''အန်ကယ်ကြီး ကိုလူသစ်ကို သတိထားပေါင်းနော်။''
ကိုးကျင်းအပြီး ခဏနားရင်းစားသောက်ကြချိန်မှာ ဘာမှအဆက်အစပ်မရှိပဲ တစ်ယောက်က စကားစလာတယ်။
''ဟေ ဘာဖြစ်လို့လဲကွ။''
သောက်မလို့ဟန်ပြင်နေတဲ့ ရေနွေးကြမ်းခွက်ကို ပြန်ချရင်း အန်ကယ်ကြီးပြန်မေးလိုက်တယ်။
''ဒီလူက စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေတွေထက် ကြောက်စရာကောင်းတယ်။''
''ဟေ ဟုတ်လား။ ပြောပါဦး။''
စုန်း၊ ကဝေ၊ သရဲ၊ တစ္ဆေဆိုတဲ့ စကားကြားတော့ ဦးမဲမဲခေါင်းထောင်လာတယ်။ သူက တာတေရဲ့ စာအုပ်တွေဆို မလွတ်တမ်းဖတ်သူလေ။
''ကိုလူသစ် ပြောလိုက်ရမလား''
''ပြောပေါ့ကွာ။ ဘာဖြစ်တာမှတ်လို့''
ကိုလူသစ်က ပြုံးပြုံးလေးဖြေတယ်။
''ဒီလို အန်ကယ်ကြီးရဲ့။ ရွာသားကို မှတ်မိတယ် မဟုတ်လား။''
''မှတ်မိတယ်။ မတွေ့တာတောင်ကြာပေါ့။''
ရွာသားဆိုတာက အန်ကယ်ကြီးတို့အဖွဲ့က လူ တွေ နောက်ပြောင်ခေါ်ရင်းတွင်သွားခဲ့တဲ့နာမည်။ သူက မြို့လေးတစ်မြို့ကလာပြီး ရန်ကုန်မှာ ကြီးပွားနေသူ။
''တစ်နှစ်လောက်တောင်ရှိပြီထင်ရဲ့။ ကိုလူသစ်တို့ ပြားခြောက်ဆယ်ဂေါက်သီးရိုက်အသင်း ဂေါက်ပြိုင်ပွဲ လုပ်တယ်။''
ပြားခြောက်ဆယ်ဂေါက်သီးရိုက်အသင်းဆိုတာ ကိုလူသစ်တို့ ကိုယ့်ဘာသာနီးစပ်ရာ စိတ်တူရာလူတွေစုပြီး ဖွဲ့ထားတဲ့အဖွဲ့လေးပေါ့။ ဂေါက်သီးကစားသူတွေ ဒီလိုအသင်းလေးတွေ ဖွဲ့တတ်ကြတယ်။ အခါအားလျော်စွာစုပြီး ပြိုင်ပွဲတွေလုပ်ကြ၊ ပျော်ကြပါးကြတယ်။ တချို့ ကျတော့လည်း မြို့၊ ဒေသ၊ ကျောင်း စတာတွေကို အစွဲပြုပြီး ဖွဲ့ကြတယ်။
''အဲဒီပွဲမှာ ကိုလူသစ်က ရွာသားကိုစပြီး ချောက်ချခဲ့တာ။''
''ဟေ''
''အဝေးဆုံး ရိုက်ချက်တိုင်းတဲ့ကျင်းမှာတိုင်းတဲ့ အဖွဲ့တွေကို လာဘ်ထိုးမုန့်ဖိုးပေးပြီး ရွာသားဒရိုက် Drive ကို ကိုက်တွေ ပိုတိုင်းပေးခဲ့တယ်။''
''ဒီလိုလုပ်လို့ရလား။''
''သြော်အဖွဲ့ကလေး အပျော်ရိုက်တဲ့ ပွဲပါဆိုနေ။ နောက်ပြီးတိုင်းတဲ့ အဖွဲ့ကလည်း ကြိုပြီးဇာတ်တိုက်ထားသူတွေလေ။ ပြီးတော့ ရွာသားတို့အုပ်စုက နောက်ဆုံး အုပ်စု။ သူတို့ထက်သာအောင် ကောင်းအောင်ကြိုးစားဖို့ နောက်မှာ ဘယ်သူမှမရှိတော့ဘူး။ အရင်အဖွဲ့တွေထဲက အဝေးဆုံးရိုက်ခဲ့သူထက်ပိုဝေးအောင် ဘောလုံးကို ရှေ့ရွှေ့ပြီး ညာတိုင်းတာပေါ့။''
''အလံမှာ ရေးတာမှတ်တာကကောကွာ''
''ဒါလည်း အတူတူပေါ့ဗျာ။ လိမ်ပါတယ်ဆိုနေမှ ပိပိရိရိလိမ်တာပေါ့။ တိုင်းလိုက်တော့ အရင်အဝေးဆုံး ရိုက်ထားသူထက်ကို ရွာသားက ကိုက်၂၀ လောက် ပိုဝေးနေသဗျ။ ရွာသားကလည်း အံ့သြနေတာပေါ့။ ခါတိုင်း ဒီလောက်မပြေးပါဘူးပေါ့။ ဒီလိုနဲ့ ရွာသားတစ်ယောက် အဝေးဆုံးရိုက်ချက် (Longest Drive)) ဆုရပါလေရော။''
''ဟီး ဟီး အဲဒီမှာ ဇာတ်လမ်းက စတာပဲ။''
ကိုလူသစ်က ဝင်ထောက်တယ်။
''ပြိုင်ပွဲက မနက်လုပ်၊ နေ့လည်ဆုပေးတာ။ ဆုဆိုတာကလည်း ဆုဖလား လှလှလေးတွေပေါ့။ ဂေါက်သီး သမားတွေက ဆုဖလားလေးတွေအလှပြကြ၊ ကြွားကြ တာကိုး။ ညကျတော့ အောင်ပွဲခံညစာစားပွဲပေါ့။ ဒကာက ဘယ်သူဖြစ်ရမှာတုန်း ရွာသားပေါ့ဗျာ။''
''အင်း ခမျာရှာ အတော်ကုန်သွားမှာ။ ကိုလူသစ် တို့လက်ကလည်း ပြင်းပါဘိသနဲ့။''
''ညစာစားပွဲမှာ ရွာသားကို ဝိုင်းပြီးမြှောက်ကြ တာပေါ့။ တကယ်တော်တဲ့လူ၊ ရိုက်ချက်တွေကလည်း သိပ်ကောင်းတာ။ ဒရိုက်ကလည်း တအားပြေးတာ ဘာညာပေါ့။ နောက်ပိုင်းဂေါက်သီးရိုက်တော့ ရွာသားကို ခင်ဗျားက ပူပူနွေးနွေးဆုရထားတာ။ အချက်တော့ ပေးဆုပြီး အချက်တွေ ဝိုင်းတောင်းကြတာ။ ရွာသားကလည်း ရပါတယ် ဟဲဟဲ ဟဲဟဲနဲ့ ပေးတယ်လေ။''
''ဖြစ်ရမယ်။ သေပြီပေါ့။''
''ရှုံးတာပေါ့။ တော်တော်ကြီး ရှုံးတာ။ ဒါကို ကိုလူသစ်က ခင်ဗျားဗျာ ပြိုင်ပွဲနေ့ကလိုမျိုး မဟုတ်ပါ လား။ လက်ပျက်နေတယ်။ အိပ်ရေးပျက်လို့လား ဘာညာ မေးတော့ ဟိုကလည်း ဟုတ်တယ်ဗျာ၊ လမ်းထိပ်ဓမ္မာရုံက လော်စပီကာသံက တော်တော်ဒုက္ခပေးသဗျပေါ့။''
ကိုလူသစ်က ရီနေတယ်။
နောက်ရက်တွေမှာလည်း အချက်ထပ်ပေး ထပ်ရှုံးပေါ့။ ရှုံးတာ သုံးလေးခါလောက်ရှိရင် အားလုံးကညာပြီး အရှုံးခံရိုက်တယ်။ တွေ့လားတကယ်ရိုက်ရင် တကယ်ကောင်းတဲ့ လူပါဗျာ၊ တစ်ဖွဲ့လုံးကို ဆော်သွားတာဘာညာ ဆိုရင် ရွာသားပါးစပ်က နားရွက်ချိတ်နေရော။ နောက်ရက်တွေ ကျရှုံးပြန်ရော။ ဒါရိုက်တာက ကိုလူသစ်လေ။ ရွာသားခမျာ အခုထိမသိရှာဘူး။
အေး အေး။ လူဆိုတာ ကိုယ့်အရည်အချင်း၊ အခြေအနေမှန်ကို သိရတယ်။ နို့မဟုတ်ရင် ဒုက္ခရောက်ကရော။ ကဲကဲ ဆက်ရိုက်ကြရအောင်။
ရွသားလိုလူတွေ ဘယ်လောက်များရှိပါလိမ့် စဉ်းစားရင်း ကွင်းထဲဆင်းခဲ့ကြတယ်။
မောင်စံပေါ (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထုတ် CEO မဂ္ဂဇင်း)