မေလနဲ့ဇွန်လမှာ တင်ဆက်မယ့် ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့အစီအစဉ်များ ''La French Touch''

LaFranch2

ပြင်သစ်ယဉ်ကျေးမှုဌာနက ကြီးမှူးပြီး ဆန်းသစ်တီထွင် ပြင်သစ်အထိအတွေ့အစီအစဉ်များ ''La French Touch'' ပထမအကြိမ်စာနယ်ဇင်းရှင်းလင်းပွဲကို ဆူးလေ-ရှန်ဂရီလာဟိုတယ် မေလ ၉ ရက် (အင်္ဂါနေ့)၊ မနက် ၁၁ နာရီမှာ ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာန Director Mr. Charles Bonhomme က အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာန Deputy Director Mr. Sebastien Bris နဲ့ Digital District ရဲ့ Director Producer Ms. Claire Marquet တို့က La French Touch အစီအစဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ပြောကြားခဲ့ကြပါတယ်။

မေလ ၃ ရက်နေ့ကစပြီး ပြင်သစ်ရုပ်ရှင်ကားတွေကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၆ နာရီ ၃၀၊ မင်္ဂလာရုပ်ရှင်ရုံ၊ ဂမုန်းပွင့်ကုန်တိုက်မှာ ပြသသွားမှာဖြစ်ပါတယ်။ အောက်ပိုင်းသေဝေဒနာရှင် (Francois Cluzet) နဲ့ပြုစုသူ (Omar Sy) တို့ရဲ့ ဆန်းကြယ်တဲ့သံယောဇဉ်အကြောင်းရိုက်ထားတဲ့ ''INTOUCH ABLES'' ဇာတ်ကားကို မေလမှာ ပြသသွားမှာဖြစ်ပါတယ်။ ဇွန်လမှာတော့ ၁၉ ရာစုနှောင်းပိုင်း ပထမဆုံးပြင်သစ် လူမည်းဆပ်ကပ်လူရွှင်တော် ချောကလက်အကြောင်းရိုက်ထားတဲ့ ''CHOCOLAT" ဇာတ်ကားကို ပြသသွားမှာ ဖြစ်ပါတယ်။

ပြင်သစ်ယဉ်ကျေးမှုဌာနနဲ့ Digital District တို့ ပူးပေါင်းစီစဉ်တဲ့ မျက်မြင်ပုံရိပ်ယောင် Virtual Reality ပွဲတော်ကို မေလ ၁၂ ရက်ကနေ ၁၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပါတယ်။ မျက်မြင်ပုံရိပ်ယောင် VR ကတော့ ''ပတ်ပတ်လည်ကြည့်ရှုနိုင်တဲ့ သုံးဖက်မြင်ရပ်ဝန်းတစ်ခုထဲမှာ မိမိကိုယ်တိုင် တကယ်ရောက်နေတဲ့အတိုင်း ခံစားနိုင်မယ့်နည်းပညာ'' ဖြစ်ပါတယ်။ ၄၈ နာရီကြာမြင့်တဲ့ Hackathon ဟာ VR အနုပညာပွဲတော်ရဲ့ စိတ်ဝင်စားဖွယ် အကောင်းဆုံးအစီအစဉ်ဖြစ်ပြီး ကဏ္ဍပေါင်းစုံက ထက်မြက်တဲ့လူငယ်တွေ စုစည်းပြီး VR ရုပ်ရှင် အတွေ့အကြုံတွေကို ဖန်တီးကြမှာ ဖြစ်ပါတယ်။ ဒီဖန်တီးမှုတွေကို ကလေးများနေ့ ကဏ္ဍအစီအစဉ်တွေနဲ့အတူ VR စကားဝိုင်း၊ မေလ ၁၂ ရက်၊ ပြင်သစ်ယဉ်ကျေးမှုဌာနဝင်းထဲမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။

LaFranch1

ဆန်းသစ်တီထွင်ပြင်သစ်အကနဲ့ ဆပ်ကပ်အစီအစဉ်တွေကိုလည်း ရန်ကုန်နဲ့မန္တလေးမှာ တင်ဆက်သွားမှာဖြစ်ပါတယ်။ ''In The Middle (အလယ်မှာ)'' အစီအစဉ်နဲ့ Swaggers အဖွဲ့သားတွေက ဂန္တဝင်ဂီတ၊ ဟစ်ပ်ဟော့ နောက်ခံတေးဂီတတွေနဲ့ ကကွက်ပေါင်းစုံ ပြသသွားမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို မေလ ၂၃ ရက် အမျိုးသားဇာတ်ရုံ (ရန်ကုန်) မှာ တင်ဆက်မှာဖြစ်ပြီး မန္တလေးအမျိုးသားဇာတ်ရုံမှာတော့ မေလ ၂၅ ရက်မှာ တင်ဆက်မှာ ဖြစ်ပါတယ်။

ပြင်သစ်အဖွဲ့ Non Nova ရဲ့ ''Afternoon of a Foehn Version I'' (နွေဦးလေ၏နေ့လယ်ခင်း ပထမပုံစံ) အစီအစဉ်ကို ဇွန်လမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က အရုပ်ဆရာနဲ့ ပလပ်စတစ်အိတ်နဲ့ လုပ်ထားတဲ့ အရုပ်လေးတွေ ကပြလွင့်မျောမယ့် ဆန်းသစ်တဲ့ တင်ဆက်မှုဖြစ်ပါတယ်။ ဒီတင်ဆက်မှုကို ဇွန်လ ၂ ရက်၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်)မှာ ကျင်းပမှာဖြစ်ပြီး မန္တလေးအမျိုးသားဇာတ်ရုံမှာတော့ ဇွန်လ ၄ ရက်မှာ ကျင်းပမှာဖြစ်ပါတယ်။ ကြိုတင်လက်မှတ်တွေကို [email protected] ကနေ မှာယူနိုင်ပါတယ်။

နှစ်လတာကြာမြင့်မယ့်ပွဲတော်ကို ''La fête de la Musique (ဂီတပွဲတော်)''နဲ့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဂီတပွဲတော်ကို ကမ္ဘာတစ်လွှားမှာ နှစ်တိုင်းကျင်းပနေပြီး ဂီတဝါသနာရှင်တွေနဲ့ ပညာရှင်တွေက ''Faites de la Musique (ဂီတမှုပြုကြပါစို့)'' ဆောင်ပုဒ်အောက်မှာ ပူးပေါင်းတင်ဆက်သွားမယ့် ပွဲတော်ဖြစ်ပါတယ်။

ဇွန်လ ၂၄ ရက်မှာတော့ ''နေရာတိုင်းမှာ ဂီတပါ'' လှုံ့ဆော်မှုအနေနဲ့ Sule Square နဲ့ ရန်ကုန်မြို့တွင်းနေရာတွေမှာ ဂီတပွဲတွေကို စီစဉ်သွားမှာဖြစ်ပါတယ်။ ပြင်သစ်ပေါ့ပ်အဆိုတော် Charles-Baptiste ကိုလည်း ဂီတနေ့အထိမ်းအမှတ်အနေနဲ့ ဖိတ်ခေါ်ထားပါတယ်။

ဂီတပွဲတော်မှာ ပါဝင်လိုတဲ့ ဂီတအနုပညာရှင်တွေနဲ့ နေရာအခင်းအကျင်းဆိုင်ရာ ပူးပေါင်းပါဝင်လိုသူတွေအနေနဲ့ [email protected] ကို ဆက်သွယ်နိုင်ပါတယ်။