ဘရာဇီးမှာကျင်းပမယ့် အိုလံပစ်ပွဲထက် ကမ္ဘာ့ဖလားပွဲအတွက် ဟိုတယ်အခန်းခတွေက ပိုဈေးကြီး

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မြို့က ဟိုတယ်အခန်းခတွေဟာ ၂၀၁၆ ခုနှစ်မှာ ကျင်းပမယ့် အိုလံပစ်ပွဲကာလထက် လာမယ့်နှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကာလမှာ ၅၀ ရာခိုင်နှုန်းနီးပါး ပိုမိုများပြားလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အကြောင်းရင်း တစ်ခုကတော့ FIFA ရဲ့ တရားဝင်  နေရာချထားရေး အေဂျင်စီက အိုလံပစ်ပွဲ ကျင်းပခွင့်အတွက် အမြင့်ဆုံးအခန်းခတွေကို မသတ်မှတ်ပေးသေးတာကြောင့်လည်း ဖြစ်ပါတယ်။ FIFA ဟာ ဆွစ်ကုမ္ပဏီ MATCH Services ကို ကမ္ဘာ့ဖလားအတွက် တရားဝင် နေရာချထားရေး အေဂျင်စီအဖြစ် ပူးတွဲဆောင်ရွက်နေတာပါ။ ဟိုတယ်ခန်းတွေကို MATCH က စီစဉ်ဆောင်ရွက်ပေးတဲ့ FIFA ဝက်ဘ်ဆိုက်ကတစ်ဆင့် အများပြည်သူကို ရောင်းချတာဖြစ်ပါတယ်။ Rio de Janeiro နဲ့ အားကစားပွဲ ကျင်းပမယ့် တခြားမြို့တွေက ဟိုတယ်အများစုနဲ့ စာချုပ်ချုပ်ထားတဲ့ MATCH က သတ်မှတ်တဲ့ အခန်းခတွေ မြင့်တက်နေတာဟာ လက်ဝါးကြီးအုပ်လို့ ဈေးနှုန်းမြင့်တက် သွားရတဲ့ အခြေအနေမျိုး ဟုတ်၊ မဟုတ်ကို ဘရာဇီး အစိုးရက စုံစမ်းစစ်ဆေးနေပါတယ်။ ဒီအားကစားပွဲ နှစ်ပွဲမှာ ဟိုတယ်ခ ကွာခြားရတာဟာ အကဲခတ်များရဲ့ အဆိုအရ ဝယ်လိုအားနဲ့ ရောင်းလိုအား ဆိုင်ရာ ရိုးရှင်းတဲ့ စီးပွားရေး သဘောတရားကြောင့်ပဲ ဖြစ်ပါတယ်။ အိုလံပစ်ပွဲမှာထက် ကမ္ဘာ့ဖလားပွဲမှာ ပရိသတ် ပိုဝင်နိုင်တာရယ်၊ ၂၀၁၆ ခုနှစ် အရောက်မှာ အခုလက်ရှိ ဆောက်လက်စ အပြင်အဆင်တွေ ပြီးစီးပြီး ဟိုတယ်ခန်းတွေ ပိုများလာမှာရယ် တို့ကြောင့် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဟိုတယ်ခန်း တစ်သောင်းနီးပါး ပိုများလာမယ်လို့လည်း ဘရာဇီးဟိုတယ် လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။ အခုဆိုရင် ကမ္ဘာ့ဖလားပွဲ ကျင်းပဖို့ ခြောက်လနီးပါးပဲ လိုတော့ချိန်၊ ဟိုတယ် အတော်များများလဲ ငှားပြီးသား ဖြစ်နေချိန်မှာ အစိုးရရဲ့ ခရီးသွားလာရေးဌာနက ဘာအရေးယူမှုမှ မဆောင်ရွက်သေးပါဘူး။ ကမ္ဘာ့ဖလားပွဲ လက်မှတ်တွေ ရောင်းဖို့ FIFA ရဲ့ အေဂျင်စီဖြစ်တဲ့ MATCH ကတော့ အမှားအယွင်း တစ်စုံတစ်ရာ မရှိကြောင်း ငြင်းဆိုပြီး၊ အားကစားပွဲနှစ်ပွဲရဲ့ ခန့်မှန်းဟိုတယ်ခ ကွာခြားရတာကို မရှင်းပြတတ်ဘူးလို့ ဆိုပါတယ်။ FIFA နဲ့ MATCH တို့ဟာ Confederations Cup ဘောလုံးပွဲ ကျင်းပတဲ့ကွင်းတစ်ကွင်းမှာ လက်မှတ်ရောင်းချမှု မမျှတဘူးလို့ စွပ်စွဲခံရပြီး ဒီလမှာ ဒေါ်လာ နှစ်သိန်းကျော်စီ ဒဏ်ရိုက်ခံလိုက်ရပါတယ်။ ပရိသတ်တွေ ဝယ်ထားတဲ့ ခုံနေရာတွေ မစီစဉ်ပေးတဲ့အတွက် ဒေါ်လာ နှစ်သန်းနီးပါး ဒဏ်ရိုက်သင့်တယ်လို့ စွဲဆိုသူတွေဘက်က တောင်းဆိုနေဆဲ ဖြစ်ပါတယ်။

Ref: AP