၂၀၁၆ ခုနှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ပစ္စည်းများ ထုတ်ယူနိုင်ပြီ

မာရသွန် ပြိုင်ပွဲဝင်များအနေနဲ့ ပြိုင်ပွဲဝင်ပစ္စည်း (Race Pack) များအား သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် ဇန်နဝါရီလ (၁၄) ရက်မှ (၁၆) ရက်အတွင်း ထုတ်ယူနိုင်ပြီ။

၂၀၁၆ ခုနှစ် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2016) ၏ ပြိုင်ပွဲဝင်များအနေဖြင့် ၎င်းတို့၏ ပြိုင်ပွဲဝင်ပစ္စည်းများ (Race Pack) ကို ၂၀၁၆ခုနှစ် ဇန်နဝါရီလ ၁၄၊ ၁၅၊ ၁၆ ရက် (ကြာသပတေးနေ့မှ စနေနေ့) တို့တွင် သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းတွင် မနက် ၁၀ နာရီ မှ ညနေ ၅ နာရီ အတွင်း လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ပစ္စည်းထုတ် (Race Pack) တွင် ပြိုင်ပွဲဝင်တီရှပ်၊ ပြိုင်ပွဲဝင် အမှတ်စဉ်၊ ပြိုင်ပွဲလမ်းညွှန် နှင့် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ စပွန်ဆာတွေရဲ့ အမှတ်တရ လက်ဆောင်တွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ပြိုင်ပွဲဝင်တွေအနေနဲ့ ပြိုင်ပွဲဝင်ပစ္စည်းတွေကို မဖြစ်မနေ ထုတ်ယူဖို့လိုအပ်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ မထုတ်ယူနိုင်ပါက ကိုယ်စားလှယ်ဖြင့် ထုတ်ယူနိုင်ပါတယ်။ ပြိုင်ပွဲဝင်ပစ္စည်းများ ထုတ်ယူရာတွင် လိုအပ်သော အရာများမှာ -

၁။       ကိုယ်တိုင်မထုတ်ယူနိုင်သောသူူများအနေဖြင့် ကိုယ်စားလှယ်ဖြင့်ထုတ်ယူကြောင်း အထောက်အထား

၂။       ပြိုင်ပွဲဝင်၏ ပြိုင်ပွဲယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် ဖြတ်ပိုင်းမိတ္တူ

၃။       ပြိုင်ပွဲဝင်၏ မှတ်ပုံတင်မိတ္တူ

၄။   ၂၀၁၆ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် ၁၈ နှစ်အောက် ပြိုင်ပွဲဝင်သူများအနေဖြင့် မိဘ သို့မဟုတ် အုပ်ထိန်းသူက အာမခံချက်စာရွက်တွင် ပြိုင်ပွဲဝင်ပစ္စည်းများ ထုတ်ယူချိန်တွင် လက်မှတ်ထိုးရန် လိုအပ်တယ်လို့ သိရှိရပါတယ်။