Luxury Goods လို့ပြောရင် ဇိမ်ခံပစ္စည်းလို့နားလည်ကြတယ်။ ဈေးနှုန်းမြင့်ပြီး အထက်တန်းလွှာ လူတန်းစားတွေသာ ဝယ်ယူသုံးစွဲနိုင်တဲ့ ပစ္စည်းတွေပါ။ သူတို့ရဲ့ အမှတ်တံဆိပ်တွေကို စားသုံးသူတွေ အထင်ကြီးစွဲမက်စေဖို့ သေသေချာချာ Branding လုပ်ထားတဲ့ ပစ္စည်းတွေလည်း ဖြစ်ပါတယ်။ နိုင်ငံတော်တော်များများရဲ့ မြို့ကြီးတိုင်းမှာရှိတဲ့ ကုန်တိုက်ကြီးတွေမှာ အဲဒီလို Branded ဆိုင်တွေ ရှိနေတတ်တယ်။ Brand တစ်ခုနဲ့တစ်ခု အပြိုင်ရောင်းနေကြတာပါ။ တကယ်တော့ ကမ္ဘာ့ဖက်ရှင်လောကမှာ ကြီးစိုးနေတဲ့ နာမည်ကြီးအမှတ်တံဆိပ်အများစုကို ကုမ္ပဏီကြီးသုံးခုကပဲ ချုပ်ကိုင်ထားတာပါ။
အဲဒီကုမ္ပဏီကြီးတွေကတော့ ၁။ LVMH ၂။ P.P.R (ခေါ်) Kering နဲ့ ၃။ Richemont တို့ပဲ ဖြစ်ပါတယ်။ LVMH နဲ့ Kering ကုမ္ပဏီအုပ်စုတွေဟာ ပြင်သစ်နိုင်ငံအခြေစိုက်ဖြစ်ပြီး Richemont က ဆွစ်ဇာလန်နိုင်ငံက ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ နာမည်ကြီးတဲ့ Brand အများစုကို အဲဒီကုမ္ပဏီကြီးတွေက ပိုင်ဆိုင်ထားပြီး အဲဒီထဲမှာ LVMH ကုမ္ပဏီအုပ်စုက အကြီးမားအတောင့်တင်းဆုံးဖြစ်ပါတယ်။
LVMH (Moet Hennessy Louis Vuitton) . . .
LVMH ဟာ ပြင်သစ်နိုင်ငံအခြေစိုက် ဇိမ်ခံပစ္စည်းမျိုးစုံကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ Multinational Conglomerate ကုမ္ပဏီအုပ်စုကြီးဖြစ်ပြီး ရုံးချုပ်က ပဲရစ်မြို့မှာရှိပါတယ်။
၁၉၇၁ ခုနှစ်မှာ ရှန်ပိန်ထုတ်လုပ်တဲ့ ကုမ္ပဏီ Moet & Chandon ဟာ ယမကာကုမ္ပဏီ Hennessy နဲ့ ပူးပေါင်းခဲ့ပြီး တစ်ဖန် ဖက်ရှင်ကုမ္ပဏီ Louis Vuitton နဲ့ ၁၉၈၇ ခုနှစ်မှာ ထပ်မံပူးပေါင်းလိုက်ရာက LVMH ကုမ္ပဏီအုပ်စုကြီး ဖွဲ့စည်းဖြစ်တည်လာခဲ့ပါတယ်။ ဒီလိုပေါင်းစပ်ဖွဲ့စည်းခဲ့တဲ့ ကုမ္ပဏီတစ်ခုချင်းစီဟာ သူတို့ရဲ့ နယ်ပယ်မှာ သမ္ဘာရှိပြီးသား၊ နာမည်ရပြီးသား ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။
Moet & Chandon . . .
Moet & Chandon ဟာ ပြင်သစ်နိုင်ငံက အကောင်းစား ဝိုင်နဲ့ရှန်ပိန် ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး ၁၇၄၃ ခုနှစ် မှာ ပြင်သစ်နိုင်ငံသား Claude Moet က စတင်တည်ထောင်ခဲ့ပါတယ်။ ဒုတိယအဲလိဇဘက်ဘုရင်မရဲ့ နန်းတော်ကို ရှန်ပိန်ဆက်သဖို့ တော်ဝင်လက်မှတ်ရရှိခဲ့ပါတယ်။
Moet & Chandon ဟာ တစ်နှစ်ကို ရှန်ပိန်ပုလင်းပေါင်း ၂၈ သန်း ထုတ်လုပ်လျက်ရှိပြီး ၂၀၁၆ - Formula One ကားပြိုင်ပွဲမှာ အောင်ပွဲခံရှန်ပိန်အဖြစ် တရားဝင်ထောက်ပံ့ခွင့် ရထားပါတယ်။
ယခုအချိန်မှာတော့ Moet & Chandon ကုမ္ပဏီဟာ LVMH အုပ်စုရဲ့ အောက်မှာရှိနေပါတယ်။
၁။ Hennessy . . .
Jas Hennessy & Co ဟာ ပြင်သစ်နိုင်ငံအနောက်တောင်ပိုင်း Cognac မြို့က ကော့ညက်အရက်ထုတ်လုပ်တဲ့ ကုမ္ပဏီပါ။ Cognac မြို့က ထုတ်လုပ်တဲ့ဘရန်ဒီတွေကို ကော့ညက်အရက်လို့ခေါ်ပြီး ကမ္ဘာမှာနာမည်ကြီးပါတယ်။ နာမည်ကြီးကော့ညက် Brand တွေဖြစ်တဲ့ Hennessy ၊ Martell ၊ Otard ၊ Camus နဲ့ Remy Martin တို့ကို Coganc မြို့မှာ ထုတ်လုပ်တာဖြစ်ပါတယ်။ Hennessy နဲ့ Moet & Chandon တို့ဟာ ၁၉၇၁ ခုနှစ်မှာ ပူးပေါင်းခဲ့ပါတယ်။
၂။ Louis Vuitton . . .
Louis Vuitton ကို ၁၈၅၄ ခုနှစ်မှာ Louis Vuitton က တည်ထောင်ခဲ့ပါတယ်။ အဆင့်မြင့် သားရေပစ္စည်း၊ ဖိနပ်၊ လက်ကိုင်အိတ်နဲ့ အဝတ်အထည်တို့ကို ထုတ်လုပ်ရောင်းချပါတယ်။ Louis Vuitton ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ခြောက်နှစ်တိုင်တိုင် ကမ္ဘာ့တန်ဖိုးအရှိဆုံးပစ္စည်းတွေ ထုတ်လုပ်တဲ့ကုမ္ပဏီအဖြစ် အသိအမှတ် ပြုခံရပါတယ်။ Louis Vuitton ဟာ ၁၉၈၇ ခုနှစ်မှာ Moet & Chandon ၊ Hennessy ကုမ္ပဏီတို့နဲ့ ပူးပေါင်းလိုက်ပြီး LVMH ကုမ္ပဏီအုပ်စုအောက်ကို ရောက်ရှိသွားပါတယ်။ ကုမ္ပဏီပေါင်းလိုက်ပြီး တစ်နှစ်အကြာ ၁၉၈၈ ခုနှစ်မှာ Louis Vuitton ရဲ့ အမြတ်ငွေဟာ ၄၉ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
၃။ LVMH . . .
LVMH (Moet Hennessy Louis Vuitton) ကုမ္ပဏီအုပ်စုဟာ ကမ္ဘာမှာ နံပါတ်တစ် ဇိမ်ခံပစ္စည်းတွေ ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီအုပ်စုကြီးဖြစ်ပါတယ်။ LVMH ကုမ္ပဏီစုကြီးရဲ့အောက်မှာ Louis Vuitton အပါအဝင် လုပ်ငန်းစုကုမ္ပဏီပေါင်း ၆၀ ရှိပါတယ်။ လုပ်ငန်းစုတစ်ခုချင်းက သက်ဆိုင်ရာ Brand တွေကို လွတ်လပ်စွာ စီမံခန့်ခွဲပါတယ်။
၂၀၁၅ ခုနှစ် တစ်နှစ်တည်းမှာပဲ LVMH ရဲ့ ရောင်းအားဟာ ယူရိုငွေ ၃၅ ဒဿမ ၆၆ ဘီလီယံရှိပြီး အသားတင်အမြတ် ယူရိုငွေ လေးဘီလီယံရရှိခဲ့တာကို ကြည့်ရင် LVMH ရဲ့ ကြီးမားမှုနဲ့ ကြွယ်ဝမှုကို ခန့်မှန်းနိုင်ပါတယ်။ LVMH ရဲ့ လက်အောက်က ကုမ္ပဏီတွေကို လုပ်ငန်းစုအလိုက် အခုလိုခွဲနိုင်ပါတယ်။
၁။ ဖက်ရှင်နှင့် သားရေထည်ပစ္စည်းထုတ်ကုန်များ
၂။ ဝိုင်နှင့် အဖျော်ယမကာများ
၃။ နာရီနှင့် လက်ဝတ်ရတနာများ
၄။ ရေမွှေးနှင့် အလှကုန်ပစ္စည်းများ
၅။ အိမ်ရာနှင့် ပိုင်ဆိုင်မှုပစ္စည်းများ ဝယ်ယူရောင်းချရေးလုပ်ငန်း
LVMH က ထုတ်လုပ်တဲ့ အထက်ပါ ပစ္စည်းအမျိုးမျိုးကို ကမ္ဘာ့မြို့ကြီးတွေမှာ Brand အမျိုးမျိုးနဲ့ ထုတ်လုပ်ရောင်းချနေတာပါ။ တချို့ Brand တွေဟာ အပြိုင်လို့ထင်ရပေမဲ့ LVMH ညီနောင် Brand တွေသာ ဖြစ်ပါတယ်။
LVMH ရဲ့ CEO ဟာ Mr Bernard Arnalt ဖြစ်ပြီး LVMH ရဲ့ ရှယ်ယာတွေကို အများဆုံးပိုင်ဆိုင်တဲ့ Christian Dior Holding Company ရဲ့ Chairman လည်း ဖြစ်ပါတယ်။ Chrisrian Dior ကုမ္ပဏီအုပ်စုဟာ LVMH ရဲ့ အဓိကရှယ်ယာ ၄၀ ဒဿမ ၉ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အများဆုံးမဲပေးပိုင်ခွင့် ၅၉ ဒဿမ ၀၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။
Bernard Arnalt . . .
Bernard Arnalt ဟာ LVMH ရဲ့ Chairman နဲ့ CEO တာဝန်ကို ၁၉၈၉ ခုနှစ်မှာ ရယူခဲ့ပါတယ်။ Bernard Arnalt ဟာ ၂၀၁၅ ခုနှစ်၊ Forbe မဂ္ဂဇင်းရဲ့ စာရင်းအရ ပိုင်ဆိုင်မှုတန်ဖိုး ၃၇ ဘီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဆင့် ၁၄၊ ပြင်သစ်နိုင်ငံမှာ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပါတယ်။
Bernard Arnalt ဟာ LVMH ရဲ့ CEO ဖြစ်လာတာနဲ့ တစ်ပြိုင်နက်တည်း ကမ္ဘာမှာအကြီးဆုံး ဇိမ်ခံပစ္စည်းအုပ်စု ဖြစ်လာအောင် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ LVMH ရဲ့ ချဲ့ထွင်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ Celine ၊ ၁၉၉၃ ခုနှစ်မှာ Berluti နဲ့ KENZO ၊ ၁၉၉၄ ခုနှစ်မှာ ရေမွှေးကုမ္ပဏီဖြစ်တဲ့ Guerlain ၊ ၁၉၉၆ ခုနှစ်မှာ Loewe ၊ ၁၉၉၇ ခုနှစ်မှာ Mark Jacobs နဲ့ Sephora ၊ ၁၉၉၉ ခုနှစ်မှာ Thomas Pink ၊ ၂၀၀၀ ပြည့်နှစ်မှာ Emillio Pucci Fendi ၊ DKNY ၊ La Samaritaine အစရှိတဲ့ နာမည်ကျော် Brand တွေကို LVMH လက်အောက်ကို ဝယ်ယူသိမ်းပိုက်ခဲ့ပါတယ်။
Bernard Arnalt ဟာ ဇိမ်ခံပစ္စည်း Brand တွေကိုသာ အာရုံကျသူမဟုတ်ပါဘူး။ ခေတ်ပေါ်နည်းပညာ ကုမ္ပဏီတွေမှာလည်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ သူ ၁၉၉၉ ခုနှစ်မှာ ပါဝင်ရင်းနှီး မြှုပ်နှံခဲ့တဲ့ Netflix (အင်တာနက် ရုပ်ရှင်နဲ့ ဖျော်ဖြေရေးကုမ္ပဏီ) ဟာ အခုအခါမှာ တစ်ကမ္ဘာလုံးမှာ လစဉ်ကြေးပေးကြည့်ရှုသူ ၈၆ သန်းရှိနေပြီ ဖြစ်ပါတယ်။
Bernard Arnalt ရဲ့ ဦးဆောင်မှုအောက်မှာ LVMH ဟာ ဆက်လက်တိုးတက်ကြီးမားနေပါတယ်။ တိုးတက်လာတဲ့ လူနေမှုအဆင့်အတန်းနဲ့ ဖြုန်းအားတို့ကြောင့် LVMH ဟာ အာရှတိုက်ကိုပါ ဦးလှည့်လာပြီး အိမ်နီးချင်းတိုင်းပြည်တွေမှာ LVMH ရဲ့ Brand ဆိုင်တွေများစွာ တွေ့မြင်လာရပါတယ်။ မြန်မာနိုင်ငံရှိ အထက်တန်းလွှာလူတန်းစားတွေဟာလည်း LVMH ရဲ့ Brand တွေကို နှစ်သက်စွာသုံးစွဲလျက်ရှိပြီး မကြာခင်မှာ တသီးတသန့်ဆိုင်တွေအဖြစ် မြင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။
ရိုးဆက်