အိန္ဒိယလေကြောင်းလိုင်း SpiceJet ဟာ Boeing ကုမ္ပဏီက လေယာဉ် ၂၀၅ စီး မှာယူလိုက်ပါတယ်။ အခုလို မှာယူတာက အိန္ဒိယထိပ်တန်းလေကြောင်းလိုင်း IndiGo ရဲ့ ဈေးကွက်ရှယ်ယာတွေကို ပြန်လည်ရယူဖို့ ကြိုးစားနေတဲ့ SpiceJet ရဲ့ အကြီးမားဆုံးစီမံကိန်းတစ်ခု ဖြစ်ပါတယ်။ SpiceJet အနေနဲ့ နောက်ထပ်လေယာဉ်အစီး ၅၀ ထပ်ဝယ်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။
အခုမှာယူမှုဟာ အိန္ဒိယလေကြောင်းလိုင်းတွေအနေနဲ့ Boeing ကုမ္ပဏီက လေယာဉ်မှာယူမှုတွေထဲမှာ အများဆုံးဖြစ်ခဲ့ပြီး IndiGo လေကြောင်းလိုင်းနဲ့ ဈေးကွက်ယှဉ်ပြိုင်ဖို့ အချက်ပြလိုက်တဲ့ သဘောဖြစ်ပါတယ်။ မှာယူတဲ့လေယာဉ်တွေကို လာမယ့်နှစ်ကစပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ လွှဲပြောင်းရယူမှာ ဖြစ်တယ်လို့ SpiceJet လေကြောင်းလိုင်းဥက္ကဋ္ဌ Ajay Singh က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ တန်ဖိုးနည်းလေကြောင်းလိုင်း ပထမဦးဆုံးအကြိမ် စတင်ပြေးဆွဲပြီးနောက်မှာ လေကြောင်းသွားလာမှုနှုန်းဟာ တရုတ်နိုင်ငံနဲ့အပြိုင် နှစ်ဆနီးပါး မြင့်တက်လာခဲ့ပါတယ်။ Boeing ကုမ္ပဏီရဲ့ လေ့လာသုံးသပ်ချက်အရ အိန္ဒိယမှာ လာမယ့်နှစ် ၂၀ အတွင်း လေယာဉ်သစ် ၁,၈၅၀ လိုအပ်မှာဖြစ်ပြီး တန်ကြေးက ဒေါ်လာ ၂၆၅ ဘီလီယံအထိ ရှိနေပါတယ်။