မြန်မာ့ပုဂ္ဂလိကကဏ္ဍတိုးတက်ဖို့ ကောင်းမွန်သော Corporate Governance ကိုဖော်ဆောင်

CorporateGov1

ကမ္ဘာ့ဘဏ်အုပ်စုရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ IFC နဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်နှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ဟာ မြန်မာကုမ္ပဏီတွေရဲ့ ယှဉ်ပြိုင်နိုင်မှု အရည်အချင်းကို တိုးမြှင့်နိုင်ဖို့ ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၃ ရက်က ရန်ကုန်မြို့ရှိ Shangri-La ဟိုတယ်မှာ ကျင်းပတဲ့ Strengthening Myanmar’s Private Sector Through Good Corporate Governance ပွဲမှာ သဘောတူမှတ်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီပွဲဟာ IFC နဲ့ UMFCCI တို့ ကြီးမှူးပြီး ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ ကော်ပိုရိတ်စီမံခန့်ခွဲမှုဖိုရမ် ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ ပွဲမှာ IFC East Asia and the Pacific ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Vivek Pathak နဲ့ UMFCCI ရဲ့ ဥက္ကဌ ဦးဝင်းအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရကိုယ်စားလှယ်တွေ၊ စီးပွားရေးလုပ်ငန်းကုမ္ပဏီအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄၀၀ ခန့် တက်ရောက်လာခဲ့ကြပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ကော်ပိုရိတ် စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့ ကြပါတယ်။

မြန်မာပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ ကောင်းမွန်သော ကော်ပိုရိတ်စီမံခန့်ခွဲမှုကို ဆောင်ရွက်နိုင်ဖို့အတွက် IFC ဟာ မြန်မာပုဂ္ဂလိကကဏ္ဍရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံတော်အဆင့် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ UMFCCI အတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ ကော်ပိုရိတ်စီမံခန့်ခွဲမှု သင်တန်းတွေ၊ ဟောပြောပွဲတွေကို ပြုလုပ်ပေးသွားမှာဖြစ်သလို MBA ကျောင်းသား၊ သူတွေကို ကော်ပိုရိတ်စီမံခန့်ခွဲမှု သင်ကြားပေးနိုင်ဖို့ကိုလည်း တက္ကသိုလ်ဆရာ၊ ဆရာမတွေကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။