သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေ

ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေက ဘာတွေဖြစ်မလဲ၊ ဘယ်လို ကြိုးစားအားထုတ်သင့်ပါသလဲ Question Mark မေးခွန်းရှင်ရေ ကိုယ်နဲ့သက်ဆိုင်တဲ့ လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေကိုသာ ရင်ထဲရှိသမျှ ချရေးမယ်ဆိုရင် "ပန်းတနော်ဖျာလိပ်" ထက်တောင်ရှည်မလားပဲ။ ဒီတော့ နယ်ပယ် Area တွေကို အဓိကခွဲလိုက်ရင်တော့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး (ပညာရေး၊ ကျန်းမာရေး) တွေ ရှိသလို၊ ဒါတွေကို ခွဲလိုက်ရင်လည်း အများကြီးထွက်လာမှာပဲ။ ဒါအပြင် လောကီရေး၊ လောကုက္ကတရာရေးဆိုတာက ရှိသေး။ လူမှုရေးတစ်ခုတည်းကိုပဲ အစဆွဲထုတ်လိုက်ရင် အိမ်ထောင်ရေး၊ သားရေးသမီးရေးဆိုတာကလည်း အကျယ်သားကလား မေးခွန်းရှင်ရေ။ ဒီတော့ ကိုယ့်နဲ့သက်ဆိုင်တဲ့လုပ်ငန်းခွင်ထဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရမယ့်အချက်တွေ အများကြီးထဲက Common ဖြစ်တဲ့အချက်ကို ပြောရရင် ကိုယ်လုပ်မယ့် အလုပ်က အများနဲ့သက်ဆိုင်တဲ့ အလုပ်ဖြစ်နေရင်တော့ ကိုယ်လုပ်တာကို အများက ကျေကျေနပ်နပ် လက်ခံနိုင်ရမယ်။ Logically ယုတ္တိတန်ဖိုးလိုရင် ယုတ္တိတန်ရမယ်၊ လုပ်ငန်းခွင်ထဲမှာ လုပ်ပိုင်ခွင့်နဲ့ အဆုံးအဖြတ်ပေးနိုင်သူက ချမှတ်ပေးထားတဲ့ ပစ်မှတ် (Target) ၊ ဒါမှမဟုတ် ရည်မှန်းချက် (Goal) ကို ထိရမယ်။ ကိုယ်နဲ့ လက်တွဲလုပ်သူတွေက ကိုယ့်ရဲ့ အောင်မြင်မှု (Achievement) ကို အသိအမှတ်ပြုရမယ်။ ၃၆၀ ဒီဂရီမှာရှိနေတဲ့ ကိုယ့်ပတ်ဝန်းကျင်တစ်ခုလုံးက ကျေနပ်နားလည်ရမယ်။ အရေးတကာ့ အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self-confidence) ၊ ကိုယ့်ကိုယ်ကိုယ်အားကိုးမှု (Self-reliance) ၊ ကိုယ့်ကိုယ်ကိုယ်အားပေးမှု (Self-motivated) ရှိနေပြီ။ အဲဒါတွေကို Sources အရင်းအမြစ်တွေအနေနဲ့ အခြေခံဆောင်ရွက်မှု ရှိနေရမှာ ဖြစ်ပါတယ်။ ဘယ်လိုကြိုးစားအားထုတ်သင့်ပါသလဲဆိုတာကတော့ ဆရာ့အတွေ့အကြုံနဲ့ ယှဉ်ပြီးလက်တွေ့ကျကျ ပြောရရင် "ကံ" ဆိုတာ ဆရာမယှဉ်ရဲဘူး။ "ဉာဏ်" ဆိုတာလည်း ဆရာ မပြိုင်ရဲဘူး။ ဒါပေမဲ့ အသေချာဆုံးဖြစ်တဲ့ ဝီရိယဇွဲလုံ့လ (Perseverence) ကတော့ ဆရာချမ်းသာတယ်။ (တခြားသူတွေနဲ့တော့ တူချင်မှတူမှာနော်) "အောင်မြင်မှု" အတွက် အဓိကအကျဆုံး၊ အားအထားရဆုံး၊ အယုံကြည်ရဆုံးက ဇွဲလုံလ၊ ဝီရိယဖြစ်တယ်လို့ ဆရာ ယုံကြည်ထားတဲ့အတွက် မဖြစ်မနေ ကြိုးစားအားထုတ်မှုကို အခြေပြုထားတဲ့ Steadfastness ရှိအောင် လုပ်ပါလို့ အကြံပေးပါရစေ။

ရဲမြင့်(စွန့်ဦးတီထွင်)