Social Media မှာ လုပ်ငန်းအကြောင်းတင်တာတွေကို ဘယ်လိုထိန်းချုပ်သင့်ပါသလဲ။ ဘယ်လိုစည်းမျဉ်းတွေ ချမှတ်ထားသင့်ပါသလဲ။ ဘယ်လိုအခြေအနေမျိုးမှာ အရေးယူသင့်ပါသလဲ . . .

socialmedia

ဝန်ထမ်းတစ်ယောက် Social Media မှာတင်တာကို ဘယ်လိုထိန်းချုပ်သင့်လဲဆိုရင် သူတို့ကို အလုပ်စဝင်တဲ့ အချိန်မှာကတည်းက ဒီကိစ္စနဲ့ပတ်သက်တဲ့ Rules& Regulations တွေ၊ အရေးယူမယ့် Action တွေကို ဖတ်ပြသင့်ပါတယ်။

Orientation တွေမှာလည်း အသိပေးဖော်ပြသင့်တယ်။ Social Media ကနေပြီး ကိုယ့်လုပ်ငန်းမှာပဲ ထားရမယ့်အချက်အလက်တွေကို ပြင်ပကိုခွင့်ပြုချက်မရဘဲနဲ့ အသိပေးတာ၊ ပေါက်ကြားတာမျိုးတွေ လုပ်မယ်ဆိုရင် Action အနေနဲ့ ကြီးလေးတဲ့ပြစ်မှုထဲမှာ ထည့်သွင်းဖော်ပြထားတယ်ဆိုတာကို ဝန်ထမ်းအလုပ်စဝင်ကတည်းက အသိပေးထားသင့်တယ်။

လုပ်ငန်းရှင်က ဖြစ်နိုင်ရင် CCTV တပ်ထားတာမျိုးတွေလည်း လုပ်လို့ရပါတယ်။ နောက်ပြီး IT နည်းပညာနဲ့ IT ရဲ့ အကူအညီကိုယူပြီးတော့လည်း နည်းပညာအရ ထိန်းချုပ်တာမျိုးလည်း လုပ်လို့ရပါတယ်။နောက်ပြီး သူတို့ကို Social Media လုံးဝသုံးခွင့်မပြုဘူးဆိုတာမျိုးကိုမလုပ်ဘဲ သူတို့ Break Time တွေမှာတော့ ပေးကြည့်သင့်ပါတယ်။ အသိပေးတယ်ဆိုတဲ့နေရာမှာလည်း ဒီ Social Media Rules တွေကို သိရှိသဘောတူ လိုက်နာပါမည်ဆိုတဲ့ စာသားပါသင့်တယ်။ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲတဲ့အခါမှာလည်း အခုပြောမယ့်အချက်တွေ ပါသင့်ပါတယ်။ စည်းကမ်းတွေအနေနဲ့ အဖွဲ့အစည်းက Confidential သတ်မှတ်ထားတဲ့သတင်း၊ အချက်အလက်တွေ၊ အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့အလုပ်၊ အမိန့်စာ၊ ညွှန်ကြားချက်တွေ၊ Negative ဖြစ်ရပ်တွေကို Social Media မှာ မတင်ဖို့၊ အဖွဲ့အစည်းရဲ့ အကျိုးကိုလိုလားတဲ့ Post တွေဖြစ်ပေမယ့် အဖွဲ့အစည်းဘက်က အရပ်တည်လွန်ပြီး နိမ့်ကျရိုင်းပြတဲ့ အရေးအသားတွေ တင်တာမလုပ်ဖို့၊ လူမျိုးရေး၊ ကျား၊ မ ခွဲခြားဝေဖန်မှု ပုဂ္ဂိုလ်ရေးပြင်းပြင်းထန်ထန်တိုက်ခိုက်တဲ့ Post တွေ မတင်ဖို့၊ လုပ်ငန်းခွင်ဧရိယာအတွင်း မယဉ်ကျေးတဲ့ အပြုအမူ၊ သို့မဟုတ် အရက်သောက်တဲ့ပုံတင်တာမလုပ်ဖို့၊ မိမိအလုပ်ချိန်အတွင်း Social Media မသုံးဖို့၊ အလုပ်တာဝန်ထမ်းဆောင်နေချိန် တခြားအလုပ်တစ်ခုကို အလုပ်လျှောက်ထားတာတို့ကို ခွင့်မပြုကြောင်းစည်းကမ်းတွေ ချမှတ်ထားသင့်ပါတယ်။

အရေးယူသင့်တဲ့အခြေအနေကတော့ Employee Contract မှာ အပြစ်နဲ့ ပတ်သတ်ရင် သာမန်ပြစ်မှုနဲ့ ကြီးလေးတဲ့ပြစ်မှုဆိုပြီး ပြစ်မှုအဆင့်ကို နှစ်ခုတည်း ခွဲခိုင်းထားပါတယ်။ ဒါကြောင့် စောစောကပြောသလို ပထမအကြိမ်လည်းဖြစ်ပြီး ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးလည်းမဟုတ်ဘဲ၊ ရိုးရိုးစည်းကမ်း ချိုးဖောက်ပြီး Social Media ကိုအသုံးပြုတာမျိုးဆိုရင် သာမာန်ပြစ်မှုအနေနဲ့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးကို နှစ်ကြိမ်ထက်မက ချိုးဖောက်လာတာမျိုးဆိုရင်တော့ ကြီးလေးတဲ့ ပြစ်မှုထဲထည့်ထားကြောင်းကို သူတို့ကိုအသိပေးပြီးတော့ ကုမ္ပဏီရဲ့ နစ်နာမှုအပေါ်မူတည်ပြီး၊ ကုမ္ပဏီ Rules အရဖြစ်စေ၊ တရားဥပဒေအရဖြစ်စေ ဆောင်ရွက်လို့ရပါတယ်။ တင်တဲ့လူက ဘယ်သူလဲဆိုတာကိုလည်း သေချာသိအောင် လုပ်ရပါမယ်။ တချို့တွေက အကောင့်အတုနဲ့လုပ်ပြီး တခြားတစ်ယောက်ကို အပြစ်ပုံချတာမျိုးလည်း ရှိတဲ့အတွက် အရင်ဆုံးအကောင့်အစစ် ဟုတ်မဟုတ်ဆိုတာကို ကျွမ်းကျင်သူနဲ့ အရင်ဆုံးအဖြေရှာဖို့ လိုပါတယ်။ ဒါဆိုရင်တော့ ဂုဏ်သိက္ခာထိခိုက်မှုအတွက် ဥပဒေနဲ့လည်း အရေးယူလို့ရတယ်။ ဒါကြောင့် ဒါတွေနဲ့အရေးယူလို့ရကြောင်းကိုလည်း ဝန်ထမ်းကို အသိပေးထားဖို့ လိုပါတယ်။ မီးဆိုတာမလောင်ခင်တားတာ အကောင်းဆုံးပါ။ ဒါပေမဲ့ ဖြစ်ခဲ့ရင်လည်း ဘယ်သူလုပ်တယ်ဆိုတာကို သေချာသိအောင်လုပ်ဖို့ လိုပါတယ်။ သိအောင်လုပ်တဲ့နေရာမှာ အချက်အလက်တွေကို Copy ဆွဲတင်တာမျိုးဆိုရင် စာအုပ်မှာ ကုမ္ပဏီ Logo ရေစာ၊ Foot Note အမှတ်အသားတို့တွေမှာ ဘယ်ဌာန/လုပ်ငန်းခွဲကို ပေးထားတယ်၊ ဘယ်သူလက်ခံရယူထားတယ်ဆိုတာတွေ ဖော်ပြထားမယ်ဆိုရင် Trace လိုက်ရတာ ပိုလွယ်ပါလိမ့်မယ်။ ကုမ္ပဏီ၊ သို့မဟုတ် အဖွဲ့အစည်းရဲ့ တာဝန်ပေးချက်အရ တာဝန်ရှိပုဂ္ဂိုလ်က Social Media တွေမှာ ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို တင်တာနဲ့ပတ်သက်ပြီး ပြောရရင်တော့ ကိုယ့်ကိုလိုလားတဲ့လူလည်း ရှိနိုင်သလို၊ မလိုလားတဲ့ လူလည်းရှိနိုင်တဲ့အတွက် ပညာဖြန့်ဝေတဲ့အပိုင်းတွေပါအောင် တင်စေချင်ပါတယ်။ ကိုယ့် Role ချည်းပဲ ကိုယ်တင်တာ၊ ကိုယ့်လုပ်ငန်းချည်းပဲ ကိုယ်တင်တာမျိုး မဖြစ်စေချင်ဘူး။ သူများကို Knowledge Sharing ဖြစ်စေမယ့် အကြောင်းအရာလေးတွေပါရင် ပိုကောင်းမယ်လို့ မြင်ပါတယ်။ ဖတ်တဲ့လူကလည်း စိတ်ဝင်စားပြီး အကျိုးကျေးဇူးတစ်ခုရသွားမယ်။ နောက်ပြီးတင်တဲ့အခါမှာ သေချာတိကျတဲ့ အချက်အလက်မျိုးကိုပဲ တင်စေချင်ပါတယ်။ ကိုယ်ရဲ့အထင်၊ ကိုယ့်ရဲ့အမြင်ကို မှန်ကန်ကြောင်း အထောက်အထားပြနိုင်တဲ့ အချက်အလက်တွေမရှိဘဲ အလွတ်သဘောပြောတာမျိုးလုပ်တယ်ဆိုရင်တော့ ကျွန်တော်၊ ကျွန်မတို့ရဲ့အမြင် အယူအဆလို့ ထည့်ပြောသင့်ပါတယ်။ အမှားပါနေရင် ငယ်ရွယ်နုနယ်တဲ့လူတွေက အမှန်လို့ယူဆသွားရင် သူတို့အတွက် အဆိပ်ဖြစ်စေပါတယ်။ နောက်ပြီး ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကိုတင်မယ်ဆိုရင် လူအများ နားလည်စေမယ့် စကားလုံးကို ရွေးချယ်အသုံးပြုသင့်တယ်။ နည်းပညာပိုင်းဆိုင်ရာစကားလုံးတွေကို အလွန်အကျွံကြီး မသုံးသင့်သလို သုံးရင်လည်း လူအများနားလည်လွယ်တဲ့စကားလုံးတွေနဲ့ တွဲသုံးသင့်ပါတယ်။ ဒါပြင် ကိုယ်တင်တဲ့ အကြောင်းအရာကို ဖတ်တဲ့လူအနေနဲ့ အကျိုးကျေးဇူးရသွားစေချင်တယ်ဆိုတဲ့ စေတနာလည်း ပါစေချင်ပါတယ်။ Branding မှာ နှစ်ဦးနှစ်ဖက်အကျိုးရှိရင် လူပိုစိတ်ဝင်စားမှာ ဖြစ်ပါတယ်။

နောက်ပြီးတင်တဲ့လူအနေနဲ့ လုပ်ဖို့မသေချာတာတွေကိုမတင်သင့်ဘဲ တကယ်လုပ်ဖို့ သေချာတာတွေကိုပဲ ရွေးချယ်ပြီးတင်သင့်ပါတယ်။ နောက်ပြီးတခြားလူတွေ စိတ်အနှောက်အယှက်ဖြစ်လောက်အောင်လည်း မတင်သင့်ပါဘူး။ ကိုယ်တင်တဲ့အကြောင်းအရာက စာဖတ်သူရဲ့ လုပ်ငန်းအစီအစဉ်တစ်ခုအတွက် အထောက်အကူဖြစ်စေမယ့်အပြင် ဖတ်တဲ့လူတွေ မငြီးငွေ့လောက်တဲ့ အခြေနေမျိုးမှာပဲတင်တာမျိုး ဖြစ်သင့်တယ်လို့ ယူဆပါတယ်။ ဒါက လုပ်ငန်းရှင်တွေ Social Media တင်တဲ့ဘက်က ပြောတာပါ။

ဒေါက်တာတင်မမစိုး၊ Managing Director,Billion Force Co Ltd