ယူနီဖောင်းသတ်မှတ်မထားတဲ့ ကုမ္ပဏီတွေက ဝန်ထမ်းတွေအတွက် ဝတ်စားဆင်ယင်မှုအပိုင်းက ဘယ်လောက်ထိ အရေးပါပါသလဲ။ မေးခွန်းရှင်ရဲ့မေးခွန်းကို တိုက်ရိုက်မဖြေခင် ယူနီဖောင်းဆိုတဲ့ စကားလုံးရဲ့ လေးနက်ပြီးအဓိပ္ပာယ်ပါတဲ့ အကြောင်းအရာလေးကို အတိုချုပ်ပြောပါရစေ။ Unif ဆိုတာက Make things into one: to bring people or things together to form a single unit or entity လို့ ဆိုထားတော့ အားလုံးလူဖြစ်ဖြစ် အရာဝတ္ထု ဖြစ်ဖြစ် တစ်စုတည်း၊ တစ်ခုတည်းဖြစ်အောင် လုပ်ခြင်းပါတဲ့။ ယူနီဖောင်းဆိုတဲ့ စကားလုံးက အဲဒီ Unify က လာတာတဲ့လေ။ တူညီဝတ်စုံဆိုတာ ဝတ်ထားတဲ့ အဝတ်အစားသာမဟုတ်ဘဲ စိတ်ဓာတ်ရေးရာပါတူအောင် တစ်နည်းအားဖြင့် Psychologically အဝတ်အစားရော၊ စိတ်ဓာတ်ရော တူအောင်လုပ်လိုက်တာပဲ။ ဒါကြောင့် မေးခွန်းရှင်ရဲ့ ကုမ္ပဏီက ယူနီဖောင်း မသတ်မှတ်ရသေးရင် အခုချက်ချင်းလုပ်လိုက်ပါလို့ အဆောတလျင် အကြံပြုပါရစေ။ ယူနီဖောင်းမသတ်မှတ်ထားတဲ့အတွက် ဝတ်စားဆင်ယင်မှုအပိုင်းက ဘယ်လောက်ထိအရေးပါပါသလဲဆိုတာကို ပြောရရင်ဖြင့် တူညီဝတ်စုံမဟုတ်တဲ့အတွက် ကိုယ်ဝတ်ချင်ရာကို ဝတ်မယ်ဆိုတာမျိုးကိုတော့ ခွင့်မပြုသင့်ဘူး။ ကိုယ့်ကုမ္ပဏီရဲ့ Image၊ ကိုယ့်ကုမ္ပဏီရဲ့ Dignity နဲ့ လိုက်ဖက်ညီတဲ့ အဝတ်အစားမျိုးကိုပဲ ဝတ်သင့် ပါတယ်။ ဥပမာ -Tourism ကုမ္ပဏီမျိုးဆိုရင် ပြည်တွင်း ပြည်ပနိုင်ငံရပ်ခြားလူမျိုးစုံနဲ့ ဆက်ဆံရတဲ့ လုပ်ငန်းဖြစ်လို့ အဲဒီကုမ္ပဏီက ဝန်ထမ်းတွေဟာ အတတ်နိုင်ဆုံး မြန်မာ့ယဉ်ကျေးမှုကို လှစ်ဟပြတဲ့ ရှေ့တမ်းတင်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်သင့်ပါတယ်။ Heavy Machineries ကုမ္ပဏီမျိုး၊ စက်မှုလက်မှုနဲ့ ဆက်နွှယ်တဲ့ကုမ္ပဏီမျိုးဆိုရင် အဲဒီကုမ္ပဏီရဲ့ ဝန်ထမ်းတွေက ဘောင်းဘီ၊ စကတ် (skirt) တွေဝတ်ဆင်ရပါမယ်။ သိပ်ပြီး မြန်မာဆန်ဆန်ဝတ်နေလို့တော့ အဆင်ပြေမှာမဟုတ်ဘူး။ အရေးကြီးတာကတော့ Globalization ၊ International Standard လို့ အော်အော်ပြီး ကမ္ဘာဆန်ဆန်ပြနေရင်တော့ တစ်နေ့မြန်မာ့ယဉ်ကျေးမှု ဆိတ်သုဉ်း သွားမှာ အမှန်ပဲ။ သတိရမှာပေါ့လေ။ 'အရိုးပေါ်အရွက် မဖုံး' ဆိုတဲ့ စကားက အားလုံးသိပြီးသားပဲ။ အချုပ်ပြောရရင်တော့ ကုမ္ပဏီဝန်ထမ်းတွေရဲ့ အဝတ်အစား (Appral) တွေဟာ ခေတ်မဆန်ရဘူး၊ ခေတ် မီဖို့တော့ လိုလိမ့်မယ်လို့ ပြောပါရစေ။ ထပ်ပြောပါရစေ။ မေးခွန်းရှင်ရေ ဒီစာဖတ်ပြီးပြီး ချင်း ကိုယ့်ကုမ္ပဏီကို ယူနီဖောင်းဆင်ပေးလိုက်စမ်းပါ။
ရဲမြင့် (စွန့်ဦးတီထွင်)