ကမ္ဘာမှာ ဘာဂါလုပ်ငန်းအကြီးဆုံးဖြစ်တဲ့ McDonald's က ၎င်းရဲ့ပထမဦးဆုံးဆိုင်ခွဲကို ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်က ကွန်မြူနစ်ပါတီရဲ့ သမိုင်းဝင်နေရာ ဟနွိုင်းမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဟနွိုင်းမြို့က အစားအသောက်ကြိုက်တဲ့ မြို့ခံတွေ နှစ်သက်တဲ့ ဈေးနှုန်းချိုသာတဲ့ ရိုးရာဗီယက်နမ်အစားအစာတွေအတွက် နာမည်ကြီးတဲ့ ရှေးရိုးစွဲမြို့တော်ဖြစ်ပါတယ်။
ဒီစားသောက်ဆိုင်က တောင်ဘက်ပိုင်း စီးပွားရေးအချက်အချာကျတဲ့ ဟိုချီမင်းမြို့အပြင်ဘက်မှာရှိတဲ့ ပထမဆုံးဆိုင်ဖြစ်ပါတယ်။ ဟိုချီမင်းမြို့မှာတော့ ၂၀၁၄ ခုနှစ်က ဗီယက်နမ်နိုင်ငံကို McDonald's ဆိုင် ပထမဆုံး ဝင်ရောက်လာကတည်းက ဆိုင်ခွဲ ၁၆ ဆိုင်ကို လျင်မြန်စွာ ပြောင်းလဲနေတဲ့ အလယ်အလတ်လူတန်းစားနဲ့ အမေရိကန်ယဉ်ကျေးမှုကို ကြိုက်နှစ်သက်တဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားပြီးဖြစ်ပါတယ်။ မကြာသေးခင်နှစ်တွေက တစ်ပါတီ စနစ်ကျင့်သုံးနေတဲ့ ဗီယက်နမ်နိုင်ငံက စီးပွားရေးတိုးတက်မှု မတည်ငြိမ်တာတွေရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို တံခါးဖွင့်ပေးလိုက်ပြီးနောက်မှာ အနောက်နိုင်ငံက Starbucks ၊ KFC နဲ့ Burger King တို့လို ဆိုင်တွေလည်း အလုံးအရင်းနဲ့ ဝင်ရောက်လာခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရှိ အသင့်စား အစားအစာလုပ်ငန်းက လွန်ခဲ့တဲ့ ငါးနှစ်အတွင်း နှစ်စဉ် ဆယ်ဂဏန်းလောက် တိုးတက်မှုရှိခဲ့ပြီးတော့ ဈေးကွက်သုတေသနကုမ္ပဏီ Euromonitor International သုတေသနပြုချက်အရ အာရှ-ပစိဖိတ်ဒေသအတွင်း ၂၀၁၇ ခုနှစ်မှာ အသင့်စားအစားအစာအရောင်းဆိုင်တွေမှာ တိုးတက်မှုအမြင့်ဆုံးက ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။ အစားအသောက်တွေက ဒေသတွင်း အဖိုးအခထက် သုံးဆလောက်ပိုကုန်ကျပေမယ့် ဝယ်ယူသူတွေကတော့ စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်နေကြဆဲဖြစ်ပါတယ်။