မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပတဲ့ ပထမအကြိမ်မြောက် မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်ကနေ ၁၈ ရက်အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမမှာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ၃ ရက်တိုင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ယနေ့မနက်ပိုင်းမှာ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးထွန်းထွန်းနိုင်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
မြန်မာစွန့်ဦးတီထွင်ပွဲတော်ကို စွန့်ဦးတီထွင်သူတွေအတွက် ဈေးကွက်ချိတ်ဆက်ပေးဖို့၊ ငွေကြေးအရင်းအနှီးများ ချိတ်ဆက်ပေးဖို့၊ ကွန်ရက်တစ်ခုဖန်တီးပေးမယ့် စီးပွားရေးဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးဖို့၊ နည်းပညာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုတို့ကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ စတင်ပေါ်ပေါက်လာဖို့ ရည်ရွယ်ကျင်းပတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံစွန့်ဦးတီထွင်ပွဲတော်မှာ ပြခန်းပေါင်း ၁၂၀ ကျော် ပါဝင်ပြသထားပြီး ကနဦးလုပ်ငန်းရှင်သစ်တွေရဲ့ ပြခန်းတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကနဦးလုပ်ငန်းအသစ် မိတ်ဆက်ပွဲတွေ၊ ကုမ္ပဏီတွေနဲ့ အသေးစား၊ အလတ်စားလုပ်ငန်းတွေရဲ့ ပြခန်းတွေ ပြသထားတဲ့အပြင် ဆွေးနွေးပွဲတွေ၊ ဟောပြောပို့ချမှုတွေ၊ အခမဲ့သင်တန်းတွေ၊ Virtual Reality (VR) Game အစီအစဉ်တွေ ပါဝင်ပါတယ်။ ပွဲတော် နောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်လ ၁၈ ရက်မှာတော့ Entrepreneurs Networking Party ကျင်းပသွားမှာ ဖြစ်ပါတယ်။