ဝန်ထမ်းအများစုဟာ လုပ်ငန်းခွင်မှာပဲ မိမိတို့ရဲ့ အချိန်အများစုကို ကုန်ဆုံးကြရတဲ့အတွက် အလုပ်ကို ငြီးငွေ့ပြီး Burn-Out ဖြစ်မသွားအောင် ဘယ်လိုစီမံဆောင် ရွက်သင့်ပါသလဲ။ အပိုင်းနှစ်ပိုင်းခွဲပြောမှ ပိုသဘာဝကျမယ် ထင်ပါတယ်။ တစ်ပိုင်းက ''မိမိတို့ရဲ့ အချိန်အများစု ကုန်ဆုံးကြရတဲ့အတွက်'' ဆိုတာက ကိုယ့်ကုမ္ပဏီအလုပ် ၁၀၀ ရာခိုင်နှုန်း အတွက် လုပ်ရလို့ ကုန်တာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ရေးကိုယ်တာကိစ္စ ၃၀ ရာခိုင်နှုန်းက အဲဒီအထဲဝင်ပါနေသေးလား ဆိုတာ အရင်ဆန်းစစ်ဝန်ခံဖို့ လိုပါတယ်။ (အချို့ဝန်ထမ်းတွေများ၊ ကိုယ့်အသိမိတ်ဆွေတွေဆီ၊ သာကြောင်းမာကြောင်း ပြောချင်တာတောင် ကုမ္ပဏီရောက်မှ ကုမ္ပဏီဖုန်းနဲ့ ပြောတတ်ကြတာကို တွေ့ဖူးလို့ပါ) နောက်တစ်ပိုင်းကတော့ ''အလုပ်ကို ငြီးငွေ့ပြီး Burn-Out ဖြစ်သွား'' တဲ့အပိုင်းပေါ့။ ''ဒါမျိုးဖြစ်မသွားအာင် ဘယ်လို စီမံဆောင်ရွက်သင့်ပါသလဲ'' လို့ မေးထားတော့ Burn-Out ဆိုတာက၊ အလုပ်ပင်ပန်းလို့ ကိုယ်အားစိတ်အား ချုံးချုံးကျပြီး ပင်ပန်းနွမ်းလျမှု (Fatique) ဖြစ်ကာ၊ အလုပ်ဆက်မလုပ်နိုင်တော့တဲ့ သဘောပါပဲ။ Burn-out မဖြစ်အောင် ယေဘုယျအားဖြင့်တော့ အောက်ပါအချက်တို့ကို လုပ်ဆောင်လိုက်နာဖို့ ကောင်းပါတယ်။ (ဖတ်လို့ရှင်းအောင် အချက်နဲ့ရေးပြတာပါ) ၁။ အလုပ်လုပ်တဲ့အခါ Time Management ကို အရင် ကျွမ်းအောင် လေ့လာပါ။ လိုက်နာပါ။ (အခါအခွင့်သင့်တဲ့အခါ TM ကို အကျယ်ရှင်းပြပါ့မယ်) ၂။ မိမိကို အလုပ်စေခိုင်းသူလိုချင်တဲ့ Dead Line ကို အသေအချာသိအောင် လုပ်ပြီးမှ အလုပ်လုပ်ပါ။ ၃။ မိမိ 'ငြီးငွေ့ပြီ' ဟု ထင်သောအလုပ်ကို ဆက်မလုပ်စေဖို့၊ တာဝန်ပေးသူကို ယဉ်ကျေးမှန်ကန်စွာ ပြန်တင်ပြပါ။ (ဆင်ခြေတက်ရန် မဟုတ်ပါ) ၄။ Assignment တစ်ခုပြီးတိုင်း တာဝန်ပေးသူနဲ့ သဘောတူညီမှုယူကာ၊ လုံလောက်တဲ့ Recreation Time ကို ရယူပါ။ ၅။ ဝန်ထမ်းတွေ၊ ဟာသလေ့ကျင့်ခန်း (Workout) ကို နေ့တိုင်းအနည်းဆုံး Free-hand Style ဖြစ်ဖြစ် လုပ်သင့်ပါတယ်။ (ယင်းအချက်မှာ ကုမ္ပဏီဝန်ထမ်းအများစု အားအနည်းဆုံးဖြစ်ပါသည်။) ၆။ Burn-out ဖြစ်တော့မယ်လို့ သိရင် ကိုယ်ရဲ့ဝါသနာ (Hobby) တစ်ခုခုကို 'ထ' လုပ်ပစ်လိုက်ပါ။ (ဥပမာ-Karaoke သီချင်းဆို၊ စာဖတ်၊ ခရီးထွက်၊ Video ကြည့် စသဖြင့်) ၇။ နောက်ဆုံးအတွက်လည်းဖြစ်၊ အရေးလည်းကြီးပါ တယ်။ အဲဒါက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ လုံး၀ မရောပါစေနဲ့။ ကုမ္ပဏီအလုပ်ကို ရတဲ့အချိန်နဲ့ လိမ္မာ ပါးနပ်စွာ၊ အချိန်ကို စီမံခန့်ခွဲပြီး လုပ်သွားနိုင်ရင် ဘာမှ Burn-out မဖြစ်ပါဘူး။ လုပ်ကြည့်ပါ။ (စာကြွင်း) - စာရေးသူအနေနဲ့ ကုမ္ပဏီအလုပ်ကိုချည်း ထဲထဲဝင်ဝင်လုပ်ခဲ့တာ ၂၁ နှစ်ရှိခဲ့ပြီး အခုထိလည်း ကုမ္ပဏီ ဝန်ထမ်းဖြစ်နေဆဲမို့ အဖြေတွေက အမှန်နဲ့ နီးစပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာအုပ်ထူထူကြီးတွေကိုတော့ မကိုင်ဖြစ်ပါ။
ရဲမြင့် (စွန့်ဦးတီထွင်)