သိပ်ကောင်းတဲ့ မေးခွန်းပါ။ ဒီမေးခွန်းက မေးလည်းမေးသင့်ပါတယ်။ လက်ရှိမှာလည်း ဒီလိုမျိုး ကြုံတွေ့နေရပါတယ်။ တစ်ဂူတည်းမှာ ခြင်္သေ့နှစ်ကောင် အောင်းသလိုပေါ့။ ခေါင်းဆောင်နှစ်ယောက်ရှိတယ်၊ ခေါင်းဆောင်နှစ်ဦးထက် ပိုမယ်။ ရာထူးကလည်း တူတူပဲဆိုရင် အောက်ကလူတွေက ဘယ်ဘက်ကို လိုက်ရမလဲမသိဘူးဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒါမျိုးဆိုရင် တတ်နိုင်သလောက်ကတော့ ပြဿနာမဖြစ်အောင် ညှိပြီးတော့နေရပါတယ်။ ကျွန်တော်တို့ အခေါ်ပြောရရင်တော့ Peer Pressure လို့ ခေါ်ပါတယ်။ Level တူမှာ ပြိုင်တဲ့ Pressure ပေါ့။ သူကများ ကိုယ့်ထက်သာသွားမလား၊ ကိုယ်ကရော သူ့ထက်သာအောင် ပြနိုင်ပါ့မလားဆိုတဲ့ ပြိုင်ဆိုင်မှုက အလုပ်ပြိုင်ဆိုင်မှုထက် ဘယ်သူသာမလဲဆိုတာကို သွားပြီးပြိုင်ဆိုင်ပါတယ်။ ကိုယ်ကဆရာလား၊ တပည့်လားဆိုတာမျိုးတွေ စတွေးလာတယ်။ တွေးလာတဲ့အခါမှာ နောက်ဆုံးပြောရရင် သူ့ဘက်က ပြဿနာရှိရင်ရှိမယ်။ ကိုယ့်အပေါ်မှာ အမြင်တိမ်းရင်တိမ်းမယ်။ ဒါကတော့ သူ့အပိုင်းပါ။ ကိုယ့်အပိုင်းကျတော့ ကိုယ်ကတော့ မှန်အောင်နေမယ်။ သူမပြောလည်း ကိုယ်ကပြောမယ်။ သူ့ဝန်ထမ်းကို ကိုယ်က ဖေးဖေးမမလုပ်မယ်။ ကိုယ့်ဝန်ထမ်းကိုလည်း ဖေးဖေးမမလုပ်မယ်။ သူ့Team ကို ကိုယ်က ကူညီမယ်။ ကိုယ့် Team အတွက် လိုအပ်တဲ့အကူအညီကိုလည်း သူ့ဆီ သွားတောင်းမယ်။ ပေးတာ၊ မပေးတာကတော့ သူ့အပိုင်းပါ။ အဲလိုမျိုးလုပ်နေရင်းနဲ့ ဖြည်းဖြည်းချင်းနဲ့ အဆင်ပြေလာမှာပါ။ ပြောရရင်တော့ အချိန်လိုတယ်။ ကျွန်တော်တို့ လက်ရှိအလုပ်မှာတောင် ဒါမျိုးတွေ ကြုံရပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် ကြုံရပါတယ်။ ကျွန်တော် အခုပြောနေတဲ့စကားက မန်နေဂျာသေးသေးလေးတွေကို ပြောတာမဟုတ်ပါဘူး။ မန်နေဂျာကြီးတွေဖြစ်တဲ့ ကျွန်တော်တို့ Level မှာတောင် ကြုံရပါတယ်။ ကြုံတဲ့အခါ ဘယ်လိုလုပ်ရလဲဆိုရင် မိမိကိုယ်မိမိ မှန်အောင်နေပါ။ မိမိကိုယ်မိမိ ကူညီတဲ့နေရာကနေ နေပါ၊ ပေးပါ။ ယူတာ၊ မယူတာကတော့ သူ့အပိုင်းပါ။ ခေါင်းဆောင်ပေးပါ။ Positive Way ထားပါ။ သူဆိုးတာ၊ မဆိုးတာ သူ့အပိုင်း၊ ကိုယ်ကောင်းဖို့က အရေးကြီးပါတယ်။
ကျွန်တော့်လက်ရှိအတွေ့အကြုံအရတော့ ဒါမျိုးတွေလည်းလုပ်ရော သူကောင်းကောင်း မကောင်းကောင်း၊ ကိုယ်ကောင်းဖို့ အရေးကြီးတယ်ဆိုတာက တဖြည်းဖြည်းနဲ့ ပိုပိုပြီးမှန်လာပါတယ်။ Formula တစ်ခုတည်းနဲ့ ဒါနဲ့လုပ်ရင်တော့ သူ့ကိုနိုင်မလားဆိုတာမျိုးတော့ လုပ်လို့မရပါဘူး။ နိုင်တယ်ဆိုရာမှာလည်း ဖြတ်လမ်းနဲ့ နိုင်တာ၊ ဒါမှမဟုတ် တစ်ကြိမ်တည်းနိုင်တာပဲရှိမှာ ဖြစ်ပါတယ်။ အကြိမ်ပေါင်းများစွာနိုင်ချင်ရင်တော့ တွဲလုပ်ဖို့ လိုပါတယ်။ နိုင်ငံရေးမှာပဲကြည့်ကြည့်၊ ကိုယ့်လုပ်ငန်းမှာပဲကြည့်ကြည့် တွဲလုပ်ရပါမယ်။ လောလောဆယ် လက်မခံဘူးဆိုလည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူလက်ခံလာအောင်လို့ ကိုယ်က လုပ်ပြရပါမယ်။ ပြောပြရမှာ မဟုတ်ပါဘူး။ ပြောနေလို့တော့ မရပါဘူး။ လုပ်ပြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းမှာလည်း အလုပ်နဲ့ သက်သေပြရတာတွေ ရှိပါတယ်။ ကိုယ်လုပ်ပြရမယ်။ ခေါင်းဆောင်ပြရမယ်။
ဦးဆောင်သူတွေ နှစ်ယောက်နဲ့အထက် ရှိလာတဲ့အခါမှာ နောက်ဆုံးလိုချင်တဲ့ Same Goal ကို ရောက်အောင်သွားရပါမယ်။ Same Goal ရောက်ဖို့ ပြောပြရမှာက ကိုယ်တွေသွားမှာ ဒါပဲလား၊ ဒီလိုလုပ်ရင်တော့ ဟုတ်သလားဆိုတာတွေကို ပြောရင်းပြောရင်းနဲ့ တဖြည်းဖြည်းချင်း သဘောတူညီမှုကို ရလာမှာဖြစ်ပါတယ်။ အဲဒီသဘောတူညီမှုအရ ကိုယ်တွေ ဘယ်လောက်ဝင်ငွေသုံးမယ်၊ ဒီလောက်လူတွေ ခန့်မယ်၊ ဒီလမ်းကို သွားမယ်၊ ၂၀၁၇ ကို ဘယ်လိုပုံစံနဲ့ပြေးမလဲ၊ ၂၀၁၈ ကို ဘယ်လိုပုံစံနဲ့သွားရမလဲဆိုတဲ့ သဘောတူညီမှုတွေ ရပြီဆိုရင် နောက်တစ်ခါ Finalize အနေနဲ့ ဒါကို ကိုယ့်ရဲ့အထက်အရာရှိ၊ အကြီးအကဲဆီကို ပို့မယ်။ မပို့ခင်မှာ ဒီလိုလုပ်ရင် ဒါတွေအားလုံး သဘောတူလား၊ ဘာပြောစရာရှိသေးလဲဆိုတာကို သေချာအောင် ပြန်ဆွေးနွေးသင့်ပါသေးတယ်။ ဘာမှမရှိတော့ဘူးဆိုတဲ့အခါမှာ သဘောတူညီမှုတစ်ခု ရလာမှာပါ။ မူလကတည်းကတော့ သဘောတူညီချက် ရချင်မှရမှာ ဖြစ်ပါတယ်။ ဆွေးနွေးဖို့လာတဲ့အခါမှာလည်း အားလုံးက၊ ကိုယ့် Data ၊ ကိုယ့် Information ၊ ကိုယ့် Guideline နဲ့ ကိုယ်လာတာ။ အဲဒီအချိန်မှာ Chair လုပ်တဲ့လူကတော့ အဓိကလိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီလူက ဘယ်လိုမျိုးလဲဆိုတော့ ဒီကိုရောက်အောင် သွားမယ်။ ဒါလေးတော့ ဖြစ်ပြီးပြီ။ သဘောတူလား။ ဒါတော့မှားသွားပြီ။ ဘာကြောင့်မှားသလဲ စတာတွေကို ထည့်စဉ်းစားဖို့ လိုတယ်။ သူ့ရဲ့ခေါင်းဆောင်မှုက ရိုးသားမှုရှိဖို့ လိုပါတယ်။ ကိုယ်က ခေါင်းဆောင်ပဲဆိုတဲ့ အာဏာကိုမသုံးဘဲ၊ ဒါတော့ မှားသွားပြီ၊ ဒါတော့ ဒီလိုလုပ်ကြရအောင်ဆိုတဲ့အခါမှာ အောက်ကလူနဲ့ ခေါင်းဆောင်နဲ့က ရင်းနှီးမှုပိုသွားတယ်။ နောက်ဆုံးပြောရရင်တော့ Team ပဲဖြစ်ဖြစ်၊ ရာထူးအဆင့်တူပဲဖြစ်ဖြစ် လေးစားသမှုကတော့ လိုပါတယ်။ လေးစားသမှုမရှိဘူးဆိုရင် အလကားပါပဲ။ ဘယ်ရာထူးပဲဖြစ်ဖြစ်၊ ဘယ်အသက်ပဲဖြစ်ဖြစ် လေးစားသမှုကတော့ လိုတယ်။ လေးစားပါ၊ သူများပြောတာကို နားထောင်ပါ။ ညှိယူပါ။ တစ်ယောက်ကိုတစ်ယောက် နားလည်အောင် ကြိုးစားပါ၊ လေးစားပါလို့ပဲ ကျွန်တော်ကတော့ ပြောချင်ပါတယ်။
ဦးမျိုးသန်း - (Head of HR and Learning and Development ၊ PUMA Energy Myanmar)