ကောင်းလိုက်တဲ့ ဝန်ဆောင်မှု

အစိုးရဝန်ထမ်းတွေထဲကမှ အထူးသဖြင့် မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုက သြချရပါမယ်။ နှစ်တွေဘယ်လိုပြောင်းပြောင်း ဘယ်တော့မှမပြောင်းတော့ဘူးထင်ပါရဲ့။ ပုဂ္ဂလိကဘဏ်ဝန်ထမ်းလေးတွေနဲ့ ဘယ်လောက်တောင်ကွာနေပြီဆိုတာ သိတတ်ရင် ရှက်ဖို့ကောင်းတယ်။ ကြုံရပုံက ဒီလို ပုဇွန်တောင်ဈေးအပေါ်ထပ်က ပုဇွန်တောင်ဘဏ်ရွှေ့သွားတော့ ကိုယ့် ACCOUNT က အလိုလို အဲဒီဘဏ်ကို ရောက်သွားရော။ မနှစ်က ၂၀၁၃ ဧပြီလကုန်လို့ အတိုးသွားထည့်တာ ၉ နာရီခွဲလောက်ရောက်တယ်။ ဝန်ထမ်းတွေ မရောက်သေးလို့ စောင့်တယ်။ ၁၀ နာရီကျော်ကျော်မှာ ခြင်းလေးတွေ ကိုယ်စီဆွဲပြီး တဖွဲဖွဲမှ တော်တော်ကျဲတဲ့ တဖွဲဖွဲနှုန်းနဲ့ ရောက်လာကြတယ်။ လူစုံတော့ ခြင်းလေးတွေထဲက ထမင်းချိုင့်တွေထုတ်တယ်။ သရက်သီးမှည့်ပေါ်ချိန်ဆိုတော့ တစ်ယောက်က သရက်သီးမှည့်ခွဲနေတာ အားလုံးက စိတ်ရှည်လက်ရှည်စောင့်တယ်။ customer ကို အရမ်းအားနာသွားတဲ့တစ်ယောက်က ထလာပြီး ကိုယ့်စာအုပ်လေးကို ညာဘက်လက်နဲ့ ဖွဖွကိုင်တယ်။ ဘာလို့လဲဆိုတော့ သူ့ဘယ်ဘက်လက်မှာ ကြက်ကြော်တစ်တုံးကို စားရင်းပြုတ်ကျမှာစိုးတော့ တင်းတင်းဆုပ်ကိုင်ထားလို့ပဲလို့ နားလည်ပေးလိုက်ပါတယ်။ ကိုယ့်စာအုပ်ပေါ် မတော်တဆ ဆီစက်ကျလည်း သူတို့ဘဏ်စာရင်းသွင်းတဲ့ ဘောလ်ပင်လက်ရေးတွေက မင်ပြန့်နေပြီးသားမို့ စိုးရိမ်စိတ်ကို လျှော့ချလို့ရသွားတယ်။ အတိုးထည့်ပြီးတော့ ဘာပြောတယ်မှတ်လဲ။ ကျမအတိုးတွေအများကြီးထည့်ပေးထားတယ်နော်တဲ့ ။ အန်တီ့ပိုက်ဆံအရင်းကြောင့် ရတဲ့အတိုးလေလို့ ပြန်ပြောလိုက်တယ်။ ကိုယ်ထည့်တဲ့ငွေနဲ့ ကိုယ်အတိုးရတာ သူ့ကျေးဇူးတင်ရမှာလား၊ စားလက်စကိုဖြတ်ပြီး လာလုပ်ပေးတာ ကျေးဇူးတင်ရမှာလား သူတို့ကို စောင့်ရတဲ့အချိန်အတွက် အားနာတတ်ရင် သိတတ်ရင် . . . . လက်ဖက်ရည်ဖိုး သူက ပြောင်တောင်းတယ် ကျမလည်း ပြောင်ပဲ မပေးခဲ့ဖူး ဒီနှစ်လည်းဒီအချိုးပဲလား ရက်ပိုင်းအတွင်းတွေ့ရဦးမယ်။ သူတို့မပြောင်းရင် ကျမပြောင်းသင့်ပြီ ကိုယ့်ငွေနဲ့ကိုယ် များလိုက်တဲ့အကုသိုလ်