အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(IFC) နှင့် မြန်မာနိုင်ငံတော်အစိုးရတို့ ပူးပေါင်းဆောင်ရွက်

 ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း(International Finance Corporation)ဟာ မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒနဲ့ နည်းဥပဒေမူဘောင်များတိုးတက်ဖြစ်ထွန်းစေမယ့် ကြိုးပမ်းဆောင်ရွက်နေမှုများကိုထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံအမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနဲ့သဘောတူညီချက်မူကြမ်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့က နေပြည်တော်မှာ အတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလိုလက်မှတ်ရေးထိုးမှုက မြန်မာနိုင်ငံတွင်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်ရန်ပိုမိုလွယ်ကူလာစေပြီး ပြည်တွင်းပုဂ္ဂလိကကဏ္ဍတိုးတက်မှုအတွက် တွန်းအားဖြစ်စေခဲ့တဲ့အပြင် စဉ်ဆက် မပြတ်တည်တံ့နိုင်မယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကိုပါ ဖိတ်ခေါ်ပေးနိုင်မှာဖြစ်ပါတယ်။ IFC က ပြည်တွင်း၊ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို ပိုမိုအကာအကွယ်ပေးနိုင်ဖို့နဲ့ စီးပွားမိတ်ဖက်ပတ်ဝန်းကျင်တစ်ခုဖန်တီးနိုင်ဖို့အတွက် ခေတ်စနစ်နဲ့ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံရေးလုပ်ထုံးလုပ်နည်းတွေ ထွက်ပေါ်လာစေမယ့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေသစ်နဲ့ နည်းဥပဒေတွေနဲ့ ကျင့်သုံးဆောင်ရွက်သွားနိုင်ဖို့ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေအတွက် ပြဋ္ဌာန်းထားတဲ့ ရှိရင်းစွဲဥပဒေနှစ်ရပ်ကိုပေါင်းစပ်ကာ ထွက်ပေါ်လာမယ့် အဲဒီဥပဒေသစ်က စီးပွားရေးလုပ်ငန်းအားလုံးအဆင်ပြေပြေဆောင်ရွက်နိုင်မယ့် နယ်ပယ်တစ်ခုပေါ်ထွက်လာဖို့ ရည်ရွယ်တာပါ။ “IFC အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုက ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေအတွက် စီးပွားမိတ်ဖက်ပတ်ဝန်းကျင်တစ်ခုဖော်ဆောင်ဖန်တီးပေးရာမှာ ကျွန်တော်တို့ရဲ့ ကြိုးပမ်းနေမှုမတွေကို အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါလိမ့်မယ်”  လို့မြန်မာနိုင်ငံအမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဗစ်(က်)ရမ်ကူးမာ (Vikram Kumar)ကတော့ “မြန်မာနိုင်ငံမှာစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ထွန်းလာစေဖို့နဲ့ အလုပ်အကိုင်တွေပေါ်ပေါက်လာစေဖို့ အဓိကအရေးပါတဲ့ ပုဂ္ဂလိကကဏ္ဍကို ခိုင်မာတောင့်တင်းလာစေနိုင်မယ့် နိုင်ငံတော်အစိုးရရဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေမှာ IFC အဖွဲ့အနေနဲ့ ကမ္ဘာ့ဘဏ်နဲ့ပူးပေါင်းကာ ထာက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ IFC အဖွဲ့က ပုဂ္ဂလိကကဏ္ဍ ခိုင်မာတောင့်တင်းလာစေဖို့ အကြံဉာဏ်ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေထည့်ဝင်ပေးခြင်းတို့ပြုလုပ်ပြီး နိုင်ငံတော်အစိုးရရဲ့ ဈေးကွက်အခြေပြု ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေကို ထောက်ပံ့ကူညီပေးနေတာပါ။ ဒါ့အပြင် IFC ဟာ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ငွေကြေးဆိုင်ရာအထောက်အကူပေးနိုင်ဖို့အတွက် အသေးစားငွေကြေးလုပ်ငန်းတွေကတစ်ဆင့် ဘဏ္ဍာရေးထောက်ပံ့မှုတွေ ပြုလုပ်သွားနိုင်ဖို့လည်း နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အခြေခံအဆောက်အအုံတည်ဆောက်ရေးမှာ ပုဂ္ဂလိကကဏ္ဍရဲ့ပါဝင်မှုကိုအကူအညီပေးနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပြီး လျှပ်စစ်ဓါတ်အားနဲ့ ဆက်သွယ်ရေးကဏ္ဍတွေမှာ အလေးပေးဆောင်ရွက်နေတာပါ။ ကမ္ဘာ့ဘဏ်အုပ်စုအဖွဲ့ဝင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IFC ဟာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးကိုသာသီးသန့်အလေးထားဆောင်ရွက်နေတဲ့ ကမ္ဘာ့တစ်ဝန်းက အဖွဲ့အစည်းတွေထဲမှာ အကြီးမားဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ သူ့ရဲ့ ငွေကြေးအရင်းအနှီးနဲ့ လုပ်ငန်းအင်အားစုတွေကိုအသုံးပြုကာ နိုင်ငံပေါင်း(၁၀၀)ကျော်မှာရှိတဲ့ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆင်းရဲမွဲတေမှုပပျောက်စေရေးနဲ့ သာယာဝပြောမှုဖြစ်ထွန်းလာစေဖို့ ထောက်ပံ့ကူညီပေးနေတာလည်းဖြစ်ပါတယ်။ ၂၀၁၃ ဘဏ္ဍရေးနှစ်မှာ IFC ရဲ့ ရင်းနှီးမြှုပ်နှံမှုက လက်ရှိအချိန်အထိအမြင့်မားဆုံးလို့ဆိုနိုင်မယ့် ရင်းနှီးမြှုပ်နှံငွေ ၂၅ ဘီလီယံအထိ တိုးတက်လာခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးပေးနိုင်ဖို့နဲ့ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လျက်ရှိတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းပေးနိုင်ဖို့အတွက် ပုဂ္ဂလိကကဏ္ဍရဲ့စွမ်းရည်ကိုတိုးပွားစေရန် ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ www.ifc.org မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။