Janice "Lokelani" ဆိုတဲ့ ဟာဝိုင်ယီက အသက် ၅၄ နှစ်အရွယ် အမျိုးသမီးတစ်ယောက်ရဲ့ နာမည် ဒုတိယစာလုံး (Last name/Surname) မှာ အက္ခရာ ၃၅ လုံးနဲ့ Okina ဆိုတဲ့ ဟာဝိုင်ယီ အက္ခရာ အမှတ်အသားတစ်ခု ပါဝင်ပါတယ်။ သူဟာ ၁၉၉၂ မှာ ဟာဝိုင်ယီပြည်နယ်သား ခင်ပွန်းသည်နဲ့ လက်ထပ်ပြီး အဲဒီအမည်ကို ရခဲ့ပါတယ်။ ခင်ပွန်းသည်ဟာ သူ့အဖိုးက အိပ်မက်ရလို့ပေးခဲ့တယ်ဆိုတဲ့ အဲဒီအမည်တစ်ခုတည်းကို သုံးပါတယ်။ အဲဒီအမျိုးသမီးရဲ့ နာမည်က Keihanaikukauakahihuliheekahaunaele ဖြစ်ပြီး သူ့နာမည် အပြည့်အစုံဟာ ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ မှတ်ပုံတင် ကဒ်မှာ အက္ခရာ ဖော်ပြနိုင်တဲ့ အရေအတွက်ထက် များနေခဲ့ပါတယ်။ အဲဒီအရေအတွက်ကို အပြောင်းအလဲ လုပ်ပေးရမယ်လို့ လှုံ့ဆော်ခဲ့ပြီးတဲ့နောက် အခုတော့ သူ့ရဲ့ မှတ်ပုံတင်နဲ့ ကားလိုင်စင်ကို ရရှိသွားပါပြီ။ နာမည် အရှည်ကြီးတွေအတွက် လုံလောက်တဲ့ နေရာမရှိတဲ့ မှတ်ပုံတင်ကဒ်တွေကို ကူညီပြင်ဆင်နိုင်ခဲ့တဲ့အတွက် ကျေနပ်ကြောင်း၊ နာမည်ရှည်လွန်းတယ်ဆိုပြီး ဟာဝိုင်ယီပြည်နယ်မှာ ဒုတိယ နိုင်ငံသားဖြစ်စရာ မလိုတော့တဲ့အကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ Keihanaikukauakahihuliheekahaunaele က ပြောလိုက်ပါတယ်။ ဟာဝိုင်ယီ ကားမောင်းလိုင်စင်တွေနဲ့ မှတ်ပုံတင်တွေမှာ ယခင်က အက္ခရာ ၃၅ လုံးအထိ ဆန့်ပြီး ယခု မူဝါဒအသစ်အရ နောက်ဆုံးအမည်အတွက် စာလုံး ၄၀၊ ပထမအမည်အတွက် စာလုံး ၄၀ နဲ့ အလယ်အမည်အတွက် စာလုံး ၃၅ လုံး နေရာပေးထားလိုက်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်လောက်က ယာဉ်ထိန်းရဲတစ်ယောက်က မီးပွိုင့်မှာ သူ့လိုင်စင်ကိုစစ်ဆေးရင်း အခြေအတင် ဖြေရှင်းခဲ့ရပြီးတဲ့နောက် ဒီအမည်ကိစ္စကို သူက သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။ နိုဝင်ဘာလမှာတော့ ပို့ဆောင်ရေးဌာနက စာလုံးကန့်သတ်ချက်ကို တိုးလိုက်ကြောင်းကြေညာခဲ့တာ ဖြစ်ပါတယ်။ သူဟာ လူမှု လုံခြုံရေး (Social Security) အုပ်ချုပ်မှုအဖွဲ့ကိုလည်း အသိအမှတ်ပြုကဒ်မှာ အက္ခရာအရေအတွက် ပိုမိုခွင့်ပြုဖို့ မျှော်လင့်နေပါတယ်။ Ref: AP