အရှေ့အာရှရဲ့ စီးပွားရေးတိုးနှုန်းကို ကမ္ဘာ့ဘဏ်က တိုးမြှင့်ခန့်မှန်း

intlnews1

ဒီနှစ်နဲ့ လာမယ့် ၂၀၁၈ ခုနှစ်တွေအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေပါဝင်တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့ ကြီးပွားရေးတိုးနှုန်းကို ကမ္ဘာ့ဘဏ်က တိုးမြှင့်ခန့်မှန်းလိုက်ပါတယ်။ တရုတ်နိုင်ငံပါဝင်တဲ့ ဒီဒေသရဲ့ စီးပွားရေးတိုးနှုန်းဟာ ၂၀၁၇ ခုနှစ်မှာ ၆.၄ ရာခိုင်နှုန်းနဲ့ ၂၀၁၈ ခုနှစ်မှာ ၆.၂ ရာခိုင်နှုန်း တိုးလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ ဆိုးဝါးလာနေတဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေကြောင့် ရော့ကုန်သွယ်ရေးမှာ မိမိတို့နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးလုပ်ရပ်တွေကြောင့်ပါ ဒီခန့်မှန်းစီးပွားရေးတိုးနှုန်းတွေဟာ ထိခိုက်ခံရနိုင်ခြေလည်းရှိတယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားတယ်။ အခုလိုတိုးမြှင့် မခန့်မှန်းခင်ကဆိုရင် ၂၀၁၇ ခုနှစ်အတွင်း ၆.၂ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ၆.၁ ရာခိုင်နှုန်းပဲ ရှိခဲ့တာဖြစ်တယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်းတို့ တစ်ဦးနဲ့တစ်ဦးရန်လိုတဲ့ စကားတွေကြောင့် နှစ်နိုင်ငံကြားစစ်ပွဲဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် မြောက်ကိုရီးယားက စက်တင်ဘာ ၃ ရက်နေ့တုန်းက အင်အားအပြင်းဆုံး နျူးကလီးယားစမ်းသပ်မှု ပြုလုပ်ခဲ့တာကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်။ ဒီစမ်းသပ်မှုဟာ ခြောက်ကြိမ်မြောက် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။

အရှေ့အာရှနဲ့ပစိဖိတ်ဒေသဟာ  ကမ္ဘာ့ကုန်သွယ်ရေးရေကြောင်း သွားလာရေးနဲ့ ကုန်ပစ္စည်းထုတ်လုပ်ပေးရေး လုပ်ငန်းတွေအတွက် အဓိကအရေးပါတဲ့ ဒေသဖြစ်တယ်။ ''ဒါကြောင့် ဒီဒေသတွေမှာ တင်းမာမှုတွေရှိနေရင် ကမ္ဘာ့ကုန်သွယ်ရေး ထိခိုက်လာနိုင်သလို စီးပွားရေးလည်း ထိခိုက်လာနိုင်တယ်''လို့ ကမ္ဘာ့ဘဏ်က သတိပေးထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲက မြန်မာနိုင်ငံနဲ့ ဖိလစ်ပိုင်တို့ဟာ စီးပွားရေးတိုးနှုန်းကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားပါတယ်။ ဒီလိုလျှော့ချသတ်မှတ်မှုအတွက် အခြေခံတဲ့ အကြောင်းအချက်တွေထဲမှာ ရခိုင်အရေးအခင်းကိစ္စကို ထည့်မတွက်ထားသေးပါဘူး။ ''ဒါပေမဲ့ အဲဒီအရေး ကိစ္စဆက်ဖြစ်နေရင်တော့ ရေရှည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ထိခိုက်လာနိုင်တယ်'' လို့ ကမ္ဘာ့ဘဏ်က ဆိုတယ်။

တကယ်တော့ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Asia Development Bank) ကလည်း အာရှနိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးအခြေအနေနဲ့ပတ်သက်လို့ ၎င်းရဲ့တိုးတက်မှုခန့်မှန်းချက်ကို တိုးမြှင့်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အကြီးဆုံး စီးပွားရေးလုပ်ငန်းတွေရဲ့ နိုင်ငံတကာကုန်သွယ်မှုနဲ့ အခြေအနေတွေက မျှော်မှန်းထားတာထက် ပိုပြီးတိုးတက်နေကြလို့ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ အခြေစိုက်ငွေထုတ်ချေးသူတစ်ဦးက နိုင်ငံရဲ့စီးပွားရေးဟာ ဒီနှစ်မှာ ၅.၉ ရာခိုင်နှုန်း  မြင့်တက်နိုင်ခြေရှိပြီး ၂၀၁၈ ခုနှစ်ထဲမှာ ၅.၈ ရာခိုင်နှုန်း မြင့်တက်လာနိုင်ခြေရှိတယ်လို့ ခန့်မှန်းထားကြောင်း ဆိုပါတယ်။ ဒီခန့်မှန်းမှုဟာ ၂ နှစ်စာလုံးအတွက် ADB က ခန့်မှန်းပေးထားတဲ့ ၅.၇ ရာခိုင်နှုန်းထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။

ADB ရဲ့ ပြောကြားချက်အရ နှစ်နှစ်ကြာ ကုန်တင်ပို့မှုကျဆင်းခဲ့ပြီးနောက် ကုန်သွယ်မှုက ပြန်လည်တိုးတက်လာခဲ့ပါတယ်။ ဒီတိုးတက်မှုဟာ မှတ်တမ်းမှာပါရှိတဲ့ နိုင်ငံ ၄၅ နိုင်ငံအတွက် တိုးတက်မှုအလားအလာခန့်မှန်းချက်ကို တိုးမြှင့်ဖို့ အထောက်အပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ ပထမငါးလမှာ ဒေသရဲ့ပို့ကုန်နဲ့ သွင်းကုန်တွေက ဒေါ်လာအားဖြင့် ဆယ်ဂဏန်းနှုန်းတွေနဲ့ မြင့်တက်လာခဲ့ပါတယ်လို့ ADB က ပြောကြားခဲ့ပါတယ်။