနိုင်တဲ့ Menu တွေ . . .
အဓိက မြန်မာထမင်းဟင်းဖြစ်ပြီး တရုတ်ထမင်းဟင်းလည်း ရနိုင်ပါတယ်။ မြန်မာအစားအစာထဲမှာကတော့ အသားဟင်းကတော့ သိပ်အများကြီး အပြောင်းအလဲမရှိပါဘူး။ ဒါပေမဲ့ အရန်ဟင်းတွေကိုတော့ နေ့တိုင်းရာသီပေါ်ဟင်းတွေနဲ့ လုပ်ပေးပါတယ်။ လာစားတဲ့လူတိုင်းကို အိမ်ထမင်း၊ အိမ်ဟင်းစားရသလို ဖြစ်အောင်လုပ်ပေးပါတယ်။
မနက်စာအနေနဲ့ ဘာတွေရနိုင်ပါသလဲ . . .
မုန့်ဟင်းခါး၊ ကော်ရည်ခေါက်ဆွဲ၊ အုန်းနို့ခေါက်ဆွဲ၊ Dim Sum စတာတွေ ရနိုင်ပါတယ်။ တခြား အစားအသောက်တွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲတို့လည်း တဖြည်းဖြည်းလုပ်သွားပါမယ်။
မနက်စာက မနက်ခြောက်နာရီခွဲကနေ စရပါပြီ။ တစ်ခါတလေလည်း နေ့လယ် နှစ်နာရီခွဲ၊ သုံးနာရီလောက်အထိ Dim Sum လာစားကြတာမျိုးလည်း ရှိပါတယ်။ ဆိုင်ကတော့ မနက် ၆ နာရီခွဲကနေ ည ၉ နာရီအထိ ဖွင့်ပါတယ်။
နေ့လယ်တို့ ညတို့လည်း မြန်မာထမင်းဟင်းနဲ့ တွဲပြီးတော့ တရုတ်ထမင်းဟင်း စားချင်ရင်လည်း ရပါတယ်။ အရက်ကတော့ မရောင်းပါဘူး။ ကိုယ့်ဘာသာ ယူလာပြီးသောက်လို့တော့ရပါတယ်။ ဘီယာရပါတယ်။
နာမည်ကြီးတဲ့ဟင်းတွေ . . .
ငါးသလောက်၊ ဆိတ်သားဟင်း၊ ဝက်သားဟင်းလေးချက်တို့က နာမည်ကြီးပါတယ်။ ဝက်သားဟင်းလေးချက်ဆိုတာက ဟိုအရင်တုန်းကတည်းက နန်းတွင်းမှာ ချက်ခဲ့တဲ့ဟင်းပါ။ ဝက်သားကို ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊ သရက်သီးခြောက်၊ မရမ်းသီးခြောက်တွေနဲ့ ချက်ထားတာပါ။
နောက်တစ်ခုက ငါးပိရည် နာမည်ကြီးပါတယ်။ ငါးပိက ကြာကြာသိပ်မှ မွှေးတာပါ။ ဒါကြောင့် ဆိုင်မဖွင့်ခင် ဇန်နဝါရီလလောက်ကတည်းက ပဲခူးမှာ သီးသန့်သွားပြီး သိပ်ခိုင်းထားတဲ့ ငါးပိကို သုံးပြီး ဖျော်ထားတာ ဖြစ်ပါတယ်။ အခုဆို ဧည့်သည်တွေက တောင်းနေတဲ့ ငါးရံ့အူချက်တို့ ဘာတို့လည်း တဖြည်းဖြည်းနဲ့တိုးပြီး လုပ်ပေးသွားမှာပါ။
အချိုမှုန့် လုံးဝမသုံးဘူး။ ဆီဆိုရင်လည်း နေကြာဆီနဲ့ မြေပဲဆီအစစ်ပဲ သုံးပါတယ်။ အတတ်နိုင်ဆုံး ဆီလျှော့ပြီးတော့ ဟင်းတွေကို ချက်ပါတယ်။
ဈေးနှုန်းပိုင်း . . .
လေးထောင်နဲ့ဆိုရင် ကြက်သား၊ ဝက်သား၊ ငါး စတဲ့ အသားဟင်းတစ်မျိုးနဲ့ အရန်ဟင်းခြောက်မျိုးကို ရရှိနိုင်ပါတယ်။ ထမင်းကလည်း အဝစားဖြစ်ပါတယ်။ အသားဟင်းနှစ်ခွက်နဲ့ဆိုရင်တော့ အသားဟင်းတစ်ပွဲဖိုးကို ထပ်ယူပါတယ်။ ဆိတ်သား၊ ပုစွန်၊ ငါးသလောက်တို့ဆိုရင် တစ်ယောက်ကို ငါးထောင်ယူပါတယ်။ အသားဟင်း နှစ်မျိုးဆိုရင် ဈေးနှုန်းက သူရွေးတဲ့အသားပေါ်မှာ မူတည်ပါတယ်။ ဥပမာ - ပုစွန်နဲ့ဆိတ်သား နှစ်မျိုးကို ရွေးတယ်ဆိုရင်တော့ ဈေးများသွားမှာပါ။
Target Customer တွေက . . .
အများစားနိုင်အောင် ရည်ရွယ်ပါတယ်။ လူလတ်တန်းစား လူအများစုစားနိုင်အောင် ရည်ရွယ်ပါတယ်။ တရုတ်စာ၊ ဥရောပစာတွေဆိုလည်း တစ်လမှာ နှစ်ခါသုံးခါအပြင် ပိုမစားနိုင်ပါဘူး။ မြန်မာထမင်းဟင်းဆိုတာ နေ့တိုင်းစားလည်း ဘယ်လိုမှ မရိုးသွားပါဘူး။
ဆိုင်က သီးသန့်ခန်းအပါအဝင် ဘယ်နှဝိုင်းလောက် တစ်ပြိုင်နက်တည်း ဝန်ဆောင်မှုပေးနိုင်ပါသလဲ . . .
လူဆယ်ယောက် ၃၁ ဝိုင်းစာလောက် ရပါတယ်။ သီးသန့်အခန်းလည်း နှစ်ခန်းရှိပါတယ်။ တစ်ခန်းကို လူဆယ်ယောက်စာ ဝိုင်းသုံးဝိုင်းလောက် ဆံ့ပါတယ်။ ဒီမှာ အခမ်းအနားတွေလည်း လုပ်ပေးပါတယ်။ မွေးနေ့ပွဲတွေလည်း လာလုပ်ကြတာမျိုးရှိပါတယ်။
Catering ဝန်ဆောင်မှု . . .
အမှာရှိရင်၊ ပွဲတွေရှိရင် လုပ်ပေးပါတယ်။ ဆိုင်ဆိုတော့ ဘယ်နှယောက်စာဖြစ်ဖြစ် လုပ်ပေးလို့ ရပါတယ်။ ချိုင့်ဆွဲတွေလည်း လာမေးကြပါတယ်။ ဆိုင်က ဖွင့်ခါစဆိုတော့ မလုပ်ပေးနိုင်သေးတာပါ။ လောလောဆယ်တော့ သူတို့ကြိုက်တဲ့ဟင်းကို နေ့တိုင်းလာဝယ်စားကြတာမျိုး ရှိပါတယ်။ နောက်ပိုင်းတော့ ချိုင့်ဆွဲဝန်ဆောင်မှုလည်း ပေးသွားမှာဖြစ်ပါတယ်။
လိပ်စာ - အမှတ် ၅၊ ၆၅ လမ်း၊ ၃၁ လမ်းနဲ့ ၃၂ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း - ၀၉၉၆၄၆၇၇၆၇၈၊ ၀၉ ၄၅၃၇၇၇၆၇၈၊ ၀၉၇၇၃၇၇၇၆၇၈
အယ်ဒီတာအဖွဲ့