ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာအဖွဲ့အစည်းက နိုင်ငံရဲ့ကိုယ်ပိုင်ဒစ်ဂျစ်တယ် အကြွေစေ့သုံးစွဲနိုင်မယ့် ကော်ဖီဆိုင်ကို စင်ကာပူဗဟိုဘဏ်နဲ့ မလှမ်းမကမ်းမှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။
Ducatus ဆိုင်မှာ လက်ဖျော်ကော်ဖီ၊ ဆင်းဒွစ်ရှ်ပေါင်မုန့်၊ အလှကုန်ပစ္စည်းတွေကို ဆိုင်ရဲ့အဓိကငွေကြေး (Ducatus) အပြင် တခြားငွေသားမလိုတဲ့ ပေးချေမှုတွေနဲ့လည်း ဝယ်ယူရရှိနိုင်ပါပြီ။
“ဒစ်ဂျစ်တယ်ငွေကို ဘယ်လိုသုံးလို့ရလဲဆိုတာ လူတွေကို ပိုပြီးတော့ နားလည်စေချင်တယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုကော်ဖီဆိုင်တွေထပ်ဖွင့်သွားဖို့ရှိသလို ခရီးသွား၊ ဟိုတယ်လုပ်ငန်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်” လို့ Ducatus အမှုဆောင်အရာရှိချုပ် Ronny Tome က ပြောပါတယ်။
စင်ကာပူရဲ့ ဒစ်ဂျစ်တယ်ငွေကြေးကို နိုင်ငံတကာက စိတ်ဝင်စားနေကြပြီး စင်ကာပူဟာ အာရှရဲ့ ငွေကြေးဆိုင်ရာ နည်းပညာကဏ္ဍမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ဒါကြောင့် စင်ကာပူအနေနဲ့ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဖန်တီးမှုတွေကို အားပေးပြီး ငွေကြေးစနစ်စိန်ခေါ်မှုတွေကို လျှော့ချရမှာ ဖြစ်ပါတယ်။
စင်ကာပူဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့ခေါင်းဆောင် Anson Zeall ရဲ့ အဆိုအရ ဒီနှစ်တွေမှာ နည်းပညာအရ၊ ကွန်ပျူတာပရိုဂရမ်တွေနဲ့ စီးပွားရေးလုပ်ရတာ ပိုလွယ်လာတဲ့အတွက် ဘဏ်တွေကလည်း တခြားဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့ရဲ့ငွေစာရင်းတွေကို ပိတ်တာမျိုး၊ ငွေလဲလှယ်ခွင့်မပေးတာမျိုးတွေ လုပ်လာတယ်လို့ သိရပါတယ်။