ဖိလစ်ပိုင် Cebu Pacific လေကြောင်းလိုင်းက Tigerair ကို ဝယ်ယူပူးပေါင်း

ဖိလစ်ပိုင်နိုင်ငံက တန်ဖိုးနည်း လေကြောင်းလိုင်း Cebu Pacific က Tigerair Philippines ကို ဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ယူမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ Cebu Pacific ဟာ Tigerair Philippines ရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဝယ်ယူမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ စင်ကာပူ နိုင်ငံရဲ့ Tigerair Holdings ရဲ့ပိုင်ဆိုင်မှု ၄၀ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိက ရှယ်ယာရှင်တွေရဲ့ ပိုင်ဆိုင်မှုတွေလည်း ပါဝင်ပါတယ်။ Tigerair ဟာ အာရှနဲ့ တောင်ပစိဖိတ် ဒေသက မြို့ကြီး ၅၀ ခန့်ဆီကို လက်ရှိမှာ ပျံသန်းပြေးဆွဲလျက် ရှိပါတယ်။ အခုလို ပူးပေါင်းမှုဟာ Tigerair ကို ပိုပြီးပြိုင်ဆိုင်နိုင်စွမ်း ရှိလာစေမှာဖြစ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေမှာ ဖြစ်တယ်လို့ Tigerair ရဲ့ Group CEO ဖြစ်သူ Koay Peng Yen က ပြောပါတယ်။ Cebu နဲ့ Tigerair Holdings ကုမ္ပဏီနှစ်ခုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ အသွား၊ အပြန် လေယာဉ် ခရီးစဉ်တွေကို ပူးပေါင်းပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း နှစ်ခုဟာ အမှတ်တံဆိပ်ကို တစ်ခုနဲ့တစ်ခု အပြန်အလှန် ပုံဖော်မှာဖြစ်ပြီး ပြေးဆွဲတဲ့ လမ်းကြောင်းတွေကိုလည်း လေကြောင်းလိုင်း နှစ်ခုစလုံးရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြဈေးကွက်တင်သွားမှာဖြစ်ကြောင်း သိရပါတယ်။

Ref: AP