Family Business မှာ ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင် အဲဒီလုပ်ငန်းမှာ ဘယ်သူက ဘယ်ကဏ္ဍတွေရဲ့ ဦးဆောင်သူလဲ၊ Decision Maker လဲဆိုတာကို အသစ်ဝင်လာတဲ့ဝန်ထမ်းက သိထားရပါမယ်။ ပြီးတော့ သူတို့က Traditional စစ်စစ် သွားနေတာလား၊ Corporate Governance ပုံစံမျိုးနဲ့ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ပြီးတော့ တည့်မတ်ပေးတဲ့ပုံစံမျိုးနဲ့သွားနေတာလား၊ Management Style ကောင်းကောင်းနဲ့ သွားနေတာလားဆိုတာကို အရင်ဆုံးလေ့လာစုံစမ်းသင့်ပါတယ်။ ကုမ္ပဏီကလည်း Decision Maker သီးသန့်သတ်မှတ်ထားဖို့လိုပါတယ်။
တချို့လုပ်ငန်းတွေမှာ Decision Maker နဲ့ Suggestion ပေးတဲ့လူ ရောနေတာကြောင့် Suggestion ပေးနေတဲ့လူကို Decision Maker လို့ ထင်နေတာမျိုးတွေ ဖြစ်တတ်တယ်။ ဒါကြောင့် ဘယ်ကိစ္စမှာ ဘယ်သူက Decision Maker လဲဆိုတာ သိဖို့လိုတယ်။ တချို့လုပ်ငန်းတွေမှာဆို Decision မပြတ်ဘဲ ဒီကိစ္စကို သူလည်းလုပ်၊ ကိုယ်လည်းလုပ်၊ နောက်တစ်ယောက်ကလည်း လုပ်နေတာမျိုးတွေ ရှိတတ်တယ်။ အဲဒီအခါမှာ ကိုယ်က အဲဒါနဲ့ပတ်သက်ပြီး ဘယ်သူ့ရဲ့ Decision ကို ယူရမလဲဆိုတာကို ပြတ်ပြတ်သားသား မေးသင့်ပါတယ်။
ကျွန်မ Consultant လုပ်တုန်းက ညီအစ်ကို မောင်နှမတွေချည်းပဲ ဦးစီးလုပ်ကိုင်တဲ့ မိသားစုပိုင်ကုမ္ပဏီတွေ၊ များသောအားဖြင့် ကိုယ်ကဘယ်တာဝန်ယူမယ်ဆိုတဲ့ Role ကွဲကွဲပြားပြားမရှိဘဲ Decision နှစ်ထပ်၊ သုံးထပ်ဖြစ်နေတဲ့ ကုမ္ပဏီတွေလည်း တွေ့ရပါတယ်။ အဲဒီအခါမှာ အရင်ဆုံး သူတို့ကို ဘယ်သူက ဘယ်ဌာနကို တာဝန်ယူမှာလဲဆိုပြီး Role ခွဲထားဖို့ အကြံပြုရပါတယ်။ အရေးကြီးတာက တာဝန်ယူတဲ့လူက သူတာဝန်ယူတဲ့ လုပ်ငန်းနယ်ပယ်အလိုက် ကျွမ်းကျင်တဲ့လူဖြစ်ဖို့လိုသလို Talent လည်း ရှိဖို့လိုပါတယ်။ ကိုယ်တာဝန်ယူတဲ့ လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်ပြီး ဘွဲ့၊ ဒီဂရီ၊ Certificate တွေရှိတဲ့လူဆို ပိုကောင်းပါတယ်။ ကိုယ့်ရဲ့သက်ဆိုင်ရာ အရည်အချင်းတွေပေါ်မူတည်ပြီး Role ခွဲထားသင့်တယ်လို့ အကြံပြုပါတယ်။
အဲဒီလို Role ခွဲထားလိုက်တာကြောင့် လုပ်ငန်းကဏ္ဍတစ်ခုချင်းစီကို တာဝန်ယူတဲ့လူက သီးသီးသန့်သန့် ဖြစ်လာပါတယ်။ အဲဒီအခါမှာ ဌာနကိုတာဝန်ယူတဲ့လူက Decision Maker ဖြစ်လာတယ်။ ကျန်တဲ့လူတွေက Suggestion ပဲပေးလို့ရတယ်၊ Decision ပေးလို့ မရဘူးဆိုပြီး သတ်သတ်မှတ်မှတ် ဖြစ်လာပါတယ်။ Decision Maker ရယ်လို့ ပြတ်ပြတ်သားသားမရှိတဲ့ အလုပ်တွေမှာဆိုရင် ဝန်ထမ်းတွေကို စီမံခန့်ခွဲရာမှာ အလွဲတွေနဲ့ ကြုံရနိုင်ပါတယ်။
ဒါပေမဲ့ တချို့ကိစ္စတွေမှာ တစ်ဦးတစ်ယောက်တည်း Decision ပေးလို့မရတဲ့ကိစ္စမျိုးတွေ ရှိတဲ့အတွက် တချို့ကိစ္စတွေဆို Case by Case ၊ Job by Jbo ဆွဲထုတ်လိုက်ပြီး ဒီလိုကိစ္စတွေဆို ကုမ္ပဏီမှာပါတဲ့ ဒါရိုက်တာတွေက ၇၀ ရာခိုင်နှုန်း အနည်းဆုံးသဘောတူမှ အကောင်အထည်ဖော်လို့ရမယ်လို့ ဆုံးဖြတ်ထားတာတွေ ရှိပါတယ်။ ဥပမာ - GM Level နဲ့ အထက်ကို အလုပ်ထုတ်တာ၊ လစာကို ငါးသိန်း ဒါမှမဟုတ် ဆယ်သိန်းနဲ့အထက် ပိုပြီးတိုးပေးတာစတဲ့ လုပ်ပိုင်ခွင့်တွေကျရင် တစ်ယောက်တည်း ဆုံးဖြတ်လို့မရဘူး။ ဒီလိုကိစ္စမျိုးကို ဒါရိုက်တာအဖွဲ့ကိုတင်ပြီးတော့မှ ဆုံးဖြတ်ရမယ်ဆိုတာမျိုး ရှိထားရင် တစ်ဦးတစ်ယောက်တည်းသဘောနဲ့ လုပ်လို့မရဘဲ ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ၇၀ ရာခိုင်နှုန်း သဘောတူညီမှုရမှသာ လုပ်လို့ရမှာဖြစ်ပါတယ်။
နောက်ပြီး Family Business မှာ Family ရဲ့ Personal တွေ ပါလာတတ်တဲ့အတွက် အလုပ်စဝင်ကတည်းက ကိုယ့်ရဲ့တာဝန်နဲ့ဝတ္တရား(JD)တွေက ဘာတွေလဲ၊ ဘယ်အလုပ်တွေကို ကျေပွန်အောင်လုပ်ရမလဲ ဆိုတာတွေကိုသိအောင် အရင်ဆုံးမေးထားသင့်ပါတယ်။ အဲဒီလိုမေးလိုက်လို့ တာဝန်ဝတ္တရားထဲမှာ Personal တွေ ပါနေတာမျိုး ရှိတယ်ဆိုရင် ဒါကိုပါလုပ်ရမှာလား၊ ဒါကိုလုပ်ရင် ဘယ်သူကစွက်ဖက်ပြီးတော့ ပြောနိုင်သလဲ၊ ဒါကိုလုပ်ဖို့အတွက် အိမ်ကလူတွေကိုကော အသိပေးထားပြီးပြီလားဆိုတာတွေကိုပါ မေးဖို့လိုပါတယ်။ ဒါမှမဟုတ်လည်း အလုပ်စဝင်ကတည်းက ဒါကိုမလုပ်ပေးဘူး၊ ရုံးကိစ္စပဲ လုပ်မယ်ဆိုပြီးတော့လည်း ပြောထားနိုင်သလို တကယ်လို့ ကိုယ့်ရဲ့ JD ထဲမှာ Personal တွေ ပါနေရင် ပြတ်ပြတ်သားသား သတ်မှတ်ပေးထားဖို့ တောင်းဆိုသင့်ပါတယ်။ မဟုတ်ရင် ဟိုလူက ဝင်ခိုင်းသွားလိုက်၊ ဒီလူက ဝင်ခိုင်းသွားလိုက်နဲ့ ဖြစ်တတ်တဲ့အတွက် ဒါကို ရှင်းရှင်းလင်းလင်းမေးဖို့လိုပါတယ်။ ဒါတွေက Family Business မှာ ဖြစ်တတ်တာတွေပါ။ Family Business မှာ ဝိုင်းလုပ်ဝိုင်းစားဆိုတဲ့ကိစ္စမျိုးတွေကို အများဆုံးတွေ့ရပါတယ်။ ဒီခေတ်ကြီးမှာ အဲဒီလိုကိစ္စတွေက သိပ်တော့မကောင်းပါဘူး။ သူ့ JD ၊ သူ့အလုပ်ချိန်နဲ့ သူ့ခံစားခွင့် စတာတွေအားလုံးက ပြတ်ပြတ်သားသား ဖြစ်နေသင့်ပါတယ်။
ဒေါ်တင်မမစိုး (HR Consultant Cum MD, Billion Force Services Co Ltd)