ဒေါက်တာတင်မမစိုး - Managing Director, Billion Force Co Ltd
ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး စည်းကမ်းစရေးကတည်းက ဝန်ထမ်းတွေနဲ့ လိုက်ဖက်တဲ့ စည်းကမ်းတွေဖြစ်ဖို့ လိုတယ်။ ပြီးတော့ Reasonable ကျတဲ့ စည်းကမ်းတွေဖြစ်ဖို့လည်း လိုပါတယ်။ ဥပမာပြောရရင် ဒီခေတ်ကြီးထဲမှာ ဝန်ထမ်းတိုင်းကို အလုပ်ချိန်အတွင်း ဖုန်းမပြောရဘူးဆိုတဲ့ စည်းကမ်းမျိုးက သိပ်အဆင်မပြေပါဘူး။ ဟိုတယ်လုပ်ငန်းတွေလိုမျိုးမှာ ချမှတ်သင့်တဲ့ စည်းကမ်းဖြစ်ပေမယ့် ရိုးရိုး Trading လို လုပ်ငန်းမျိုး၊ Paper work နဲ့ အေးအေးဆေးဆေးလုပ်ရတဲ့ လုပ်ငန်းမျိုးဆိုရင်တော့ ဖုန်းမပြောရဘူးဆိုတဲ့ သဘာဝမကျတဲ့ စည်းကမ်းမျိုးကို မထုတ်သင့်ပါဘူး။ ဆိုလိုချင်တာက စည်းကမ်းစထုတ်ကတည်းက သူတို့နဲ့လိုက်လျောညီထွေဖြစ်မယ့် စည်ကမ်းမျိုးဖြစ်ဖို့လိုတယ်။ စည်းကမ်းရေးဆွဲမယ်ဆိုရင် သူတို့ရဲ့ ဌာနဆိုင်ရာခေါင်းဆောင်တွေကပါ အတူတူပါဝင်ရေးဆွဲဖို့လိုတယ်။ Top Management ကလည်း ဒီလိုစည်းကမ်းတွေ ရေးဆွဲတဲ့နေရာမှာ ပါဝင်ဆောင်ရွက်ပေးဖို့လိုတယ်။ ရေးဆွဲပြီးတဲ့ စည်းကမ်းတွေကို ချမှတ်မယ်ဆိုရင်လည်း ချက်ချင်းကြီး ရုတ်တရက်ချမှတ်ထုတ်ပြန်လိုက်တာမျိုးမဟုတ်ရဘဲ စည်းကမ်းထုတ်ပြန်လိုက်တဲ့နေ့နဲ့ တကယ်လိုက်နာရမယ့် နေ့ကြားထဲမှာ ဒီစည်းကမ်းနဲ့ပတ်သက်ပြီး ပညာပေးဖို့အတွက် အချိန်ကာလတစ်ခု သတ်မှတ်ပေးသင့်တယ်။ Educated များတဲ့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပဲရှိတဲ့ လုပ်ငန်းခွင်၊ အဖွဲ့အစည်းတွေမှာဆိုရင်တော့ ပညာပေးကာလကို တစ်လလောက်ပဲထားမလား၊ ကိုယ့်ဝန်ထမ်းတွေက လူကလည်းများတယ်၊ နည်းနည်းလည်း ဆိုးကြတယ်ဆိုရင်တော့ ပညာပေးကာလကို နှစ်လလောက်အထိ ထားပေးမလားဆိုတာတွေ သတ်မှတ်သင့်တယ်။
အချိန်ကာလတစ်ခုပေးပြီး သူတို့ကို ပညာပေးဖို့ လိုပါတယ်။ ပြုပြင်တည့်မတ်ပေးဖို့ လိုတယ်။ အဲဒီ သတ်မှတ်ထားတဲ့ ပညာပေးကာလတစ်ခုမှာ အမှားလုပ်မိတယ်ဆိုရင် ဒီအမှားက သတ်မှတ်ကာလရောက်ပြီဆိုရင် ထိုက်တန်တဲ့အရေးယူမှုကတော့ ဘယ်လောက်ရှိတယ်ဆိုတာက ခေါ်ယူပြောပြရမယ်။ ပညာပေးကာလမှာတော့ လျော့ပေါ့ပြီး အရေးယူမယ်။ သတ်မှတ်ကာလရောက်ရင်တော့ ချမှတ်ထားသလိုပဲ တိတိကျကျအရေးယူမယ်ဆိုတာကို သေချာအသိပေးရမယ်။ ပညာပေးတဲ့ကာလ ပြီးသွားပြီးတော့ တကယ်သတ်မှတ်ထားတဲ့ ကာလ၊ တကယ်လိုက်နာရမယ့် ကာလရောက်သွားပြီဆိုရင်လည်း စောင့်ကြည့်အရေးယူပေးဖို့ လိုပါတယ်။ အဲဒါကို Apply လုပ်တဲ့အခါမှာလည်း Consistent ဖြစ်ဖို့လိုတယ်။ စည်းကမ်းထုတ်ပြန်ချက်ထဲမှာ သတ်မှတ်ထားတဲ့ အရေးယူမှုတွေအတိုင်း အပြင်မှာတကယ်ကျင့်သုံးဖို့ လိုတယ်။ ခံစားခွင့်တွေဖြစ်တဲ့ Increment တို့၊ Promotion တို့၊ Bonus ပေးတာတို့နဲ့လည်း ချိတ်ဆက်ထားသင့်တယ်။ အရေးယူတဲ့အခါမှာလည်း စည်းကမ်းထဲမှာ သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ဘဲ အပြင်မှာပြင်းလွန်းတာ၊ ပျော့လွန်းတာမျိုး မလုပ်သင့်ဘူး။ စည်းကမ်းချက်နဲ့အညီ နေထိုင်ဆောင်ရွက်မှု ရှိ မရှိ စောင့်ကြည့်တယ်၊ သတ်မှတ်ထားတဲ့အတိုင်းလည်း အရေးယူဆောင်ရွက်နေတယ်ဆိုပေမယ့် ဒီစည်းကမ်းချက်တွေ နှစ်တွေအကြာကြီး မပြောင်းလဲဘဲထားလို့ မရဘူး။ ခေတ်နဲ့အညီ Review တွေ ပြန်လုပ်ပေးသင့်တယ်။ အနည်းဆုံးတစ်နှစ်ကို တစ်ခေါက်လောက်တော့ Review ပြန်လုပ်စေချင်ပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းချက်တွေက လက်ရှိနိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေနဲ့ ကိုက်ညီသေးရဲ့လားဆိုတာ ပြန်ကြည့်ပြီးတော့ မကိုက်တဲ့အချက်တွေရှိရင် ပြန်ပြုပြင်သင့်တယ်။ အရင်ကဆို ဝန်ထမ်းစည်းကမ်းသတ်မှတ်ချက်တွေမှာ ပါတီနိုင်ငံရေးတွေလုပ်လို့မရဘူးလို့ သတ်မှတ်ချင် သတ်မှတ်လို့ရမယ်။ အခုလိုပါတီထောင်ပြီး လုပ်လို့ရနေတဲ့ ခေတ်ကြီးထဲမှာတော့ ပါတီနိုင်ငံရေးတွေ မလုပ်ရဘူးဆိုပြီး စည်းကမ်းသတ်မှတ်လို့ မရတော့ဘူး။
အလုပ်ချိန်ပြင်ပ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ နိုင်ငံရေးလုပ်ချင်တယ်ဆိုရင် လုပ်လို့ရတယ်။ အရင်တုန်းကလို ပါတီနိုင်ငံရေးလုပ်လို့ သတ်မှတ်တာထက် ရုံးချိန်အတွင်း ပါတီနိုင်ငံရေးလုပ်လို့ ပြောင်းလဲသတ်မှတ်တာမျိုး လုပ်သင့်တယ်။ ပြောရရင် ချမှတ်ထားတဲ့ စည်းကမ်းတွေဟာ ခေတ်စနစ်လုပ်ငန်းသဘာဝနဲ့ ကိုက်ညီမယ်၊ သူတို့ကို ပေးမယ့် ခံစားခွင့်တွေနဲ့ ချိတ်ဆက်ထားမယ်။ အမှန်တကယ်စောင့်ကြည့်ပြီး မျှတတဲ့ အရေးယူမှုတွေရှိမယ်ဆိုရင် ချမှတ်ထားတဲ့ စည်းကမ်းတွေကို ဝန်ထမ်းတွေ လိုက်နာလာကြမယ် ယူဆပါတယ်။
ဦးမျိုးသန်း၊ Head of HR and Learning and Development, PUMA Energy Myanmar
ကုမ္ပဏီတိုင်းမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေရှိပါတယ်။ ကိုယ်ကခေါင်းဆောင်ဖြစ်ပြီး ကိုယ်လုပ်စေချင်တာကို သူများကို လိုက်နာစေချင်တယ်ဆိုရင် ကိုယ်က အရင်စလုပ်ပါ။ ဥပမာတစ်ခုပေးရမယ်ဆိုရင် ကျွန်တော်တို့ ကုမ္ပဏီမှာ ၈း၃၀ ရုံးတက်ရတယ်။ ကျွန်တော့်လက်အောက်က ဝန်ထမ်းတွေကို ၈း၃၀ အရောက်လာစေချင်တယ်ဆိုရင် ကျွန်တော်က ၈း၃၀ ထက်စောပြီးလာတယ်။ ၈း၃၀ နာရီမှ ရောက်လည်းရပါတယ်။ ဒါပေမဲ့ ကိုယ်က ပုံမှန် ၉း၀၀ နာရီမှ ရောက်နိုင်တယ်၊ ကိုယ့်တပည့်တွေကိုတော့ ၈း၃၀ နာရီမှာ ရောက်စေချင်တယ်ဆိုရင်တော့ ကိုယ်က တစ်ခုခုလုပ်မှ ရတော့မယ်။ ကိုယ်က အိမ်မှာ တချို့ကိစ္စတွေကြောင့် ၉း၀၀ နာရီမှ ရောက်နိုင်မယ်၊ တပည့်ကတော့ စောစောလာပေးပါ။ ပြီးရင်စောပြန်ကြပေါ့ဆိုတာမျိုး ကိုယ်က စည်းကမ်းကိုသိတယ်၊ လိုက်နာကြရအောင်ဆိုပြီး နားလည်အောင် ရှင်းပြသင့်တယ်။ ကိုယ်ကလည်းလိုက်လုပ်ပြပြီး သူတို့ကို လိုက်နာကျင့်သုံးခိုင်းပါ။ ကိုယ်ဖြစ်စေချင်တဲ့ စည်းကမ်းကို ကိုယ်တိုင်လည်း လိုက်နာပါ။ ကျွန်တော်က လမ်းမှာ ကားပိတ်လို့ နည်းနည်းပါးပါး နောက်ကျမယ်ဆိုရင်တောင် ကျွန်တော့်တပည့်တွေကို အကျိုးအကြောင်း လှမ်းပြောတယ်။ ဘယ်နှမိနစ်လောက် နောက်ကျမယ်ဆိုတာမျိုး ထည့်ပြောတယ်။ ကျွန်တော်နောက်ကျမယ့် အကြောင်းကို သူတို့ကို အကြောင်းကြားလိုက်တာကြောင့် သူတို့နောက်ကျမယ်ဆိုရင်လည်း ကျွန်တော့်ဆီ သူတို့အကြောင်းကြားလိမ့်မယ်။ စည်းကမ်းကို အတင်းအကျပ် လိုက်နာစေတာထက် ကိုယ်တိုင်လုပ်ပြပါ။ နောက်ကနေလိုက်လာပါလိမ့်မယ်။ ကျွန်တော့်တို့ဆီမှာ Site တွေကိုသွားရင် Personal Protection Equipment (PPE) လို့ခေါ်တဲ့ ဝတ်စုံအပြည့်ဝတ်ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း Site ကိုသွားရင် ရောက်တာနဲ့ PPE ဝတ်စုံကို ချက်ချင်းလဲတယ်။ အဲဒီတော့ သူတို့ကိုယ်တိုင်ကလည်း PPE မဝတ်ဘဲနဲ့ မနေရဲတော့ဘူး။ ဒါကြောင့် သူများကိုလိုက်နာစေချင်ရင် ကိုယ်ကိုယ်တိုင်လည်း လိုက်နာပါလို့ ပြောချင်ပါတယ်။
ဒေါက်တာတင်မမစိုး - Managing Director, Billion Force Co Ltd