၀န်ထမ်းတစ်ယောက်အနေနဲ့ အနာဂတ်မှာစီမံခန့်ခွဲသူမန်နေဂျာကောင်းတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုစိတ်နေစိတ်ထား အရည်အချင်းလိုအပ်သလဲ

ဒေါက်တာ ဒေါ်ရီရီမြင့် (ပါမောက္ခ – ငြိမ်း – ရန်ကုန်စီးပွားရေးတက္ကသိုလ်)

စီးပွားရေးအဖွဲ့အစည်းတစ်ခုဟာ ကုမ္ပဏီတစ်ခုအဖြစ် အောင်မြင်တိုးတက်ဖို့ အရောင်းအဝယ်၊ ငွေရေးကြေးရေးတို့ကိုစီမံမှုအပြင် ဝန်ထမ်းတွေရဲ့အခြေခံအရည်အချင်းနဲ့ ရှေ့ရေးကိုစီမံခန့်ခွဲနိုင်မှု၊ အခက်အခဲကို ကြိုတင်ဖြေရှင်းနိုင်တဲ့ အရည်အချင်း၊ အတွေးအခေါ်တွေပါလိုပါတယ်။

အဲဒီလိုအရည်အချင်းတွေ ရှိလာဖို့လည်း ဝန်ထမ်းတွေမှာဆီလျော်တဲ့ အခွင့်အရေး၊ ခံစားခွင့်၊ သူ့ရာထူးအလိုက် လုပ်ပိုင်ခွင့်စတာတွေရဖို့လိုပါတယ်။ ဒါဟာ အရေးကြီးပါတယ်။ အရည်အချင်းပြည့်ဝတဲ့ဝန်ထမ်းတွေရဖို့ဆိုရာမှာ ဝန်ထမ်းတွေဟာမိမိရဲ့လုပ်ပိုင်ခွင့်နဲ့လုပ်ကိုင်မှုစွမ်းရည်ကို လိုလားအားထားပြီး တာဝန်ယူနိုင်မှု၊ အားထားခံရမှု၊ တာဝန်ပေးမှုကို မျှော်လင့်ကြပါတယ်။

ဝန်ထမ်းခန့်အပ်ဖို့ အစီအစဉ်ရှိပြီဆိုကတည်းက ပထမဦးစွာ Selection Interview မှာ အကဲခတ်နိုင်ပါတယ်။ မေးခွန်းတွေကို ဖြေတဲ့ပုံစံ၊ နားလည်-မလည်ပြန်မေးမှုတွေကို အကဲဖြတ် နိုင်ဖို့ အရေးကြီးပါတယ်။