ဒေါက်တာ တင်မမစိုး - HR Consultant cum MD, Billion Force Services Co Ltd
မကြာခဏဆိုတဲ့အပိုင်းမှာ တစ်နှစ်၊ ဒါမှမဟုတ် တစ်နှစ်ခွဲလောက်ကို ဆိုလိုတယ်ထင်ပါတယ်။ ကျွန်မအနေနဲ့ ပြောရရင် Project Based သွားတာ မဟုတ်ရင် အနည်းဆုံး နှစ်နှစ်လောက်မရှိဘဲ အလုပ်တွေ တစ်ခုပြီး တစ်ခုပြောင်းနေတယ်ဆို မကောင်းဘူးလို့ပဲ ဖြေရမှာပါ။ နောက်အလုပ်တစ်ခုကို ရောက်တဲ့အခါ သူတို့ရဲ့ Profile လည်း မကောင်းစေဘူးလေ။ ခဏလေးနဲ့ အလုပ်ပြောင်းတတ်သူပဲ ကိုယ့်အဖွဲ့အစည်းမှာ ကြာကြာနေပါ့မလား၊ လူအများနဲ့ အဆင်ပြေအောင်နေတတ်မယ့်သူ မဟုတ်ဘူးထင်တယ်။ အင်တာဗျူးမှာ ပြောခဲ့သလောက် လက်တွေ့မှာ မလုပ်ပြနိုင်ဘူးထင်တယ် စသဖြင့် အမြင်ခံရဖို့ များတယ်။
အလုပ်ပြောင်းတယ်ဆိုတဲ့နေရာမှာ တော်ရုံအခက်အခဲရှိရုံ၊ အဆင်မပြေရုံနဲ့ မပြောင်းစေချင်ဘူး၊ အလုပ်ရှင်၊ ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖက်က ခပ်ဆိုးဆိုးရှိနေတယ်ဆိုရင်တောင် အဲဒီဆိုင်တဲ့ Mr.A ဆိုတဲ့ သူနဲ့ဝေးအောင် အလုပ်ထွက်မယ်ဆို စဉ်းစားရမှာက အခြားနေရာမှာကော ဒီလို Mr.A မရှိနိုင်တော့ဘူလား၊ ရှိနေနိုင်တာပဲလေ။ ကိုယ့်ရဲ့ Dignity နဲ့ ကျန်းမာရေးကို ကြီးကြီးမားမား အမြဲထိခိုက်ခံနေရတာမဟုတ်ရင် Learning Organization ဖြစ်ပြီး Learning လုပ်ခွင့်တွေလည်း ရနေတယ်ဆို အလွယ်တကူ မပြောင်းရွှေ့သင့်ဘူး။
ဒါနဲ့ တစ်ဆက်တည်း Creation လုပ်စရာလည်းကုန်၊ Challenging လည်းမရှိ၊ ကိုယ့်စေတနာနဲ့ အားထုတ်မှုတွေကို Recognition (အသိအမှတ်ပြုမှု) လည်းမရှိတဲ့ Organization တစ်ခုတည်းမှာလည်း ဆယ်နှစ်၊ ၁၅ နှစ် လုပ်နေတာကိုလည်း အားမပေးပါဘူး။ အဲဒီလိုဝန်ထမ်းမျိုးတွေဟာ ကြာလေကြာလေ အခြားအဖွဲ့အစည်းကိုသွားဖို့ သတ္တိတွေနည်းလာလေလေ ဖြစ်တတ်တယ်။ သူတို့ရဲ့မသိစိတ်မှာ Change ကို အလွယ်တကူ လက်မခံနိုင်တဲ့ ဆန့်ကျင်တင်းခံမှုဆိုတဲ့ Resistance တွေဟာ ခိုအောင်းခံနေရတာ မသိကြဘူး။ တကယ်တမ်း နောက်အလုပ်တစ်ခုကိုပြောင်းတဲ့အခါမှ ကိုယ်က နယ်ပယ်လေးတစ်ခု၊ အသိုင်းအဝိုင်းလေး တစ်ခုကိုပဲ ကွက်ကွက်လေး သိနေတဲ့သူပါလား သိလိုက်ရချိန်မှာ နည်းနည်းနောက်ကျကျန်နေခဲ့ပြီလေ။ ခုနကပြောသလို Creation လုပ်စရာနဲ့ လုပ်ခွင့်တွေရှိမယ်၊ ကိုယ့်ကိုယ်ကိုယ် သံကြေးမတက်စေတဲ့ Challenging အထိုက်အလျောက်လေး ရှိမယ်၊ ကိုယ့်စေတနာနဲ့ အားထုတ်မှုတွေအတွက် Recognition လည်း ရှိမယ်ဆိုရင် ရေရှည်လုပ်ပါ။ တခြားအဖွဲ့အစည်းတွေရဲ့ Nature တွေ၊ Culture တွေအတွက်လည်း မျက်စိဖွင့်နားစွင့်ရင်း Lifelong Learning လည်း ပီပီပြင်ပြင်လုပ်ဖို့ အကြံပြုချင်ပါတယ်။
ဦးမျိုးသန်း ၊ Head of HR and Learning and Development
ကောင်းလား၊ မကောင်းဘူးလားဆိုတာ ပြောဖို့ခက်ပါတယ်။ မကြာခဏ ပြောင်းတယ်ဆိုတဲ့ သူက အလုပ်ပဲပြောင်းပြောင်း၊ အိမ်ပဲပြောင်းပြောင်း Settle Down ဖြစ်တယ်ဆိုတာမျိုး မရှိတော့ပါဘူး။ မကြာခဏ အိမ်ပြောင်းနေတဲ့ သူတစ်ယောက်က အိမ်အသစ်နဲ့ အသားကျသွားအောင် အမြဲတမ်းလုပ်ယူနေရသလိုပဲ အလုပ်မကြာခဏပြောင်းတဲ့ သူတစ်ယောက်က အလုပ်အသစ်နဲ့ အသားကျဖို့အသစ်က ပြန်ပြန်စနေရပါတယ်။
လုပ်ငန်းကျွမ်းကျင်မှုနဲ့ ပတ်သက်ရင်လည်း Jack kof All Trade, Master of None ဆိုတဲ့ ဆိုရိုးလိုပါပဲ အလုပ်မကြာခဏ ပြောင်းတတ်တဲ့ လူတစ်ယောက်မှာ အနည်းအကျဉ်းပဲသိတဲ့ အကြောင်းအရာ တော်တော်များများပဲ ရှိထားတော့ တကယ်တမ်းတစ်ခုခုကို အသေအချာလုပ်ရမယ်ဆိုရင် အဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့် အလုပ်ခဏ ခဏပြောင်းတဲ့အခါမှာ ကောင်းဖို့ထက်ဆိုးဖို့က ပိုများပါတယ်။
အလုပ်တစ်ခုကနေ နောက်တစ်ခုပြောင်းတဲ့ ဝန်ထမ်းတစ်ယောက်အနေနဲ့ ပထမအလုပ်ဖြစ်တဲ့ ကုမ္ပဏီ A မှာ သူ့ကို သိတဲ့လူက ရှိခဲ့တယ်။ သူ့အတွေ့အကြုံကို သိတဲ့သူလည်း ရှိခဲ့တယ်။ ကုမ္ပဏီ B ကို ပြောင်းတဲ့အခါ သူ့ကို လူတွေက မသိကြဘူး။ တစ်က ပြန်စရပါတယ်။ စတဲ့အခါမှာ ကိုယ့်အရည်အချင်းနဲ့ မြန်မြန်ဆန်ဆန် Perform လုပ်နိုင်တယ်ဆိုရင် ကုမ္ပဏီက သူ့ကို မြန်မြန်သတိထားမိပါမယ်။ Perform လုပ်ပြဖို့ကို အချိန်ယူတတ်တဲ့ ဝန်ထမ်းမျိုးဆိုရင်တော့ သူ့ကိုချက်ချင်းသတိထားမိဖို့ မလွယ်ပါဘူး။ ဒီတော့ အလုပ်ပြောင်းတယ်ဆိုတာ အိမ်ပြောင်းသလိုပါပဲ။ ပစ္စည်းနည်းရင်တော့ ပြောင်းရတာကောင်းတယ်။ သူ့မှာရှိတဲ့ ပစ္စည်းတွေ ဘယ်မှာထားလဲဆိုတာ အလွယ်တကူ သိတယ်။ ပစ္စည်းတွေကများပြီး အိမ်ခဏခဏ ပြောင်းရင်တော့ ပစ္စည်းပျောက်ဖို့ များပါတယ်။ အဲဒီလိုပဲ အလုပ်မှာလဲ Lost ဖြစ်ဖို့ များပါတယ်။
အလုပ်တစ်ခုမှာ ဘယ်လောက်ကြာကြာနေရမလဲဆိုတဲ့ Formula တော့ မရှိပါဘူး။ အခုနောက်ပိုင်း Trend အရတော့ ပြောင်းနေကြတာပါပဲ။ တစ်နှစ်နေရင် ပြောင်းတာမျိုး၊ နှစ်နှစ်နေရင် ပြောင်းတာမျိုးတွေ အခုများပါတယ်။ Old Trend အရပြောရင်တော့ အလုပ်တစ်ခုမှာ ငါးနှစ်လောက်နေပြီးမှ ပြောင်းတာမျိုး၊ သုံးနှစ်လောက်မှ ပြောင်းတာမျိုးရှိပါတယ်။ သဘောက ဒီအလုပ်ကို သူက ရေဆုံးမြေဆုံး လုပ်ပြီးသွားပြီ။ ကိုယ့်အတွက် တက်လမ်းမရှိတော့ဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိတော့ဘူး။ ပြောင်းဖို့သင့်တဲ့ အချိန်လားဆိုတာ ကိုယ့်ကိုကိုယ်သိတယ်။ ဒါဆိုပြောင်းပါ၊ ပြောင်းလို့ရပါတယ်။ အခု CV တွေထဲမှာ အတွေ့များနေတာက တစ်နှစ်နေရင် တစ်ခါပြောင်းတယ်။ နောက်တစ်နှစ်နေရင် နောက်တစ်နေရာ ထပ်ပြောင်းတယ်ဆိုတာမျိုးတွေ့နေရပါတယ်။ ကျွန်တော်မြင်တာကတော့ အဲဒီလိုမကြာခဏ အလုပ်ပြောင်းတဲ့အခါ ကိုယ့်ကိုလူတွေက မသိတော့ဘူး။ (သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်ထဲက) လူတွေကိုလည်း ကိုယ်ကမသိတော့ဘူး။ ဒါမျိုး ခဏခဏပြောင်းတာ အလုပ်အတွက်လည်း အကျိုးမရှိသလို ကိုယ့်အတွက်လည်း အကျိုးမရှိဘူးလို့ မြင်ပါတယ်။ ဒါကြောင့် အလုပ်တစ်ခုလုပ်ပြီဆိုရင် အဲဒီအလုပ်မှာ နေကြည့်ပါ။ လုပ်ကြည့်ပါ။ တက်လမ်းလည်း မရှိတော့ဘူး။ အစွမ်းကုန်လည်း ကြိုးစားပြီးသွားပြီ။ လမ်းပိတ်နေတယ်ဆိုရင်တော့ ပြောင်းပါလို့ ပြောချင်ပါတယ်။