တချို့အလုပ်တွေမှာ Certificate ကို ပိုပြီး ဦးစားပေးကြတယ်။ လတ်တလောမြန်မာနိုင်ငံမှာလည်း Certificate ရဖို့ တအားကြိုးစားကြတယ်။ အဲဒီအပေါ်အမြင်ကို သိချင်ပါတယ်။
Certificates ကို ဦးစားပေးတယ်လို့တော့ မဖြစ်သင့်ဘူးပေါ့။ ဒါပေမဲ့ အလုပ်ခန့်အပ်မယ့်သူ အလုပ်ရှင်တွေအနေနဲ့ အလုပ်ခန့်တဲ့အခါမှာ လူတစ်ယောက်ရဲ့အရည်အချင်းကို သိရှိဖို့၊ တိုင်းတာဖို့ နည်းလမ်းဟာ
၁။ လူတွေ့စစ်ဆေးခြင်း (Interview)
၂။ အရည်အချင်း၊ အောင်မြင်မှုတွေကို သက်သေပြနိုင်တဲ့ Certicate အောင်လက်မှတ်တွေကို တောင်းခံပြီး လိုအပ်ချက်အဖြစ် သတ်မှတ်ကြည့်ရှုရတယ်။
၃။ သူ့ရဲ့အလုပ်အတွေ့အကြုံ၊ သူ့ရဲ့စွမ်းဆောင်မှုတွေကို ကြည့်ပြီး အလုပ်ပေးဖို့၊ ခန့်အပ်ဖို့ဆိုတဲ့ နည်းလမ်းတွေနဲ့ပဲ ကိုယ့်အလုပ်ထဲကို ကိုယ်မသိတဲ့လူတွေကို သုံးသပ်အလုပ်ခန့်အပ်ကြရတယ်။
တကယ်တော့ လူတွေ့စစ်ဆေး (Interview) တစ်ခုလုပ်၊ စာမေးပွဲဖြေခိုင်းရုံနဲ့ လူတစ်ယောက်ဟာ တကယ့်လုပ်ငန်းခွင်မှာ အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်မယ်လို့ အပြည့်အဝသုံးသပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါ ကြောင့်လည်း အစမ်းခန့်ကာလတွေ သတ်မှတ်ပြီး သုံးသပ်ရတယ်။ တစ်ခါတလေ အဲဒီကာလနဲ့ သုံးသပ်တာတောင် အမှားတွေရှိတယ်။
အရည်အချင်းပြည့်ဝကြောင်း၊ ကျွမ်းကျင်မှုပြည့်ဝကြောင်း၊ စာမေးပွဲတွေ အောင်မြင်ပြီးကြောင်း လက်မှတ် တွေကို မသိတဲ့လူတစ်ယောက်ကို ခန့်အပ်မယ်ဆိုရင် ဒီလူဟာ ကိုယ်လိုအပ်တဲ့အရည်အချင်း ရှိရဲ့လားဆိုတာကို Certicate တွေက ပြတဲ့သက်သေအနေနဲ့ အားကိုးပြီး သုံးသပ်ကြရတယ်။ ဒါကြောင့် အလုပ်ခန့်အပ်မယ့်သူရော၊ အလုပ်လျှောက်တဲ့သူတွေအနေနဲ့ပါ Certificate တွေကို အဓိကထားပြီး ရရှိနိုင်အောင် တောင်းခံကြတယ်။ Certificate တွေကို ရရှိအောင်လုပ်၊ ကြိုးစားကြရတယ်။ အဲဒီတော့ Certificate ကိုဦးစားပေးသလိုဖြစ်နေတယ်။
အတွေ့အကြုံရှိကြောင်း၊ သိရှိပြီးတဲ့လူတွေ၊ လက်တွေ့လုပ်ငန်းခွင်မှာ အောင်မြင်နေတဲ့သူတွေဆိုရင်တော့ Certificate က ဒါလောက်အရေးကြီးတယ်လို့ မဆိုပေမဲ့ တချို့သောအလုပ်တွေမှာ Technically ဘယ်လောက်ကျွမ်းကျင်တယ်ဆိုဦးတော့ Certificate မရှိရင်လုပ်လို့မရဘူးဆိုတဲ့ အလုပ်ခွင်တွေလည်း အများကြီး ရှိနေတယ်။
ဒါကြောင့် Certificate ဟာ အရေးကြီးတယ်၊ အဓိကလည်းကျတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဒါပေမဲ့ အလုပ်ခွင်မှာ အလုပ်ခန့်တဲ့သူဘက်ကပဲ ကြည့်ကြည့်၊ အလုပ်လုပ်မယ့်သူဘက်ကပဲ ကြည့်ကြည့် Certificate ရှိပြီး အလုပ်ခွင်ထဲမှာ အဲဒီ Certificate တွေမှာ ဖော်ပြထားတဲ့အရည်အချင်းတွေကို လက်တွေ့အသုံးမချနိုင်၊ မလုပ်နိုင်ဘူးဆိုရင်တော့ အဲဒီလိုမျိုးလူကို အလုပ်ရှင်ကလည်း လိုချင်မှာမဟုတ်ဘူး။ အလုပ်မလုပ်တတ်ဘဲစာတွေ့နဲ့ Certificate ရလာတဲ့ လူအနေနဲ့လည်း အလုပ်ခွင်မှာ ဒုက္ခရောက်မှာ အမှန်ပါပဲ။ ဒါကြောင့် Certificate တွေဟာ အရေးကြီးပေမယ့် ဦးစားပေးတယ်လို့တော့ မဖြစ်သင့်ပါဘူး။ Certificate ရှိမှ လုပ်လို့ရမယ့် အလုပ်မျိုးမှာ တာဝန်ပေးမယ်ဆိုရင်တော့ Certificate ကို ဦးစားပေးရတော့မှာပေါ့။ ဥပမာ- Oil & Gas Industry မှာ လုပ်မယ့်သူတွေ၊ သူတို့ကို Supplier လုပ်မယ့်သူတွေ၊ သူတို့ရဲ့ Service Provider တွေကို သူတို့ကျွမ်းကျင်မှုရှိတယ်ဆိုတာကို Certificate မပါရင် လုပ်ခွင့်မရှိတာမျိုးတွေဖြစ်တော့ ဒီနေရာတွေမှာ Certificate ရှိရေးအတွက် အင်မတန်အရေးကြီးနေတာပေါ့။
သာမန်လုပ်ငန်းတွေမှာတော့ အလုပ်ရှင်အတွက်ရော၊ အလုပ်သမားတွေရော အဓိကဦးစားပေးရမှာက ကိုယ်ခန့်အပ်တဲ့သူဟာ သူ့အလုပ်ကို သူကောင်းကောင်းလုပ်ကိုင်တတ်ပြီး၊ ဝန်ထမ်း၊ အလုပ်သမားဖြစ်သူဟာ လည်း မိမိအလုပ်ကိုမိမိ ကျွမ်းကျွမ်းကျင်ကျင် လုပ်ဆောင်နိုင်မှ မိမိအလုပ်အောင်မြင်ပြီး Performance လည်းကောင်း၊ Job Satisfaction လည်း ရမှာဖြစ်တယ်။
ဒါကြောင့် Certificate တွေကို ဦးစားပေးရတဲ့ နေရာတွေရှိသလို၊ Certificate ထက် လုပ်ရည်ကိုင်ရည် အလုပ်ပေါ်မှာထားတဲ့စေတနာ၊ ကြိုးစားအားထုတ်မှုတွေကို ဦးစားပေးတာ ပိုသင့်တော်တယ်လို့ မြင်ပါတယ်။
ဦးကျော်တင် (SGS Myanmar Ltd)