IFC Myanmar ရဲ့ လုပ်ငန်းများနဲ့ အနာဂတ်ဦးစားပေး အစီအစဉ်များ သတင်းစာရှင်းလင်းပွဲ

IFC 1

International Finance Corporation (IFC) ရဲ့ မြန်မာနိုင်ငံတွင်း လုပ်ငန်းဆိုင်ရာ အကျိုးရလဒ်တွေနဲ့ အနာဂတ်ဦးစားပေး အစီအစဉ်များအကြောင်း သတင်းစာရှင်းလင်းပွဲကို အမှတ် ၅၇  (ခ) ၊ ပြည်လမ်း ၊ ရန်ကုန်မြို့မှာရှိတဲ့ ကမ္ဘာ့ဘဏ်ရုံးချုပ်မှာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၂ ရက်က ကျင်းပခဲ့ပါတယ်။ စာနယ်ဇင်းရှင်းလင်းပွဲမှာ IFC အရှေ့အာရှ နဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr Vivek Pathak ၊ IFC Myanmar ရဲ့ ဌာနေကိုယ်စားလှယ် Mr Vikram Kumar နဲ့ ဆက်ဆံရေးအရာရှိ Ms Chu Van Anh တို့က ရှင်းလင်းပြောကြားခဲ့ကြပါတယ်။ IFC ဟာ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ တိုးတက်မှုတွေကို ဆောင်ရွက်ပေးနေတဲ့ ကမ္ဘာ့ဘဏ်ရဲ့ အဖွဲ့ခွဲတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာအခြေခံအဆောက်အအုံ၊ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်မှုတွေကို ဝန်ဆောင်မှုပေးတဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အကြံပေးလုပ်ငန်းတွေကို အာရုံစိုက်ဆောင်ရွက်နေပါတယ်။ ဒါအပြင် အစိုးရနဲ့လည်း အတူပူးပေါင်းပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခုကိုလည်း ဖန်တီးနေကြောင်း သိရှိရပါတယ်။ လက်ရှိမှာ IFC ဟာ အခြေခံအဆောက်အအုံ တည်ဆောက်ခြင်း ၊ အသေးစားနဲ့ အလတ်စား လုပ်ငန်းများအတွက် ငွေကြေးအရင်းအနှီးရရှိနိုင်ဖို့ တိုးမြှင့်ဆောင်ရွက်ခြင်း၊ လျှပ်စစ်စွမ်းအင်ကဏ္ဍကို ပိုမိုတိုးတက်လာဖို့ အကြံပြုဆောင်ရွက်ခြင်း၊ စီးပွားရေး ဆောင်ရွက်မှုလုပ်ငန်းကို ပိုမိုလွယ်ကူစေရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်နိုင်အောင် ဥပဒေပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ပံ့ပိုးဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေးနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍ အထောက်အကူပြုနိုင်ရန် နည်းလမ်းများ ရှာဖွေပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးနိုင်ရန် ကူညီပံ့ပိုးပေးခြင်းအစရှိတဲ့ လုပ်ငန်းများလုပ်ကိုင်နိုင်ရန် နောက်သုံးနှစ် တာကာလအတွက် အမေရိကန်ဒေါ်လာသုံးဘီလီယံ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။ IFC 2 IFC 3