ထိုင်းနိုင်ငံ ပို့ကုန်သွင်းကုန်ဘဏ် EXIM Thailand ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးဖွင့်လှစ်

EXIM2

ဇွန်လ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ Sedona ဟိုတယ်မှာ ထိုင်းနိုင်ငံပို့ကုန်သွင်းကုန်ဘဏ် မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

EXIM1

အခမ်းအနားမှာ ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr Apisak Tantivorawong မှ သဘာပတိအဖြစ် ကြီးမှူးဆောင်ရွက်ခဲ့ပါတယ်။ ထိုင်း-မြန်မာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အစိုးရမူဝါဒကို ထောက်ခံအားပေးကာ ဒေသတွင်း CLMVT (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း)နဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်တဲ့အနေနဲ့ ဒီအခမ်းအနားကို ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးကိုယ်တိုင် ကြီးမှူးစီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားမှာ ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီး၊ EXIM Thailand ရဲ့ ဒါရိုက်တာတွေ၊ အမှုဆောင်အဖွဲ့ဝင်တွေ၊ မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MTFB) ရဲ့ မန်းနေးဂျင်းဒါရိုက်တာ ဦးညီဖြူလှ ၊ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါတယ်။

EXIM Thailand ဟာ ထိုင်းနိုင်ငံပြင်ပ ပထမဆုံး ပြည်ပကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီလိုရွေးချယ်ခဲ့တာက သဘာဝသယံဇာတ ကြွယ်ဝမှု၊ စီးပွားရေး လျှင်မြင်စွာကြီးထွားလာမှု၊ လွတ်လပ်သောကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒတွေ ပိုမိုချမှတ်လာနိုင်ခြင်းကြောင့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိတ်ဝင်စားမှုတွေ ပိုမိုရရှိလာခဲ့မှုစတဲ့ အချက်တွေကြောင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။

EXIM3

EXIM Thailand အနေနဲ့ ရန်ကုန် ကိုယ်စားလှယ်ဘဏ်ခွဲ ဖွင့်ခွင့်လိုင်စင်ခွင့်ပြုချက်ကို ၂၀၁၇ ခုနှစ်၊ မတ်လ ၆ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ရရှိခဲ့ပြီး ကိုယ်စားလှယ်ရုံးအကြီးအကဲအဖြစ် Mr Woramin Thavarabha က တာဝန်ယူသွားမှာဖြစ်ပါတယ်။ ဒီကိုယ်စားလှယ်ရုံးခွဲအနေနဲ့ မြန်မာနိုင်ငံ EXIM Thailand ကို အသုံးပြုသူတွေအတွက် ဘဏ်ဝန်ဆောင်မှုတွေပေးခြင်း၊ ထိုင်း-မြန်မာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် လှုံ့ဆော်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းတွေလည်ပတ်နိုင်ဖို့နဲ့ လုပ်ငန်းချင်းတေ့ဆိုင်စေ့စပ်ပေးနိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုနဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးခြင်း၊ ထိုင်းနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးခြင်း၊ သုတေသနတွေလုပ်ဆောင်ခြင်း၊ ကုန်သွယ်ရေး။ရင်းနှီးမြှုပ်နှံမှု စတာတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေ ပြင်ဆင်ပေးခြင်း၊ နှစ်နိုင်ငံရှိ အများပိုင်။ပုဂ္ဂလိကပိုင်လုပ်ငန်းတွေအကြား အပြန်အလှန်ဆက်ဆံရေး မြှင့်တင်ပေးခြင်း၊ “Team Thailand” ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ဆောင်ရွက်ပေးခြင်းစတာတွေကို လုပ်ကိုင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

EXIM4

အခမ်းအနားမှာ EXIM Thailand ရဲ့ ဥက္ကဌ Mr Pisit Serewiwattana နှင့် မြန်မာ့နိုင်ငံခြားကုန်သွယ်ရေးဘဏ် (MFTB) ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးညီဖြူလှတို့က EXIM Thailand နဲ့ MFTB ဘဏ်နှစ်ခုအကြား နားလည်မှုစာချွန်လွှာကို ထိုင်းနိုင်ငံဘဏ္ဍာရေးဝန်ကြီး  Mr Apisak Tantivorawong ရဲ့ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီနားလည်မှုစာချွန်လွှာအရ ဒီအဖွဲ့အစည်းနှစ်ခုဟာ ငွေကြေးဆိုင်ရာ ထောက်ပံ့မှုတွေ၊ နှစ်ဘက်အကျိုးစီးပွားအတွက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတွေ့အကြုံနဲ့ သတင်းအချက်ဖလှယ်ရေး၊ ထိုင်းနဲ့မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေရဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချဲ့ထွင်လုပ်ရှားမှုတွေကို ထောက်ပံ့ပေးအားပေးရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ငွေပေးချေဝန်ဆောင်မှုတွေအပါအဝင် ကုန်သွယ်ရေးနဲ့ ရင်းနှီမြှုပ်နှံမှုဆိုင်ရာ ငွေကြေးမတည်မှုအတွေ့အကြုံတွေ ဖလှယ်ရေးတို့မှာ အတူလက်တွဲဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

EXIM Thailand ရန်ကုန်ကိုယ်စားလှယ်ရုံးခွဲဟာ စင်တာပွိုင့်တာဝါ၊ ဆဋ္ဌမထပ်၊ အမှတ် ၆၅ ၊ ဆူးလေဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်မှာတည်ရှိပြီး ဖုန်းနံပါတ်ကတော့ ၀၁ ၃၈၉၅၈၂~၉ (လိုင်းခွဲ - ၈၆၁၂) ဖြစ်ပါတယ်။