လုပ်ငန်းခွင်ထဲက ဝန်ထမ်းတွေကို ကဏ္ဍခွဲကြည့်မယ်ဆိုရင် Fresh Graduate တွေရယ်၊ နိုင်ငံခြားကပြန်လာတဲ့ Repatriate တွေရယ်၊ သက်တမ်းရင့်နေတဲ့ ဝန်ထမ်းတွေရယ်ဆိုပြီး သုံးမျိုးတွေ့ရပါမယ်။ ကျွန်တော်တို့ကျောင်းတွေမှာ Internship ဆိုတာ မရှိခဲ့တဲ့အတွက်ကြောင့် ကလေးတွေက ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်တဲ့အခါမှာ လုပ်ငန်းခွင်နဲ့ပတ်သက်လို့ ဘာမှမသိဘဲနဲ့ သုညကနေစခဲ့ရတယ်။ ဒီနေ့မှ ကျောင်းပြီးတဲ့သူတစ်ယောက်ကို ဘယ်လိုမှကုမ္ပဏီတစ်ခုရဲ့ မန်နေဂျာအဖြစ်တွေ့ရမှာ မဟုတ်ပါဘူး။ မန်နေဂျာဆိုတာ Manage လုပ်ရတာ။ Manage လုပ်တယ်ဆိုတာ Commitment ပေးရတာ။ Commitment ပေးတယ်ဆိုတာ တာဝန်ယူရတာ။ ကျွန်တော်ဒီကုမ္ပဏီအတွက် ပိုက်ဆံဘယ်လောက်ရှာပေးပါ့မယ်၊ လုပ်ငန်းအောင်မြင်အောင် ဘယ်လောက်လုပ်ပေးပါ့မယ်ဆိုတာ အခုမှကျောင်းပြီးခါစ လူငယ်လေးတွေအနေနဲ့ Commitment ပေးနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပညာရေးကစပြီး မှားနေတယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါကြောင့် ကျောင်းတွေအားလုံး၊ လုပ်ငန်းရှင်တွေအားလုံးကို Final Year က ကလေးတွေကို Internship ခေါ်ပေးဖို့ အမြဲတမ်းပြောပါတယ်။ ကလေးတွေဆီမှာ အလုပ်လုပ်တယ်ဆိုတဲ့ အတွေ့အကြုံ၊ အလုပ်လုပ်တယ်ဆိုတဲ့မူသိသွားရင် အလုပ်ခွင်ဝင်တဲ့အခါ အများကြီး အကျိုးပြုသွားမှာပါ။
နောက်တစ်ချက်က Repatrait တွေဖြစ်ပါတယ်။ နိုင်ငံခြားကပြန်လာတဲ့သူတော်တော်များများက နိုင်ငံခြားမှာ အလုပ်တစ်နှစ် နှစ်နှစ်လောက် လုပ်ဖူးမယ်။ နိုင်ငံခြားကနေ ဘွဲ့တွေယူလာမယ်။ သူတို့ကကျတော့ အင်္ဂလိပ် စကားပြောလို့ကောင်းတယ်။ ကြားဖူးနားဝလေးတွေရှိတယ်။ သူတို့တွေ မြန်မာနိုင်ငံပြန်ရောက်လာတဲ့အခါမှာ လူ့ကန့်လန့်လေးတွေ ပြန်ဖြစ်နေတတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို မြန်မာတစ်ယောက်လို့လည်း ပြောလို့မရတော့သလို မြန်မာမဟုတ်ဘူးလို့လည်း ပြောလို့မရတော့ဘူး။ သူတို့က တစ်ခုခုဆို အမြင်တွေ အကြားတွေ ရှိတယ်၊ သိတယ်တတ်တယ်ဆိုပြီး တစ်ခုခုဆို လက်တည့်စမ်းချင်ကြတယ်။ လက်တည့်စမ်းရင်းနဲ့ မှားခဲ့တာတွေ၊ ချောက်ထဲကျခဲ့တာတွေလည်း အများကြီးပဲရှိပါတယ်။ နိုင်ငံခြားမှာ Supervisor ရာထူးအဆင့်အထိပဲ လုပ်ခဲ့ဖူးတဲ့သူတစ်ယောက်ကို ဒီမှာ General Manager ရာထူးတန်းပေးလိုက်တဲ့အခါမှာ သူ့အနေနဲ့ ကိုယ်တိုင်မလုပ်ကိုင်ဖူးဘဲ မြင်ဖူး၊ ကြားဖူးတာတွေ လျှောက်လုပ်တော့ တကယ့်တကယ် အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့အခါ လုံးဝဒဏ်မခံနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒုက္ခရောက်တာတွေရှိပါတယ်။ သူတို့အနေနဲ့ နိုင်ငံခြားမှာရရှိလာတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေကိုအသုံးချပြီး မြန်မာနိုင်ငံရဲ့ Culture နဲ့ ကိုက်ညီအောင် ကိုယ့်မှာလိုအပ်နေသေးတဲ့ Skill တွေကို ထပ်ပြီးဖြည့်သွားသင့်ပါတယ်။
သက်တမ်းရှည်တဲ့ ဝန်ထမ်းတွေဆိုတာက သက်ဆိုင်ရာနယ်ပယ်မှာ လုပ်သက်ဆယ်နှစ်၊ ၁၅ နှစ်ရှိတဲ့သူတွေ ဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ မကြိုးစားဘူးဆိုရင် ဒီအချိန်မှာ အသုံးမဝင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့၊ ကျွန်တော်တို့သိခဲ့တဲ့ ပညာရပ်ဆိုင်ရာဝေါဟာရတွေ၊ အခေါ်အဝေါ်တွေ၊ အသုံးအနှုန်းတွေကအစ ဒီနေ့အခါမှာ ပြောင်းလဲသွားပါပြီ။ ကျွန်တော်တို့တုန်းကနဲ့ မတူတော့ပါဘူး။ ဒါအပြင် ကျွန်တော်တို့က စဉ်ဆက်မပြတ်ကြောက်ပြီး ပညာတွေသင်ခဲ့တဲ့အခါမှာ Acemadic တွေ၊ သီအိုရီတွေနောက်ကို တအားလိုက်တတ်တယ်။ ကျွန်တော်တို့အနေနဲ့ မှားနေတာတစ်ခုက Certificate တွေ၊ Diploma တွေအနောက် တအားလိုက်တတ်တာ ဖြစ်ပါတယ်။ တကယ်တမ်းကျ ကိုယ့်ခေါင်းထဲကိုဝင်တဲ့ အသိကမရှိဘူး ဖြစ်နေတယ်။ ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ ကိုယ်နဲ့သက်ဆိုင်တဲ့နယ်ပယ်မှာ ကျွမ်းကျင်မှုရှိအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း Upgrade လုပ်နေရပါမယ်။
ဒီဝန်ထမ်းသုံးမျိုးကြားထဲမှာ အုပ်ချုပ်သူတွေအနေနဲ့လည်း အများကြီးကစားရပါတယ်။ ဈေးကွက်ကြီးရဲ့ အခြေအနေမှာလည်း ဈေးကွက်ကြီးရဲ့ဒဏ်ကို သက်တမ်းရှည်ဝန်ထမ်းတွေက ခံနိုင်တယ်။ Repatrait လို့ခေါ်တဲ့ နိုင်ငံခြားကပြန်လာတဲ့ ကလေးတွေကကျတော့ ငါတို့က သူများထက်တော်တာပဲ၊ တတ်တာပဲ၊ နည်းနည်းလေး သိတာနဲ့ ငါတို့ကဆရာဖြစ်ပြီလို့ တွေးပြီးတော့ သူတို့ကို Pressure ပေးရင် မလုပ်ချင်တော့ဘူး။ Target ပေးရင် မလုပ်ချင်တော့ဘဲ နောက်အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းရင်း ဘာတိုးတက်မှုမှမရှိဘဲ ဖြစ်သွားတတ်ပါတယ်။ အဆိုးဆုံးကတော့ ဘွဲ့ရပြီးခါစကလေးတွေဖြစ်ပါတယ်။ ကလေးတွေကကျတော့ လုပ်ငန်းအတွေ့အကြုံမရှိဘဲ Business နဲ့ပတ်သက်တဲ့ သင်တန်းတွေပဲတက်နေပြီး တကယ် Implementation မလုပ်နိုင်ဘူးဆိုရင် ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေပါလိမ့်မယ်။ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့အနေနဲ့ပြောရရင် လူငယ်တွေက နည်းနည်းပျင်းတဲ့အပိုင်းကို ရောက်နေပါတယ်။ ဖြစ်လာနေတဲ့ ကမ္ဘာက တိုးတက်ပြောင်းလဲမှုနှုန်းတွေနဲ့ မြန်မာနိုင်ငံက လူငယ်တွေအတွက် အခွင့်အရေးက ဒီနှစ်မှာ စကြုံရတော့မှာပါ။ တစ်အချက် နိုင်ငံခြားက အလုပ်လာလုပ်တဲ့သူနဲ့ ကိုယ်နဲ့ကို လခတူတူပေးထားပေမယ့် နိုင်ငံခြားသားက ကိုယ့်ထက် ပိုအလုပ်လုပ်နိုင်နေရင် နိုင်ငံခြားသားကိုပဲ ခန့်တော့မှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က မိသားစုမပါဘူး။ ကျွန်တော်တို့ပြောရင် ပြောသလိုရတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မပြုတ်ရေးဆိုပြီး ရည်မှန်းပြီးတော့ အားသွန်ခွန်စိုက်လုပ်တယ်။ ကျွန်တော်တို့တွေကကျတော့ အလုပ်ကို အပျော်လုပ်တယ်။ သောကြာနေ့ဆို စောစောပြန်ချင်တယ်။ သူငယ်ချင်းတွေနဲ့ အပျော်အပါးလိုက်ချင်တယ်။ တစ်ခုခုဆို ခွင့်ယူချင်တယ်။ ကျွန်တော်တို့နဲ့ Productivity တွေပါ ကွာသွားပြီ။ နှစ်အချက် သူတို့ရဲ့ အတွေ့အကြုံ၊ သူတို့သိတဲ့အသိသည် အများကြီးဖြစ်နေပြီးတော့ ကျွန်တော်တို့တွေကတော့ ကိုယ်သိတဲ့ အသိသေးသေးလေးပေါ်မှာ သာယာနေတဲ့အတွက်ကြောင့် Education တို့၊ Knowledge Skill တို့မှာလည်း တအားကွာသွားပါတယ်။ သုံးအချက်ကတော့ အလုပ်တစ်ခုကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Commitment ပါ။ နိုင်ငံခြားသားတွေကတော့ ဒီနိုင်ငံမှာမှတစ်ပါး အားကိုးစရာမရှိတဲ့အတွက် ဖြစ်အောင်လုပ်မယ်ဆိုတဲ့ Commitment ရှိတယ်။ ကျွန်တော်တို့တွေသာ မကြိုးစားဘဲ ဒီအတိုင်းဆက်ပျင်းနေမယ်ဆိုရင် သူများနောက်မှာ ကျန်ရစ်ခဲ့ပါလိမ့်မယ်။ ကိုယ့်ရဲ့ Career Development အတွက်၊ ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ စဉ်းစားပါ။ ဝင်သက်ထွက်သက် ရှိနေသရွေ့ စိန်ခေါ်မှုဆိုတာ ရှိနေမှာဖြစ်တဲ့အတွက် အမြဲတမ်းကြိုးစားနေဖို့ လိုအပ်ပါတယ်။
ဦးမြင့်ဇော် - Managing Director, Ayeyarwaddy Bank