လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်အထက်လူကြီးတွေသိအောင် ပြောပြသင့်ပါသလဲ၊ ဘယ်လိုဖြေရှင်းရင်ကောင်းပါမလဲ

 

ကိုယ့်အထက်လူကြီးတွေက ကိုယ့်အခက်အခဲတွေကို သိအောင်ဘယ်လိုလုပ်မလဲဆိုရင် ပထမဆုံးအနေနဲ့ အဖွဲ့အစည်းမှာ Grievance Policy ၊ Suggestion Policy တွေနဲ့ Reporting System တွေလိုတယ်။ Grievance Policy ဆိုတာကတော့ မကျေနပ်ချက်နဲ့ အခက်အခဲတွေ တင်ပြဖြေရှင်းပေးတဲ့ ပေါ်လစီပါ။ မကျေနပ်ချက်အခက်အခဲရှိမယ်ဆိုရင် ကိုယ့်အထက်လူကြီးကို တင်ပြမယ်။ ကိုယ့်ရဲ့လူကြီးကလည်း ရုံးဖွင့်ရက်ဘယ်နှရက်အတွင်းမှာ ဒါကိုဖြေရှင်းမယ်၊ ရှင်းလို့မှ အဆင်မပြေဘူး၊ ရှင်းလို့မရတဲ့ အခက်အခဲမျိုးဆိုရင်တော့ Top Management ကို ဘယ်နှရက်အတွင်း တင်ပေးရမယ်၊ Top Management ရဲ့ အဆုံးအဖြတ်ကသာ အတည်ဖြစ်တယ် စသည်ဖြင့် ဖော်ပြထားတဲ့ Policy မျိုးတွေပါ။ ဒီလိုမျိုး Policy တွေရှိမယ်ဆိုရင် ဝန်ထမ်းတွေတင်ပြထားတာကို အထက်လူကြီးတွေက မဖြေရှင်းဘဲနေလို့မရဘူး။ သတ်မှတ်ထားတဲ့ရက်အတွင်းကို သူတို့မီအောင် ဖြေရှင်းရတာမျိုးရှိတယ်။

နောက်တစ်ခုက Suggestion Policy တွေ Procedure တွေရှိဖို့ လိုပါတယ်။ Suggestion တွေပေးဖို့အတွက်ကို ဘယ်လိုပေးလို့ရတယ်ဆိုတဲ့ Suggestion Policy တွေ Procedure တွေ ဆွဲထားဖို့လိုတယ်။ ဥပမာ- Suggestion Box တွေရှိရပါမယ်။ နောက်ပြီး Suggestion ပေးလိုတဲ့ Email Address တွေကို ဝန်ထမ်းတွေသိအောင် လုပ်ပေးထားရပါမယ်။ ဒါဆိုရင် ဝန်ထမ်းတွေက Suggestion Box တွေ Email Address တွေကနေပြီးတော့ သူတို့ရဲ့ အခက်အခဲတွေကို တင်ပြလို့ရတယ်။ ဒါကလည်း Suggestion Policy တစ်မျိုးပါ။ ဥပမာ- Toyota Company မှာဆိုရင် ရက်တစ်ရက်၊ အချိန်တစ်ချိန် သတ်မှတ်ထားတယ်။  အဲဒီနေ့မှာဆိုရင် ဌာနကအကြီးအကဲတွေက စားပွဲတစ်လုံးစီနဲ့ထိုင်နေပေးပြီး ဝန်ထမ်းတွေက သူတို့ဆီကို စကားလာပြောလို့ရတယ်။ သူတို့က အကြံပေးချက်တွေ အဆင်မပြေချက်တွေကို နားထောင်ပြီးဖြေရှင်းပေးတဲ့ အစီအစဉ်ရှိတယ်။ ဒီလိုမျိုးအစီအစဉ်တွေ ထားသင့်ပါတယ်။

နောက်တစ်ခုကတော့ Reporting System တွေ ပါ။ ဝန်ထမ်းတွေက သူ့အခက်အခဲကို တင်နိုင်ဖို့ဆိုရင် Reporting System လေးတွေ ထားရှိဖို့ လိုပါတယ်။ Report လုပ်တဲ့အခါကျရင်လည်း  ဘယ်ရာထူးကနေ ဘယ်ရာထူးကို Report လုပ်ရမယ်ဆိုတဲ့  Reporting System သတ်မှတ်ထားမယ်ဆိုရင် သူပြောလိုတဲ့ အကြောင်းအရာက အကြီးအကဲဆီကို ရောက်သွားနိုင်ပါတယ်။

ခုနကပြောခဲ့သလို Grievance Policy တွေမရှိဘူး၊ Suggestion Procedure တွေမရှိဘူး၊ နောက် Reporting System တွေလည်း မဆွဲရသေးဘူးဆိုရင် တခြား Informal နည်းလမ်းတွေကို စဉ်းစားရတော့မှာပဲ ဖြစ်ပါတယ်။ Informal နည်းလမ်းအနေနဲ့ကတော့ ကိုယ့်အထက်လူကြီးရဲ့ Email Address တို့ Phone Number တို့ကို သိအောင်လုပ်ပြီးတော့ ပြောရမယ်။ ပြောလို့မှ အခွင့်အလမ်း မရနိုင်သေးဘူးဆိုရင်တော့ အထက်လူကြီးနဲ့ အနီးစပ်ဆုံးလူဖြစ်တဲ့ Personal Assistant တွေ Secretary တွေ HR တွေကနေပြီးတော့လည်း သွားလို့ရပါတယ်။ ဒီနည်းလမ်းတွေကမှ အဆင်မပြေသေးဘူးဆိုရင်တော့ ကိုယ်ပြောလိုတဲ့အကြောင်းအရာကို သတိပြုမိလာအောင် လုပ်ခြင်းကနေလည်းပဲ သွားလို့ရပါတယ်။

ပြောချင်တာတစ်ခုကတော့ Facebook ကနေ Post တွေတင်တာ အားမပေးပါဘူး၊ လုပ်ငန်းခွင်မှာ ဒါတွေကတော့ မသုံးသင့်ပါဘူး။ အပေါ်မှာပြောထားတဲ့ နည်းလမ်းတွေကနေပဲသွားပါလို့ ပြောချင်ပါတယ်။

ကိုယ့်အခက်အခဲကို အထက်လူကြီးကို တင်ပြခွင့်ရခဲ့ပြီဆိုရင်လည်းပဲ သူ့ဆီကိုမသွားခင်၊ မတွေ့ခင်မှာ ကိုယ်က Solution ကို ကြိုပြီးတော့ ယူသွားဖို့ လိုပါတယ်။ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေဆိုတဲ့ Alternative Solution တွေ ယူသွားရမှာဖြစ်ပါတယ်။ ဘယ်နည်းလမ်းတွေနဲ့ ဖြေရှင်းရင်တော့ ပြေလည်နိုင်ပါတယ်ဆိုတာ တစ်ခါတည်းယူသွားဖို့ လိုပါတယ်။ သူနဲ့တွေ့ခွင့်ရတဲ့အခါကျရင်လည်း ဒါကိုဖြည်းဖြည်းမှန်မှန်နဲ့ ယုံကြည်မှုအပြည့်နဲ့ ပြောဖို့လိုပါတယ်။ နောက်တစ်ခုက မထိမ်ချန်ထားဖို့ လိုပါတယ်။ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ပြောဖို့လိုပါတယ်။ နောက်တစ်ခုက အဖြစ်မှန်ကိုပြောဖို့ လိုပါတယ်။ ဒါလေးတွေလည်း အရေးကြီးကြောင်း ပြောချင်ပါတယ်။

ပြဿနာတစ်ခုဖြစ်လာလို့ ဖြေရှင်းမယ်ဆိုရင်တော့ အဆင့်ငါးဆင့်နဲ့ ဖြေရှင်းလို့ရပါတယ်။ ပထမအဆင့်ကတော့ Problem Awareness ပါ။ Problem ကို သိအောင်လုပ်ဖို့ လိုပါတယ်။ Problem နဲ့ဆက်နွယ်နေတဲ့ Information တွေကို အချိန်မီလည်းဖြစ်အောင်၊ တိတိကျကျနဲ့ လုံလောက်တဲ့ Information လည်းဖြစ်အောင် စုစည်းဖို့လိုပါတယ်။ ဒီအချက်တွေနဲ့ ပြည့်စုံပြီဆိုရင်တော့ Root of Cause ဆိုတဲ့ ပြဿနာဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းက ဘာလဲ၊ ဘာပြဿနာဖြစ်နေတာလဲဆိုတဲ့ ပြဿနာကို Define လုပ်တဲ့အပိုင်းပါ။ ဒါကိုဒုတိယအဆင့်အနေနဲ့ သတ်မှတ်ဖို့လိုပါတယ်။ ဘာပြဿနာဖြစ်တာလဲ သိပြီဆိုရင်တော့ တတိယအဆင့်အနေနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့အတွက် Alternative Solutions (နည်းလမ်း) အမျိုးမျိုး ရှာကြည့်ပါမယ်။ ဒီနည်းလမ်းတွေကို ဖော်ထုတ်ပြီးပြီဆိုရင်တော့ နံပါတ်လေးအဆင့်အနေနဲ့ Evaluate လုပ်ဖို့လိုပါတယ်။ ဘယ်နည်းလမ်းတွေကို အသုံးပြုရင်ကောင်းမလဲ၊ ဘယ်နည်းလမ်းတွေက မလုပ်သင့်ဘူးလဲ ဆိုတာတွေကို ဖော်ထုတ်ပြီး လုပ်သင့်တဲ့ နည်းလမ်းကို ရွေးချယ်ရပါမယ်။ ရွေးချယ်လိုက်ရုံနဲ့တော့ မပြီးပါဘူး။ ရွေးချယ်လိုက်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်တဲ့အခါမှာလည်း နံပါတ်ငါးအဆင့်အနေနဲ့ Follow-up လုပ်ဖို့လိုပါတယ်။ လုပ်ထားတဲ့နည်းလမ်းတွေက ကောင်းမွန်ရဲ့လား၊ မှန်ရဲ့လား၊ ဆုံးဖြတ်လိုက်တဲ့အရာကလည်း အားနည်းချက်တွေ ရှိတယ်ဆိုရင်လည်း ပြန်လည်ဖြည့်စွက်ပြင်ဆင်လို့ရတဲ့ Corrective Action လည်းလုပ်ဖို့ လိုပါတယ်လို့ ပြောချင်ပါတယ်။

ဒေါက်တာတင်မမစိုး - HR Consultant cum MD, Billion Force Services Co Ltd