Daimler မှာ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်ရင်းနှီးမြှုပ်နှံလိုက်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင် Li Shufu

new people landscape warter mark final

Geely ကားလုပ်ငန်းစုကို ပိုင်ဆိုင်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Li Shufu ဟာ ဂျာမန်နိုင်ငံ ရဲ့နာမည်ကြီး Mercedes-Benz အမှတ်တံဆိပ်ကားတွေထုတ်လုပ်သူ Daimler မှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံခန့်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုဟာ ၉.၆၉ ရာခိုင်နှုန်းနီးပါး လောက်ပါတယ်။

Li ဟာ အသက် ၅၄ နှစ်အရွယ်ရှိပြီး တရုတ်ကားထုတ်လုပ်ရေးကုမ္ပဏီ Geely Automobile နဲ့ ဆွီဒင်ကားလုပ်ငန်း Volvo Cars လုပ်ငန်းတို့ရဲ့ ပင်မကုမ္ပဏီ Zhejiang Geely Holding Group ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။

Daimler ဟာ State-Controlled ကုမ္ပဏီဖြစ်တဲ့ Beijing Auto နဲ့လည်း တရုတ်ပြည်မှာ Part-nership  ရှိပါတယ်။Daimler ရဲ့ ရှယ်ယာကို Li  ဦးဆောင်နေတဲ့ Tenaclou3 Prospect Investment  ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီက ဝယ်လိုက် တာဖြစ်တယ်လို့ သိရပါတယ်။ Li ဟာ Shanghai  တောင်ပိုင်းစီရင်စုက ကမ်းရိုးတန်းဒေသတစ်ခုဖြစ်တဲ့ Zhejiang က ဖြစ်ပါ တယ်။ သူ့ရဲ့စီးပွားရေးကို ရေခဲသေတ္တာထုတ်လုပ်ရေးနဲ့ ၁၉၈၆ ခုနှစ်ကစတင်ခဲ့ပြီး  မော်တော်ဆိုင်ကယ်တွေနဲ့ မော်တော်ကားထုတ်လုပ်ရေးကိုတော့ ၁၉၉၀ ပြည့်နှစ်မှာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ တရုတ်ပြည်မှာ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပြီး Bloomberg က တွက်ချက်ထားတဲ့ ကြွယ်ဝမှုကတော့ အမေရိကန်ဒေါ်လာ ၁၃.၈ ဘီလီယံ ရှိပါတယ်။

Li  ဟာ ကမ္ဘာ့ကားဈေးကွက်မှာ ပိုင်ဆိုင်မှုရှိအောင်ကြိုးစားနေပြီး Geely ကိုလည်း တရုတ်ပြည်ရဲ့ အင်အားကြီးမားတဲ့ လုပ်ငန်းဖြစ်အောင်ပြောင်းလဲနေပါတယ်။

''Europe ဈေးကွက်မှာ Brand  တစ်ခု တည်ဆောက်ဖို့က ကျွန်တော့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပါ'' လို့ လီက ပြောဆိုဖူးတာလည်း ရှိပါတယ်။

မနှစ်တုန်းကတော့ Geely Holding ဟာ ဗြိတိန် ပြိုင်ကားထုတ်လုပ်ရေး Lotus   ရဲ့ ၅၁ ရာခိုင်နှုန်းသော အစုရှယ်ယာကို ဝယ်ယူခဲ့ပါတယ်။Geely Holding ဟာ London  ရဲ့ကျော်ကြားတဲ့ အနက်ရောင်Taxi  တွေထုတ်တဲ့ ကုမ္ပဏီကိုလည်း ပိုင်ဆိုင်ပါသေးတယ်။ Li  ရဲ့ ထောက်ပံ့မှုနဲ့အတူ Volvo ဟာ နည်းပညာမြင့် လျှပ်စစ်ကား Brand  ဖြစ်တဲ့ Polestar ကို ဖန်တီးနေပြီး Telsa  ကို ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားပါတယ်။

တရုတ်ဈေးကွက်မှာတော့ Geely Auto ဟာ အရောင်းသွက် Brand  တစ်ခုပါ။ ယခင်နှစ်က ကား အစီးရေတစ်သန်းကျော်ကို ရောင်းချနိုင်ခဲ့ပါတယ်။Geely Holding  ဟာ ချမ်းသာတဲ့ဝယ်သူတွေအတွက် လည်း Lynk& Co ဆိုတဲ့ ကားအသစ်ကိုလည်း စတင်ခဲ့ပြီး ဖြစ်ပါတယ်။

Daimler  ဟာ Mercedes-Benz ကားပေါင်း ၂.၃ သန်းကျော် ယခင်နှစ်က ရောင်းချခဲ့ပါတယ်။ ရောင်းချခဲ့တဲ့ ကားတွေထဲက သုံးပုံ တစ်ပုံကို တရုတ်ပြည်က ဝယ်ယူတာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဗန်ကားတွေ၊ ထရပ်ကားတွေနဲ့ ဘတ်စ်ကား တွေကိုပါ ထုတ်လုပ်ပါတယ်။ Daimler နဲ့ တခြားကား ထုတ်လုပ်သူတွေဟာ လာမယ့်နှစ်တွေမှာ အကောင်အထည်ပေါ်မယ့် ဓာတ်ငွေ့ထုတ်လွှတ်မှု အဆင့်သတ်မှတ်ချက်တွေကြောင့် လျှပ်စစ်ကားတွေကို ထုတ်လုပ်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာကြပါတယ်။ Daimler ကလည်း လျှပ်စစ်ကားတွေနဲ့ Battery  နဲ့ သုံးနိုင်မယ့် ထရပ်ကားတွေကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။

Volvo ၂၀၁၉ ခုနှစ် အရောက်မှာတော့ ထွက်သမျှကားတိုင်းဟာလည်း Hybrid မဟုတ်ရင် လျှပ်စစ်ကားတွေပဲ ဖြစ်နေရမယ်လို့ မနှစ်က ကြေညာခဲ့ပါတယ်။