Alibaba

တရုတ်နိုင်ငံပိုင်စာတိုက်လုပ်ငန်း၏ သိုလှောင်ရုံနှင့် မလှမ်းမကမ်းတွင် ကမ္ဘာ့အကြီးမားဆုံး E-commerce ကုမ္ပဏီကြီး Alibaba ၏ ရုံးချုပ်ရှိလေသည်။ ယင်း၏ကျယ်ပြန့်သောဝင်း (Campus) ထဲတွင် ယင်းက ရင်းနှီး ငွေထည့်ဝင်ထားသော လက်လီအရောင်းကုမ္ပဏီဟီမာဆီယံရှန်း (Hema Xiansheng) ၏ အရောင်းဆိုင်တစ်ခုရှိလေသည်။ ယင်းဆိုင်မှာ သမားရိုးကျစူပါမားကက်တစ်ခုနှင့်တူသော်လည်း ထူးထူးခြားခြားအနေဖြင့် အမေရိကန်နိုင်ငံ Maine မှထွက်သည့် ကျောက်ပုစွန်တုပ်ကြီးများကို တင် ထားလေသည်။ အနီးကပ်ကြည့်လိုက်ပါက ဈေးဝယ်သူအများအပြားသည် ငွေသား၊ ကတ်၊ သို့မဟုတ် မိုဘိုင်း ငွေပေးချေမှုများတစ်ခုမျမလုပ်ဘဲ ထွက်သွားပုံရသည်။ ကုန်ပစ္စည်းအိတ်များသည် ဦးခေါင်းပေါ်ရှိ မျက်နှာကြက်၌ Conveyor System (ပတ်၍လည်နေသော သားရေပြားဖြင့် သယ်ယူသည့်စနစ်) ဖြင့် ဖြတ်၍သွားနေသည်။

ဟီမာကအွန်လိုင်း (အင်တာနက်ဖြင့်) နှင့် အော့ဖ်လိုင်း (လူကိုယ်တိုင်) ဝယ်ယူခြင်းနှစ်ခုစလုံးတွင် လိုအပ်သောနည်းပညာများတွင် ရင်းနှီးမြှုပ်နှံထားပြီးဖြစ်လေသည်။ ဆိုင်အတွင်းဝယ်ယူသူများသည် ငွေချေခြင်းကို မိမိတို့၏မျက်နှာများကိုပြ၍ Facial Recognition နည်းဖြင့် ပေးချေကြသည်။ မျက်နှာကြက်မှ Conveyor Belt များဖြင့်သွားနေသည့် စားသောက်ကုန်အထုပ်များကို ပစ္စည်းပို့ဆောင်သူများ (Couriers) က စောင့်ဆိုင်းယူကြပြီး ဆိုင်မှ အချင်းဝက်သုံးကီလိုမီတာအတွင်းတွင်ရှိသည့် အွန်လိုင်းမှာယူသူများအား မိနစ် ၃၀ အတွင်း အခမဲ့ပို့ဆောင်ပေးကြသည်။

Alibaba ၏ Logistics Platform ဖြစ်သည့် ကိုင်နီယောင် (Cainiao) က တရုတ်နိုင်ငံအတွင်းတွင် နောက်တစ်နေ့ဖြန့်ဝေခြင်း၊ ကမ္ဘာ့အနှံ့သို့ သုံးရက်အတွင်းဖြန့်ဝေခြင်းဖြင့် Logistics လုပ်ငန်းကို အဆင့်မြှင့်တင်နိုင်ရန် ယွမ်တစ်ရာဘီလီယံ (ဒေါ်လာ ၁၄.၅ ဘီလီယံ) ကို ရင်းနှီးမြှုပ်နှံနေပြီဖြစ်သည်။ ကိုင်နီယောင်၏ ဘန်ဝမ်း (Ben Wang) က ”ကျွန်တော်တို့ သိုလှောင်ရုံစနစ်ကို ကမ္ဘာမှာ အများဆုံးအသုံးပြုကြတယ်” ဟု ဆိုသည်။ ယမန်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့သည် လွတ်လွတ်လပ်လပ် ဈေးဝယ်ကြသည့် လူလွတ်များနေ့ (Singles Day) ဖြစ်ပြီး ထိုနေ့တွင်ကုမ္ပဏီက ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိသည့် ကုန်ပစ္စည်းများကို ရောင်းချခဲ့ရသည်။ ကိုင်နီယောင်သည် ပါဆယ်တစ်ဘီလီယံအနက် ပထမဆုံးပါ ဆယ်သန်းတစ်ရာကို ယမန်နှစ်က ၂.၈ ရက်ဖြင့် ဖြန့်ချိ ခဲ့ရပြီး ယခုနှစ်တွင် ၂.၆ ရက်သာအချိန်ယူခဲ့သည်။

Amazon သည် ပို့ဆောင်မှုလမ်းဆုံးပိုင်းအတွက် Drones များနှင့် အလိုအလျောက်ထိန်းချုပ်သည့် စက်ရုပ်များကို အလေးအနက်ထားခဲ့သည်။ လမ်းဆုံးပိုင်းများတွင် လျင်မြန်စွာပို့ဆောင်နိုင်ရေးအတွက် ပိတ်ဆို့မှုမရှိစေဖို့ အရေးကြီးသည့်အပိုင်းများဟု ရှုမြင်သည်။ လာမည့်လများတွင် ပို့ဆောင်ဖြန့်ဝေရေး၌ အသုံးပြုမည့် လေယာဉ်တစ်ပိုင်း Prime Air Drones များကို ဇွန်လတွင် စတင်မိတ်ဆက်ခဲ့သည်။ နောင်ငါးနှစ်နှင့်ပတ်သက်၍ Amazon Mr. Madan ကို မေးကြည့်ပါ။ ထုတ်ကုန်ပစ္စည်းရွေးချယ်မှု ဖွံ့ဖြိုးလာပြီး ဖြန့်ဝေမှုပိုမိုလျင်မြန်လာလိမ့်မည်ဟု သူက ကြိုတင်ဟောကိန်းထုတ်သည်။ ”ဘယ်လောက်မြန်မှာလဲ” ဟုမေးပါက ”မိနစ် ၃၀” ဟု ယုံကြည်မှုအပြည့်ဖြင့် ဖြေလေသည်။ တစ်ခဏတာစဉ်းစားပြီးနောက် ”၁၅ မိနစ်” လည်းဖြစ်နိုင်တယ်ဟု ခပ်ပြုံးပြုံးဖြေလေသည်။ ဤလုပ်ငန်းတွင် အင်အားအပြည့်ထည့်ထားသည့် Amazon နှင့် Alibaba တို့အား တခြားသောလုပ်ငန်းရှင်များကမည်ကဲ့သို့ ယှဉ်ပြိုင်နိုင်မည်နည်း။ မိမိတို့၏ Supply Chain များကို ပိုကောင်းအောင် လုပ်ရန်သာရှိတော့သည်။