မြန်မာ့ငွေရေးကြေးရေးစီမံခန့်ခွဲမှုကဏ္ဍတွင် ကျွမ်းကျင်သူများစွာလိုအပ်နေပြီး အလုပ်အကိုင်ခန့်ထားလိုမှုများ များပြားနေကြောင်း ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူများက သုံးသပ်သည်။
အင်တာနက်ကိုအသုံးပြု၍ အလုပ်ခေါ်ယူမှုများတွင် ဘဏ်လုပ်ငန်းဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာနှင့် စာရင်းကိုင်ဝန်ထမ်း လိုအပ်ချက်သည် ၆ လခန့်ဆက်တိုက်မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ထိပ်တန်းအလုပ်အကိုင်ရှာဖွေရေး Web portal တစ်ခုဖြစ်သော Jobnet.com.mm က ထုတ်ပြန်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာခြင်းအပြင် ဈေးကွက်တိုးတက်ပြောင်းလဲလာခြင်း၊ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော မြန်မာနိုင်ငံအတွင်းရှိ ဘဏ်လုပ်ငန်းဆိုင်ရာစနစ်များ ဖွံ့ဖြိုးစပြုလာသောကြောင့် ယခုကဲ့သို့ Banking and Finance ပိုင်းတွင် အလုပ်အကိုင်ခန့်ထားရန် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
"မြန်မာနိုင်ငံကို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အပြင် ငွေကြေးစီမံခန့်ခွဲမှုမှာ တကယ်ကျွမ်းကျင်သူတွေ လိုအပ်လာတယ်။ ငွေရေးကြေးရေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကလည်း တင်ကျပ်လာပြီး နိုင်ငံတကာစံချိန်တွေနဲ့ ရေးဆွဲကြရမယ်ဆိုတော့ ဒီနယ်ပယ်မှာ ပိုပြီးလိုအပ်ချက်များလာတာပါ။"ဟု Win Thin and Associates Audit Firm ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမိုးကျော်က သုံးသပ်သည်။
ဘဏ္ဍာရေးဆိုင်ရာစီမံကွပ်ကဲမှုသည် စီးပွားရေးလုပ်ငန်းတိုင်း၏ အချက်အခြာဖြစ်ပြီး ကျွမ်းကျင်မှုမြင့်မားသော ဘဏ္ဍာရေးပညာရှင်များနှင့် စာရင်းကိုင်နည်းပညာများသည် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီးပွားရေးလုပ်ငန်းတိုင်းမှာ ရှိဖို့လိုအပ်သောကြောင့် ယခုကဲ့သို့ အလုပ်အကိုင်ခေါ်ယူမှု များလာခြင်းဖြစ်ကြောင်းလည်းသိရသည်။
"ဘဏ်လုပ်ငန်းတွေ၊ ငွေကြေးလုပ်ငန်းတွေ စသဖြင့် ဖွံ့ဖြိုးလာတဲ့အတွက် မြန်မာနိုင်ငံမှာ ငွေကြေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီး အလုပ်အကိုင် ခန့်ထားလိုမှုတွေဟာ များပြားနေပါတယ်။ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လျက်ရှိတဲ့ မြန်မာနိုင်ငံအတွင်းက ဘဏ်လုပ်ငန်းဆိုင်ရာစနစ်များအတွက် ယခုထက်ပိုမိုပြီး ဖွံ့ဖြိုးတိုးတက်လာစေပြီး လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး Jobnet.com.mm ကနေဦးဆောင်ပြီး Jobnet Banking and Finance Career Conference 2017 ကိုလည်း မကြာခင်မှာ ကျင်းပပေးတော့မှာဖြစ်ပါတယ်။"ဟု Jobnet.com.mm ၏ မန်းနေးဂျင်းဒါရိုက်တာ Mr. Matt De Luca ကပြောသည်။
အင်တာနက်မှတဆင့် အလုပ်လျှောက်ထားမှုများတွင် Engineering ကဏ္ဍသည် အလုပ်အကိုင် လျှောက်ထားမှု အများဆုံးဖြစ်နေပြီး ဒုတိယအနေဖြင့် အရောင်းနှင့်ဈေးကွက်ရှာဖွေရေး အလုပ်အကိုင်များကို ပို၍စိတ်ဝင်စားကြကြောင်းတွေ့ရှိသည်။ ဘဏ်လုပ်ငန်း၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် စာရင်းကိုင်အလုပ်အကိုင်ပိုင်းသည် တတိယနေရာတွင် လျှောက်ထားမှုအများဆုံးရပ်တည်နေသည်။